စင်စစ်မန္တလေးသင်္ကြန်ဟူသည်ကား ဂီတပွဲတော်ကြီး တစ်ရပ်ဖြစ်ခဲ့သည်။ မြန်မာ့ရိုးရာ မှန်စီရွှေချ၊ ပဉရူပပတ်မထမ်း ဆိုင်းဝိုင်းကြီးများဖြင့် မြန်မာ့ဂီတ၊ မြန်မာ့အကကို ပုံအောကွန့်မြူးသည့် ပွဲတော်ကြီးလည်းဖြစ်၏။ ထို့ပြင် တစ်ဝ အယုတ်အလတ်အမြတ်မရွေးကိုယ့်ရင်ထဲရှိသမျှ အနုပညာကို စိတ်ရော ကိုယ်ပါ ဖော်ထုတ်ပြ၊ ဖော်ထုတ်ခွင့်ရှိသည့် ပွဲတော်ကြီးလည်း ဖြစ်သည်။
"မိုး မိုး ...မိုး .... လား မောင်ရို့ ....၊
လေလေ .... လေ... လား .... မောင်ရို့....
ဘုန်းတော်ကြီးလို့ သက်တော်ရှည် ....
တို့တစ်တွေ . . . ရေချမ်းအိုးကြီး . . ." ဟူသော ရင်ထဲရှိသည့် စေတနာကို လှစ်ဟသည့်အသံမှ အစပြု၍ . . .
"ဥပုသ်သည်ကို ရေမပက်နဲ့ ၊ ငရဲကြီးလိမ့်မယ် . . .၊
ခွက်စုတ်ကြီးနဲ့ ပက်တာလောက်တော့ ရီတာပေါ့ ရီတာပေါ့ . . ." စသော နောက်ပြောင်ကျီစယ်သည့် အသံများလည်း ဟစ်လာကြသည်။ ထိုအသံများကား သုံးချက်စည်းအတွင်း၊ ကာရန်ကိုက်အသံများဖြစ်၏။ ရှေးကတည်းက ခေါ်ခဲ့တာ ... သံချပ်တဲ့...။
မြို့မ သံချပ်
၁၉၄၇ ခုနှစ် သင်္ကြန်မှာပင် မြို့မကဲ့သို့သော ဂီတဦးစားပေးအသင်းကြီးမှ ပင် သံချပ်များထိုးခဲ့သည်။ ဆိုသူ၊ တီးသူ၊ ကခုန်သူများအကြား ပျော်ရွှင်ဖွယ် ပေါင်းကူးလည်းဖြစ်ခဲ့၏။
- ငွေငန်းဖြူနဲ့ ရွှေမန်းသူ၊ သပြေပန်းယူကာ သွားစို့ဘုရား၊
- ငွေငန်းစီးလို့ ရေဖျန်းခံ၊ ရွှေနန်းဆန်တာ မြို့မ"ပါပဲ။
- ငွေငန်းရုပ်နဲ့ထွက်လို့လာ၊ မြို့မမေတ္တာ ဖြူဖြူဖွေးဖွေး....၊
- မြို့မ လာပေါ့ ခင်ပျိုကညာ၊ ထင်သလိုသာပက်ကြပေတော့၊
- လူချောလူလှ လက်ရွေးစင်၊ ရှက်သွေးခင်ရင်၊ မှိတ်လို့သာပက်၊
- လောင်းလိုက်ပက်လိုက်နွှဲရှာသူ၊ အသည်းမှာပူတာ၊ အေးပေါ့ အေးပေါ့၊
- ကေသီရော့ရဲ ထုံးကျော့နှောင်၊ ပြုံးတော့မယောင် ခင်တို့ရှုပေး၊
- ကြည်သာတွဲ့တွဲ့နွဲ့ဟန်မူ၊ တကယ့်စံမတူ လှတဲ့ကြော့မှူး၊
- မြို့မအသင်းနဲ့ ကတဲ့သူ၊ ဘ၀တူတူ၊ ဆုယူမှန်းစို့၊
- အကကောင်းတဲ့ လှကေခိုင်၊ မငွေမြိုင်လို ကတတ်ရဲ့လား၊
- မြို့မငွေငန်း ဘဝင်ကြည်၊ ခင်မဒီတွေ၊ ကကြပါဦး၊
- ရေပက်သူဇာ၊ လှကညာ၊ ကရတာကွေးတာ ယဉ်စစပဲ၊
- ချွေးကလေးစို့ပေါ့ကတဲ့ခင်၊ မြို့မလာရင် အမောပြေပေါ့၊
- ပြုံးလိုက် ရယ်လိုက် လှတာတွေ၊ ဘ၀တာရှည်၊ လှနိုင်စေသား၊
- ရှုလို့မ၀ ရွှေမန်းလယ်၊ ငွေငန်းမယ်လို့ ခေါ်လိုက်ချင်ရဲ့ ...
- နည်းနည်းပက်လို့၊ ၀ဘူးခင်၊ မြို့မလာရင် ရွှဲအောင်ပက်တော့၊
- တူရိယာဘက် ထိပ်တန်းတင်၊ မြို့မတီးရင် ဗေထိ ဗေထိ ....။ ။
လူထုအသံ သင်္ကြန်
မြန်မာ့ရိုးရာ အတာသင်္ကြန်သည် မြန်မာတို့၏စိတ်ရင်းနူးညံ့သိမ်မွေ့မှုနှင့် ယဉ်ကျေးသောအနုပညာကို လူတိုင်းစေ့ ဖော်ထုတ်ခံစားနိုင်ကြသည့် အမျိုးသားပွဲတော်ဖြစ်လေရာ မြန်မာအများစုရှိသည့် မ္တလေးသင်္ကြန်သည် မြန်မာ့ရိုးရာအတာသင်္ကြန်သရုပ်ကို အပီဆုံးဖော်ထုတ်နိုင်ခဲ့သည့် ပွဲတော် ဖြစ်ခဲ့ဖူးသည်။ စစ်ကြီးမဖြစ်ခင်က ၁၃၀၀ ပြည့်နှစ်သင်္ကြန်၊ စစ်ကြီးအပြီး ၁၉၄၇ ရွှေမန်းတောင်ရိပ်ခိုသင်္ကြန်၊ ၁၉၅၀ ငြိမ်းချမ်းရေးသင်္ကြန်၊ ၁၉၅၁ ပြည်ထောင်စုသင်္ကြန်များကား အနုပညာစွမ်းရည်အမြင့်မားဆုံးမှတ်တိုင် များ စိုက်ထူနိုင်ခဲ့တာလည်း ငြင်းလို့မရ...။ ထို့နောက် ၁၉၆၂၊ ၆၃၊ ၆၄၊ ၆၅ သင်္ကြန်များတွင်လည်း အစိုးရဌာန မဏ္ဍပ်ချည်း ၄၀၊ အမျိုးသားအလှပြ အသင်းနှင့် အမျိုးသမီးဧည့်ခံမဏ္ဍပ် များ ၅၀ ကျော်ဖြင့် ခြိမ့်ခြိမ့်သဲခဲ့ သော သင်္ကြန်များချည်းဖြစ်ခဲ့၏။ ဘုန်းတော်ကြီးလို့ သက်တော်ရှည်၊ တို့တစ်တွေ ရေချမ်းအိုးကြီး . . . ဟု စတင်ကာ သံချပ်ထိုးခဲ့သည့် အစဉ် အလာကလည်း မပျက်မယွင်းထွန်း ကားခဲ့ရာ . . . ၊ သီချင်းဂီတနှင့်အတူ သံချပ်ကလည်း သင်္ကြန်၏ချစ်စရာ့ ဓလေ့ဖြစ်ခဲ့သည်။ နိုင်ငံရေးအသိ အမြင် ကြွယ်ဝလာခြင်းနှင့်အတူ နိုင်ငံ့သမိုင်းကိုလည်း ပုံဖော်ကာ ကျိုးကြောင်းဆင်ခြင်သိဖြင့် ခေတ် ကိုလည်း ဝေဖန်တည့်မတ်သည့် သံချပ်များကား သင်္ကြန်ပျော် ပရိသတ်၏ သည်းခြေကြိုက်များ ဖြစ်ခဲ့သည်။ လူထုအသံ သင်္ကြန် ။
မြေဩဇာအပြည့်ရှိသည့် ပျိုးခင်းကြီး
မန္တလေးမှာ တစ်ခေတ်တစ်ခါက အရပ်သားများထဲမှ အနုပညာသမားတွေ ခပ်များများ ထွက်ပေါ်ခဲ့တာ "သင်္ကြန်" ကြောင့် ဖြစ်သည်။ သင်္ကြန်သည် မိမိတို့ရင်တွင်းရှိနေသော အနုပညာဗီဇကို နိုးထစေသလို ပျိုးထောင်အညွန့် အညှောက်ထွက်ရှင်သန်ကြီးထွားရာ မြေဩဇာအပြည့်ရှိသည့် ပျိုးခင်းကြီး နှင့် တူသည်။ လွတ်လွတ်လပ်လပ် အယုတ်အလတ် အမြတ်မရွေး ခံစားရေး ဖွဲ့ ကွန့်မြူးနိုင်သည်။ ရှေ့က နောင်တော်၊ အစ်မတော်များ စပ်ဟပ်သီကုံး တီးမှုတ်ကခုန် ရေးဖွဲ့ ကြတာကြည့်ရင်း အားကျမခံစိတ်ဖြင့် ညီငယ်၊ နှမငယ် များကလည်း အနုပညာမျိုးဆက်အမွေကို လက်ဆင့်ကမ်း ခံယူခဲ့ကြခြင်း ဖြစ်သည်။ သုခုမအလုပ်သည် သဘင်သည်၊ ပညာသည်အလုပ်ဟု သီးသန့် ခွဲခြားမထား . . . ။ အလွှာပေါင်းစုံ လူတိုင်းစေ့က စိတ်ကြိုက်ခံစား ဖန်တီးနိုင် သည့် ပတ်ဝန်းကျင်ဖြစ်ခဲ့၏။
ထို့ကြောင့် ယနေ့အထိတင်ကျန်ရစ်သော သင်္ကြန်သီချင်းတွေ၊ တီးလုံး တီးကွက်တွေကို ဖန်ဆင်းခဲ့ကြသူများက မျက်မှန်ကြီးတဝင်းဝင်း၊ ပေကြိုး ပခုံးတင်ကာ အထည်တွေ ညှပ်ကိုက်ချုပ်သော စက်ချုပ်ဆရာလည်းဖြစ်သည်။ အားချိန် မယ်ဒလင်တစ်လက်နှင့် ဂီတနှင့်အတူနေသည့် ဆံသဆရာလည်း ဖြစ်သည်။ ခြေနင်းဖားဖိုလေးနှင့် လက်ဝတ်ရတနာပစ္စည်းတွေပြုလုပ်နေ သည့် ပန်းထိမ်ဆရာလည်းဖြစ်သည်။ ထို့အတူ ကျောင်းဆရာ၊ ဝန်ထမ်း၊ ဝပ်ရှော့သမား၊ ကျောင်းသား၊ ဆရာဝန်၊ ဈေးသည်၊ ပွဲစား၊ ကျူရှင်ဆရာ၊ ဖိနပ်ထောင်၊ နဏဃ လိုင်းမင်း၊ စာတိုက်ဗိုလ်၊ အပျော်တမ်းမီးသတ်သမား၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင် စသည့် အရပ်သားတွေဆီက အဖိုးတန်အနုပညာ ပစ္စည်းတွေ တွင်တွင်ကျယ်ကျယ်ကြီး ထွက်ပေါ်ခဲ့သည်။
တီးလုံးမြိုင်မြိုင်တိုက်ကြ
လွန်ခဲ့သော နှစ် ၆၀ ကျော်ကဖြစ်မည်။
အခုလိုရာသီမှာ ဓားတန်းရပ်ရှိ မြို့မအသင်းတိုက်ကြီးတွင် သင်္ကြန်အတွက် သင်္ကြန်သီချင်းတွေ ကြိုတင်ရေးစပ်ကာ တီးလုံးတိုက်နေကြသည်။ အများဆုံး ရေးစပ်သူက ဆရာမြို့မငြိမ်းဖြစ်မှာပေါ့။ ဒေါင်းရိုး ဦးရင်လေးလည်း ရေးစပ် မည်။ ဦးဘသိန်းလည်း အများအပြားရေးစပ်မည်။ တခြားပုဂ္ဂိုလ်တွေလည်း ရေးစပ်ကြမည်။ တစ်မြို့လုံး တီးလုံးမြိုင်မြိုင်တိုက်ကြကတည်းက ညနေ စောင်းသည်နှင့် ကာလသား၊ ကာလသမီးတွေက အုပ်စုဖွဲ့ပြီး တီးလုံးတိုက် ကြသည့်နေရာအသီးသီးသို့ သွားရောက်ကြည့်ရှုကြသည်။ တစ်ဝင်းဝင် တစ်ဝင်းထွက်၊ တစ်ရပ်ဝင် တစ်ရပ်ထွက်၊ တစ်သင်းဝင် တစ်သင်းထွက် ...
ထိုစဉ် ဓားတန်းရပ်က မြို့မအသင်းတိုက်ရောက်တော့ တီးလုံးတိုက်၍ ညက်နေသော သီချင်းတစ်ပုဒ်က ကြားရသူအပေါင်း ရင်ထဲစွဲငြိသွားစေ တော့၏။ အထူးသဖြင့် ၃၂ လမ်း ယွန်းတန်းရပ်က လှပျိုဖြူလေးတွေက ထိုသင်္ကြန်သီချင်းလေးကို တသသဖြစ်သွားကြသည်။
ရေနန်းဗိမာန်
ထိုစာသားလေးတွေက ညက်ညောလှပသော သံစဉ်နှင့်အတူ ရင်ထဲက တစ်ဆင့် နှလုံးသားထဲထိ စီးဝင်စွဲမြဲသွားသည်။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ပျိုတို့မောင်ကြီးတွေ လေပြည်လေညင်းနှင့်အတူ အရောက်လာမည့် "ရေနန်းဗိမာန်" ဆိုတာ မိမိတို့ ကိုယ်တိုင်ပင်ဖြစ်လိုက်ပါစေတော့ . . . ။
သည်အတွေး သည်ဆန္ဒတွေ ယွန်းတန်းသူလေးတွေတိုင်း၏ ရင်ထဲမှာ "ဥ" သွားပြီမို့ .. အိမ်ရောက်သည်နှင့် တစုတည်းတဝေးတည်း မတိုင် ပင်ကြရဘဲ အိမ်ရှိခုတင်ကြီးတွေ ထုတ်ကြသည်။ ပြီးတော့ ဆက်လိုက်ကြ သည်။ သင်္ကြန်မဏ္ဍပ်တစ်လုံးစာ အကျယ်အဝန်းရတော့ အိမ်ကလူကြီး တွေကို ဖွင့်ဟအသိပေးလိုက်ပြီး ဝါးလုံးတိုင်နှစ်တိုင်ထူကာ ၆ ပေ _ ၂ ပေ အရွယ် ပိတ်စအရှည်၌ "ရေနန်းဗိမာန်" ဟူသော ပန်းချီစာလုံးနှင့် ဆိုင်း ဘုတ်ထူလိုက်တော့၏။ အိမ်ရှေ့ ပိတောက်ပင်ကြီးက ပိတောက်ကိုင်းတွေပေါ် ဈေးချိုဒီရုံထဲရှိ ကေသီဦးဆိုင်က ပိတောက်ပန်းခြောက်တွေဝယ်ပြီး အလှ ဆင်လိုက်သည်။ ကဲ . . . ရေနန်းဗိမာန် အမျိုးသမီးရေသဘင် အသင်းကြီး အကောင်အထည်ပေါ်ပြီပေါ့။
ငွေငန်းဓိဋ္ဌာန်ရောက်ပြန်ပြီလေ
ပိုက်ဆံရှိ၊ ခေတ်ပညာတတ် အချောအလှယွန်းတန်းသူလေးတွေ၏ ရေသဘင်အဖွဲ့က ထိုနှစ်သင်္ကြန်မှာ နာမည်ကြီးလှသည်။ ၃၂ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြား အရောင်းအဝယ်ဖြစ်ထွန်းသော မြို့လယ်ရပ်ကွက် မို့ လူသိထင်ရှားစည်ကားလှသည်။ နာမည်ကျော် မြို့မအသင်းကြီးက လည်း ငွေငန်းရုပ်လုံးရုပ်ကြွအလှပြယာဉ်ကြီးနှင့် တူရိယာသံ ညက်ညော မြိုင်ဆိုင်စွာ ...
"ဟောဒီ ရေနန်းဗိမာန် ...
ငွေငန်းဓိဋ္ဌာန်ရောက်ပြန်ပြီလေ ...
နှစ်ဦးဂီတလက်ဆောင် ... ပျော်အောင်လေ .. တာဝန်ကျေ
လှပေါင်းခတဲ့တို့မေ ... လှပေါင်းခတဲ့တို့မေ ...
လောင်းမှာလား ... သင်္ကြန်ရေ ... ရွှဲအောင်လောင်းမေ မာပါစေ ..." ဆိုတော့ သင်္ကြန်အကြို၊ အကျ၊ အကြတ်၊ အတက်လေးရက်စလုံး စပ်ဟပ် လိုက်ဖက်ထင်ရှားကျော်ကြားသွားတော့၏။
ဤသို့ဖြင့် ... အစဉ်အလာကြီးမားလှသော မန္တလေးသင်္ကြန်တိုင်းတွင် "ရေနန်းဗိမာန်" က ဆင်နွှဲခဲ့လေရာ . . . မှတ်မှတ်ရရ ပြောစမှတ်ပြုရအောင် ဂ္ထဝင်တွင်ခဲ့လေပြီ ...။
နှစ်ဦးဂီတလက်ဆောင်
သင်္ကြန်လေညင်းလုလင်ကား ... လည်တဆန့်ဆန့် ခေါင်းတမော့မော့ဖြင့် နှစ်စဉ်မပျက် ပျော်ခဲ့ပါလေ၏။ အခုတော့ "ရေနန်းဗိမာန်" ကား ဘယ်ဆီ မှာလဲလေ ...။
ငွေငန်းလည်း အထီးကျန် ... ။ တော်သေး.. သည်သီချင်းလေးက နှစ်ဦး ဂီတလက်ဆောင်အဖြစ် ဂန္ထဝင်တွင်ကျန်နေပေသေးလို့…
"သင်္ကြန်လေညင်းလုလင် မြူးရွှင်တော့လေ ...
ပိတောက်တွေထုံတဲ့ဝတ်မှုန် ဝတ်ဆံကြားတွေ ...
ဝတ်ရည်ဆွတ်ဖျန်းလို့သာ ... ဖြတ်သန်းကာ .. ကြိုင်လန်းစွာ ...
ငွေငန်းကို ကြိုလာပါတော့တယ်လေ ...
ဘယ်သူတွေ ... ထိုလေပြေကိုစေ ...
ဟောဒီရေနန်းဗိမာန် ... ငွေငန်းဓိဋ္ဌာန်ရောက်ပြန်ပြီလေ ...
နှစ်ဦးဂီတလက်ဆောင် ... ပျော်အောင်လေ ... တာဝန်ကျေ
လှပေါင်းခတဲ့တို့မေ ... လှပေါင်းခတဲ့ တို့မေ ...
လောင်းမှာလား ... သင်္ကြရေ .. ရွှဲအောင်လောင်းမေမာပါစေ .."
ဆူးငှက်
No comments:
Post a Comment