Latest News

Saturday, March 30, 2019

သစ်တွေအများကြီး ခုတ်ပေးသွားတဲ့ကောင်…


အဲဒီကောင်ပေါ့ စတွေ့တုန်းက ဂျစ်ကန်ကန်နဲ့
1988 ဘုန်းမော် အရေးအခင်းဖြစ်တော့
ပထမနေ့ မတ်လ ၁၅ ရက်နေ့ RIT ဝင်ဖမ်း..
ဒုတိယနေ့ မတ်လ ၁၆ ရက်နေ့ တံတားဖြူ..
(အဲဒီမှာ ကျွန်တော် ပါသွားတာ….)
တတိယနေ့ မတ်လ ၁၇ ရက်နေ့ RASU ထဲဝင်စီးတယ်..
( အဲဒီမှာ အဲ့ကောင် ပါလာတာ….)
မတ်လ ၁၈ ရက်မှာ မြို့ထဲက ပြည်သူ့ကုန်တိုက်နဲ့
နောက်ဆက်တွဲပေါင်းများစွာ….

ထောင်ထဲရောက်တော့ အားလုံးက
တစ်ယောက်နဲ့ တစ်ယောက်လဲ မသိကြသေးဘူး..
ဒီကောင်က RC2 သမိုင်း ဒုတိယနှစ်က
စိုင်းထင်ကျော် လို့ပြောသံကြားတယ်…
လူက ဂျစ်ကန်ကန်ရုပ်နဲ့ ဒေါင့်မှာမှီပြီး
တစ်ယောက်ထဲနေတတ်တယ်..

နောက်ပိုင်းကျမှ ရင်းနှီးလာကြပြီး
သူ့ကို အိမ်သာ မင်းသားလို့ နာမည်ပေးခဲ့ကြတာ…
တစ်နေ့ကို အိမ်သာ ၇ ခေါက် ၈ ခေါက်မက တက်လို့..
အကြောင်းက မတ်လ ၁၇ ရက်နေ့ တပ်က RASU ထဲကိုဝင်မစီးခင်
ကျောင်းသားတွေ သမ္မဂဖွဲ့ကြတယ်…
အားလုံးသိကြတဲ့ အံ့ဘွယ်ကျော်တို့ သက်ဇင်တို့ အပါအဝင်ပေါ့.
တရားဟောတဲ့သူကဟော အစည်းအဝေးလုပ်တဲ့သူကလုပ်နဲ့
တပ်က ဝင်ဖမ်းတော့ ကောက်ထားတဲ့ အလှုငွေတွေ
မနဲမနောလဲ ပျောက်သွားတယ်….(ထုံးစံအတိုင်းပေါ့.)
ဒါပေမယ့် ပိုက်ဆံထက် အရေးကြီးတဲ့
ကျောင်းသားသမဂ္ဂ ဗဟိုကော်မတီဝင် စာရင်းကို သိရင်
ပါဝင်သူအကုန်လုံး မျိုးကန်းသွားမယ်လေ..

အဲဒါနဲ့ အဲဒီစိုင်းထင်ကျော်ဆိုတဲ့ကောင်က
အိမ်သာထဲဝင်ပြီး စာရင်းစာရွက်တွေကို
ရေတွေနဲ့ စိမ်ပြီး ဖျက်ဆီးပစ်တယ်…
ဒါပေမယ့် တစ်ချို့ဟာတွေက သူတို့ ဝင်လာတဲ့အထိ
ဆွဲဖြဲလို့ ရအောင် မနှုးကြတော့
ဖြစ်ချင်ရာဖြစ်ဆိုပြီး လုံးထွေး ပါးစပ်ထဲထည့်
မျိုချခဲ့တဲ့ သူရဲကောင်း စစ်စစ်ပါ…
သူ့ကြောင့်ဘဲ အဲဒီစာရင်ပျောက်သွားပြီး
စိတ်ဓါတ်ရှိတဲ့ ရဲဘော်ရဲဘက်တွေ
အဖမ်းမခံရတော့ဘဲ နောက်ဆက်တွဲ
ပွဲတွေကို နွဲနိုင်ခဲ့တာပါ….

သူကတော့ မျိုချလိုက်တဲ့ စက္ကူတွေက
အူကိုထောက်ပြီး ထောင်ထဲမှာနေတဲ့
၎ လ လုံးလုံး သွေးဝမ်းတွေ မကြာမကြာ
သွားနေခဲ့ရသူပါ…..

ဒီတိုင်းနေရင် ဂျစ်ကန်ကန် ခပ်တည်တည်ပေမယ့်
ကျွန်တော်တို့အဖွဲ့ ထောင်ထဲမှာ စိတ်ညစ်ပျောက်အောင်
အငြိမ့် က တော့ ရှေ့ဆုံးကထိုင် ပါးစပ်အကျယ်ကြီး ဖြဲ ပြီး
တဟီးဟီ တဟားဟား နဲ့ ရီတဲ့ကောင်…ဗျ..

ထောင်ကထွက်ပြီးထဲက
စစ်အစိုးရကို သွေးအေးအေးနဲ့
တောက်လျှောက်စိန်ခေါ်ခဲ့တဲ့ ရှမ်းကြီးဆိုမမှားဘူး..
ကျွန်တော်တို့ ၁၄၁ အဖွဲ့မှာလဲ
တက်တက်ကြွကြွ လှုပ်ရှားသလို
ကျန်တဲ့ နိုင်ငံရေးလှုပ်ရှားမှု့တွေမှာလဲ
တက်တက်ကြွကြွ ထိတ်ဆုံးကဘဲ…ဗျ.
နောက်ပိုင်းမှာ…
ရှမ်းပြည်က နိုင်ငံရေးပါတီ.
SNLD ကနေ ဝင်လှုပ်ရှားပြီး
သူ့ဇာတိမြို့ နောင်ချိုကနေ
ဝင် အရွေးခံခဲ့ဘူးတယ်….
ဒါပေမယ့် NLD လှိုင်းလုံးကြီးကို မကျော်နိုင်ခဲ့သော
ရေတစ်စက်မှ မရောတဲ့ သစ်ခုတ်သမား ကြီးပေါ့ဗျာ..

၂၁ ရာစု ပင်လုံညီလာခံမှာ
ခွဲမထွက်ရေးဆိုတဲ့ အချက်က
မူလပင်လုံမှာ မပါခဲ့ဘူး..
အဲဒါကြောင့် ကိုယ်လိုချင်တာတွေ ထပ်ထည့်ပြီး
မူလပင်လုံရဲ့ အနှစ်သာရပျောက်မသွားရအောင်
အဲဒီအချက်ကို ထည့်ချူပ်စရာ မလိုဘူး..လို့
ပထမဆုံး ထ ကန့်ကွက်တဲ့ကောင်ကြီးပေါ့..

အသဲပြသနာတက်လို့ ဆေးရုံတင်ရတယ်သတင်းကြားပြီး
K3 တို့ မင်းဇေယျာတို့ ကိုမြအေးတို့
သွားတွေ့ကြတဲ့ပုံတွေတက်လာတယ်..
ကင်ဆာလို့ အဖြေထွက်တော့ ကိုဇေယျာကြီးလဲ ငိုတော့တာဘဲ..
ဒီကောင်ကြီး ကို နှုတ်ဆက်ရတော့မယ်မှန်း သိကြပြီလေ..
အဲဒါတောင်မှ ဖေ့စ်ဘွတ်ပေါ်တက်ပြီး
“ကိုယ်ကတောင် ဘာမှမဖြစ်ဘူး
သူတို့ကဘာဖြစ်နေကြတာလဲ မသိဘူး” ဆိုပြီး
သေမိန့်ကျနေတာကို သွေးအေးအေးနဲ့ ရင်ဆိုင်ပြသွားတယ်..

အခုတော့ သူခုတ်ခဲ့တဲ့သစ်လုံးတွေ
အကုန်လုံး ရော့ အင့် ဆို ပုံပေးပြီးတော့
ပန်းပုရုပ်ကောင်းတွေ ထွက်မလာခင်
မမြင်နိုင်တဲ့လမ်း မင်းလှမ်းခဲ့ပြီပေါ့..

သူရဲကောင်းမျိုး သေရိုးမရှိတဲ့ကွ..
ငါတို့နိုင်ငံမှာ မင်းလိုကောင်တွေ
ထပ်ပေါ်စေချင်တယ်.…ဟျောင်ရေ..

လှမျိုးနောင်ကြီးတွေ့ရင်လဲပြောပြလိုက်ပါကွာ..
တို့တစ်တွေ ပြသနာတွေကြားထဲက
ကျားကုတ်ကျားခဲနဲ့ ငါတို့ရည်မှန်းတဲ့ ပန်းတိုင်ဆီ
ရွေ့ရွေ့နဲ့တော့ ချင်းကပ်နေကြပါပြီ…….လို့

ဝင်းဗိုလ်..2019











No comments:

Post a Comment