Latest News

Saturday, March 16, 2019

ပလက်ဝတံတား စီမံကိန်းတွင် အသုံးပြုရန် လိုအပ်သော သံပေါင်များ တင်ဆောင်လာသည့် ရေယာဉ်တစ်စီးအား AA သောင်းကျန်းသူ အဖွဲ့က မီးရှို့ခဲ့

နေပြည်တော် မတ် ၁၆

ပလက်ဝတံတား စီမံကိန်းတွင် အသုံးပြုရန် လိုအပ်သော သံပေါင်များ တင်ဆောင်လာသည့် ရေယာဉ်တစ်စီးအား ယနေ့ နံနက်ပိုင်းတွင် AA သောင်းကျန်းသူအဖွဲ့က မီးရှို့ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ MV - ရတနာဝင်း (၇) ရေယာဉ်သည် ပလက်ဝတံတား စီမံကိန်းတွင် အသုံးပြုရန် လိုအပ်သော သံပေါင် (၃၀၀) (၂၈၆ ဒသမ ၂၃ တန်) ကို တင်ဆောင်၍ ရန်ကုန်မှ မတ် ၁၀ ရက်တွင် ထွက်ခွာပြီး စစ်တွေ၊ ကျောက်တော်မြို့တို့မှ တစ်ဆင့် ပလက်ဝမြို့သို့ ထွက်ခွာလာစဉ် ယနေ့ နံနက် ၁၀ နာရီခန့်က ချင်းပြည်နယ် ပလက်ဝ မြို့နယ် နှမဒါကျေးရွာအနီးအရောက် AA သောင်းကျန်းသူ အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ရေယာဉ်ဝန်ထမ်းများအား ကမ်းပေါ်သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် သံပေါင်များ ပါရှိသည့် ရေယာဉ်အား မီးရှို့ခဲ့ကြောင်း။

ရေယာဉ်ပေါ်တွင် ပါရှိသည့် ပစ္စည်းများမှာ သံပေါင် ၂၅၆ ဒသမ ၀၈၅ တန်၊ သံပေါင်အထိုင်ခုံ ၂၄ ဒသမ ၉၆ တန်၊ သုတ်ဆေး ၀ ဒသမ ၃၅ တန်၊ High Tension Bolt ၄ ဒသမ ၈၃၅ တန်တို့ဖြစ်ပြီး ပစ္စည်းတန်ဖိုး စုစုပေါင်းမှာ ငွေကျပ် ၁ ဒသမ ၀၇၂ ဘီလီယံတန်ဖိုးရှိကြောင်း သိရသည်။

AA သောင်းကျန်းသူ အဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသည့် အရပ်ဘက် ပစ်မှတ်များ၊ အရပ်သားများအား ယခုကဲ့သို့ လက်နက်အားကိုးဖြင့် အနိုင်မကျင့်သင့်ကြောင်း ၊ AA သောင်းကျန်းသူများ ခေါ်ဆောင်သွားသည့် ရေယာဉ် ၀န်ထမ်းများမှာ တံတားအထူးအဖွဲ့ (၁) စီမံကိန်းလုပ်ငန်းခွင်သို့ ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

(သတင်းစဉ်)
MOI Webportal Myanmar

No comments:

Post a Comment