Latest News

Wednesday, April 24, 2019

နိုင်ငံရေးအကျဉ်းသားဟောင်းရဲဘော်ကျော်မြကွယ်လွန်

နိုင်ငံရေးအကျဉ်းသားဟောင်းရဲဘော်ကျော်မြကွယ်လွန်


ဦးကျော်မြ (ဦးဝေလင်း) ကို အခုခေတ် ကွန်မြူနစ် လေ့လာ လိုလား သူတွေ အတုယူသင့်တယ်။ သူ့နေရာ သူ့တာဝန် သူ့သမိုင်း က အကြီးကြီး ၊ သို့ပေမယ့် တည်ငြိမ် သိုဝှက် အေးဆေးလွန်းတယ်။ ခုခေတ် စာအုပ်လေးဖတ် ၊ ပါတီ တာဝန်လဲ မရှိ ၊ ငါဘယ်လို နီတာ ရဲတာ သိတာ လုပ်နေတဲ့ သူတွေ သူ့ကိုကြည့်ပြီး 
ရှက်သင့်တယ်။

ဦးကျော်မြ (၄၈၂၈ , A3) ကို ကိုဝေလင်းလို့ အသိများတယ် ၊ သူ့ကို လူခြင်း မသိဘူးခင် က ထောက်လှမ်းရေးက မန္တလေး မြောက်ပြင် ငါးကန်တွေ ဘက်က အကြောင်း စစ်ကြောရေးမှာ မထင်မှတ်တဲ့ မေးခွန်းမေးတယ် ၊ ကိုယ်က ကြောင်သွားတယ် ၊ အမှန်က ကျွန်တော်တို့ ကျောင်းသားငယ်တွေ ကို UG ဆဲလ်တွေလား ခြေရာခံဖို့ မေးတာ ၊ အဲ့တုန်းကမှ ကိုကျော်မြ (ခ) ကိုဝေလင်း ကို ကြားဘူးတာ လူကို မမြင်ဘူးသေးဘူး။

ထောင်ထဲနေရတဲ့ အချိန် ဒေါက်တာဇော်မင်း (အင်းစိန်) ပြောပြတာတို့ ၊ ဦးသိန်းသန်းဦး (မောင်ကမ္ဘာ) ပြောပြတာတို့ နားထောင်ပြီးမှ သူဟာ ကွန်မြူနစ်ပါတီ (ဗမာပြည်) ရဲ့ အရေးပါသူတယောက်မှန်း သိရတာ။ သူတို့ ကွန်မြူနစ်ပါတီ ဝင်တွေရဲ့ သိုသိပ်မှု စနစ်ကျမှု တွေဟာ ဒီဘက်ခေတ် စာတွေ စကားတွေ ဟောင်ဖွာ လုပ်လွန်းသူတွေနဲ့ ယှဉ်လိုက်ရင် ဆီနဲ့ရေ လို ကွာတယ်။ (ဒါကြောင့် ထင်တယ် အခုခေတ် ဖေ့ဘုတ်ပေါ် ဟောင်ဖွာရဲပြ ရင် ကျွန်တော် အမြင်ကပ်မိတာနေမယ်)

မနှစ်က အမေရိကားက ကိုဇာနည် ရောက်ခိုက် မန္တလေး ဂဠုန်နီ ဆရာတော် ဦးကာဝိယ ရဲ့ ရွှေငါးကျောင်းတိုက်မှာ တွေ့ဆုံပွဲ လုပ်တော့ ကျွန်တော်နေတဲ့ ပြင်ဦးလွင်က နေဆင်းလာခဲ့တယ်။ ဆင်းလာရကျိုး နပ်တယ် ကိုဇာနည် ကိုတွေ့ဖို့လာရာကနေ ဦးကျော်မြ ကို ပြန်ဆုံရလို့ ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်က ကျောင်းသားလေးကို သူမှတ်မိနေတာ ကျွန်တော့်အတွက် ဝမ်းသာနေတာ အမှန်ပဲ။ ကိုဇာနည် ရဲ့ စီစဉ်မှု ပွဲကို လက်ကိုင်ဒုတ်အားပြု လျှောက်နေရတဲ့ ဦးကျော်မြ ဟာ မကျန်းမာတဲ့ ကြားက အရောက်လာခဲ့ရှာတယ် ။ ကျွန်တော့်အဖို့ ဒါဟာ နောက်ဆုံး တွေ့ဆုံခြင်းပါပဲ ။

လင်မယားနှစ်ယောက်လုံး စစ်အုပ်စုရဲ့ ဖိနှိပ်မှုအောက်မှာ သံမဏိစိတ်ဓာတ်နဲ့ ရင်ဆိုင်ပြီး ထောင်တန်းတွေ နှစ်ရှည်ကျ စစ်ကြောရေး ဒါဏ်တွေ အလူးအလိမ့် ကြားက ရှင်သန်ခဲ့ကြသူတွေ ၊ ပေးဆပ်ခဲ့ရသလောက် ဘာမှ မမျှော်ကိုး ရိုးရှင်းစွာ ရှင်သန်ကြတဲ့ မိသားစု ၊ ယခုခေတ် ကွန်မြူနစ် အကြောင်းပြပြီး ထင်ပေါ်လိုသူတွေ အတုယူရလောက်အောင် သူ့ဂုဏ် သူ့အမည် သူ့တာဝန် သူ့ပါတီ ကို ကိုယ်ကျိုးအတွက် တစက်ကလေးမှ မသုံးစွဲခဲ့သူ...

ဒီနေ့ ၂၄.၄.၂၀၁၉ ညနေ မှာ ဦးကျော်မြ ဟာ ကင်ဆာ ဝေဒနာ ရဲ့ အောက်မှာ ကျဆုံး သွားခဲ့ရပါပြီ၊
အများ ပြောသလို အလေးနီ ပြုတယ် ဆိုတဲ့ စကား...
အထိုက်တန်ဆုံး လူသား တယောက်ပါပဲ...။

ဝမ်းနည်းစွာဖြင့်
ရဲရင့်ကျော်
.............................................................

ဦးကျော်မြ(ခ)ဦးလှသောင်း(ခ)ဦးဝေလင်း အဆုတ်ကင်ဆာ ဖြင့်ဆေးရုံတက် ရောဂါပြင်းထန်းသဖြင့် နောက်ဆုံး ထွက်သက်မရောက်ခင် သားဖြစ်သူ ဒေါက်တာမင်းလူသစ် နှင့်ချွေးမဖြစ်သူတို့၏ စစ်ဆေးကုသနေပုံကို အနီးကပ်သေချာမြင်ရတော့ ဖခင်ကြီးအပေါ်တည်ငြိမ်စွာ ဆရာဝန်တယောက်ရဲ့အရည်အချင်းကိုလဲ မြင်လိုက်ရတော့ ဝမ်းနည်းမှုထက် စိတ်ဝင်တစားကြည့်ရင်း ဝမ်းသာမှုတောင်ဖြစ်လာသလို ကျန်တဲ့မိသားစုဝင်တွေကလဲ ဗုဒ္ဓတရားတော်တွေရွတ်ဆိုဆုတောင်းလို့ ဦးဝေလင်းရဲ့နောက်ဆုံးခရီးကို ဟန်ချက်ညီညီဆောင်ရွက်နေသလို မိတ်ဆွေသင်္ဂဟတွေလာရောက်ခဲ့ချိန်မှာ လိုလေသေးမရှိ ပြုကြပြန်ပါသေးတယ် ။ နေ့ခင်း ၁၂ နာရီကျော်ထဲကရောက်နေခဲ့တာမို့ စိတ်ဝင်တစားကြည့်ဖြစ်တယ် နေ့အပူချိန်ကဲနေတာတောင် ခပ်မေ့မေ့ ဖြစ်နေတယ် ။
လူတယောက်မွေးလာ သေလာတာ အဆန်းတကျယ် ပြောစရာမရှိပေမဲ့ ဦးဝေလင်းတို့ ဒေါ်ခင်မာတို့ မိသားစုကတော့ ကျွမ်းဝင်မှု ရှိရင် ရှိသလောက် သိနိုင်ပါတယ် ။ ၂ယောက်လုံး ရောဂါဝေဒနာခံစားနေရလို့ အရွယ်အိုမင်းသယောင်ဖြစ်ပေမဲ့ လောကဓံကို ရင်ဆိုင်နိုင်ဆဲပါပဲမကြာသေးတဲ့နှစ်ကာလလောက်လေးထဲမှာမှ ပုဂ္ဂိုလ်ရေးနီးစပ်မှုရှိခဲ့ပေမင့် တွေ့ဆုံရတိုင်း စကားကောင်းကောင်းမပြောနိုင်တဲ့ကြားက စိတ်ထဲမှာအေးဆေးနေတာလဲ ကိုယ့်ကိုယ်ကို သတိထားဖြစ်တယ် ဒါသည်ပင် ဦးဝေလင်းရဲ့ အရည်အချင်းတခုလေလား ။ တကယ်ကို လူထုအတွက်တော်လှန်ခဲ့တဲ့ တော်လှန်ရေးသမားတယောက်ထားအပ် ထားခဲ့တဲ့ ပုံစံတခုဆိုရင်တော့ ကိုယ့်ကိုယ်ကို အားပေးရပါအုံးမည် ဖြည့်ကျင့်ရပါအုံးမည် ပြင်ဆင်ရပါအုံးမည် ။ လူထုတော်လှန်ရေးစတင်လှုပ်နှိုးပေခဲ့သလို မိသားစုရဲ့အသက်စည်းစိမ်ဥစ္စာတို့ဆုံးရှုးနစ်နာမှုကို မငဲ့ကွက် မကြောက်ရွံ့ နောက်မဆုတ်တမ်း တာဝန်ယူခဲ့တဲ့ ဦးဝေလင်း (ခ) ရဲဘော်ကျော်မြ နှင့် မိသားစုဝင်များကို လေးစာဂုဏ်ပြုပါသည် ။
 ရဲဘော်ကျော်မြ ( ခ )ဦးကျော်မြ(ခ)ဦးလှသောင်း(ခ)ကိုဝေလင်း နိုင်ငံရေးအကျဉ်းသားဟောင်း ကဗျာဆရာ စာရေးဆရာ ''လရောင်လင်း'' ၄၈၂၈ အလုပ်အဖွဲ့
ဗမာပြည် ကွန်မြူနစ်ပါတီ
၂၄ / ၄ /၂၀၁၉ ဗုဒ္ဓဟူးနေ့ ။ ညနေ ၅နာရီ ။၂၂ မိနစ် အသက်ခန္ဓာ စွန့်ခွါပါသည် ။
 ( ဓါတ်ပုံကို သားဖြစ်သူ ဒေါက်တာမင်းလူသစ်အကောင့် မှ ယူပါသည် )

နိုင်ကျဉ်းဟောင်းဦးကျော်မြကွယ်လွန်
၂၄ ဧပြီ ၂၀၁၉ ၊မန္တလေးမြို့။

နိုင်ငံရေးအကျဉ်းသားဟောင်း
ဦးကျော်မြ(ခ)ဦးလှသောင်း
(ခ)ကိုဝေလင်း
(ခ)ကဗျာဆရာစာရေးဆရာ
''လရောင်လင်း"(အသက် ၆၇)နှစ်ဟာ
၂၀၁၉ ဧပြီ ၂၄ ရက်နေ့
ညနေ ၅း၂၂ နာရီမှာ
ကွယ်လွန်ဆုံးပါးသွားကြောင်း
သိရတဲ့အတွက်
ကျန်ရစ်သူမိသားစုနဲ့အတူ
ထပ်တူထပ်မျှဝမ်းနည်းရပါတယ်။

ဦးကျော်မြရဲ့
ကြွင်းကျန်ရစ်တဲ့ရုပ်ကလပ်ကို
ဧပြီ ၂၆ ရက်(သောကြာနေ့)
မနက် ၁၀း၃၀ နာရီအချိန်မှာ
၃၆ ×၃၇ လမ်းကြား၊
၇၁ × ၇၂ လမ်းကြား "အောင်ချမ်းအေး"နေအိမ်ကနေတောင်အင်းမြောက်အင်းသုသာန်သို့
ပို့ဆောင်သင်္ဂြိုလ်မယ်လို့သိရပါတယ်။

ဦးကျော်မြတစ်ယောက်
ကောင်းရာသုဂတိလားရောက်ပါစေ !!

#နိုင်ငံရေးအကျဉ်းသားဟောင်းများ
ကျန်းမာရေးကူညီစောင့်ရှောက်မှု အစီအစဉ်

(သတင်းရင်းမြစ်နဲ့ဓာတ်ပုံ)
ဒေါက်တာမင်းလူသစ်၊
ဦးမှိုင်း(မောင်မှိုင်းလွင်- အင်းဝ)၊ကိုစံညိမ်းဦး




No comments:

Post a Comment