Latest News

Thursday, February 21, 2019

ဒေါ်အောင်ဆန်းစုကြည်သည် သမ္မစိတ္တနှင့် ပြည့်စုံသော ဒီမိုကရက် တဦး ဖြစ် (အပိုင်း ၁)



အဆိုပါ စကား ကို ရဲရဲဝံ့ဝံ့ ပြောလိုက်သူကတော့ ပိုလန် နိုင်ငံ Cracow ရှိ Jagiellonian တက္ကသိုလ် အရှေ့ အလယ်ပိုင်း နှင့် အရှေ့ဖျားရေးရာ ဌာနမှ လက်ထောက် ပါမောက္ခ Michael Lubina ပဲ ဖြစ်ပါတယ်။

သူသည် ထိုစကား ကို အကြောင်းမဲ့ ပြောဆိုခဲ့ခြင်း မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းပေါင်းများစွာ အပြင် ဗုဒ္ဓစာပေများ ပါ လေ့လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အတွေးအမြင်များ နှင့် နောက်ကြောင်း ကို စနစ်တကျ တည်ဆောက်ကာ မကြာမီကမှ The Moral Democracy: The Political Thought of Aung San Suu Kyi စာအုပ်ကို ရေးသား ပြုစု ထုတ်ဝေ လိုက်ပြီး ဖြစ်ပါတယ်။ Moral Democracy စကားရပ်သည် ပထမ ကမ္ဘာစစ် မတိုင်မီ အမေရိကန် သမ္မတ ၀ုရိုးလ် ၀ီလ်ဆန် မှ နယ်ချဲ့ ၀ါဒကို ရှုတ်ချခြင်း၊ ဒီမိုကရေစီ ၀ါဒ ပြန့်နှံစေခြင်း နှင့် ငြိမ်းချမ်းရေး ကို ပိုမို အရှိန်မြှင့်တင်ပေးခြင်း ဖြင့် ရွေးကောက်ပွဲ မဲဆွယ်ခဲ့ရာမှ စပြီး တွင်ကျယ်လာခဲ့တာလည်း ဖြစ်ပါတယ်။

စာရေးသူ နှင့် The Diplomat မဂ္ဂဇင်း မှ Krzysztof Iwanek က စာအုပ်ပါ အကြောင်းအရာ များ ကို အသေးစိတ် တွေ့ဆုံ မေးမြန်းခဲ့တာကို သူမ အကြောင်း နက်နက်နဲနဲ လေ့လာချင်သူ များ အတွက် ပြန်လည် မျှဝေလိုက်ပါတယ်။

================================

ကျွန်တော် စကားလုံး တွေ ရွေးသုံးမနေတော့ပဲ တည့်တည့်ပဲ မေးပါရစေ။ တခါက အနောက်တိုင်းရဲ့ ဖူးဖူးမှုတ်ထားခြင်း ခံရတဲ့ ASSK က ခင်ဗျား စာအုပ်ပါ စကားကို ယူသုံးရရင် လူနည်းစုများကို ဖိနှိပ်ခဲ့တဲ့ အတွက် သူ့အပေါ် ဝေဖန်မှု မိုးကြီး သည်းထန်စွာ ရွာသွန်းခံနေရတဲ့ အဖြစ်နဲ့ ရင်ဆိုင်နေရချိန်မှာ ခင်ဗျား က ဒီလို ခေါင်းစဉ် နဲ့ စာအုပ်ထုတ်တာက အချိန်အခါ နဲ့ ကိုက်ညီပါ့မလား။

“သိတ်ကို ကိုက်ညီတာပေါ့ဗျာ၊ ဒါဟာ တမင်ဆွပေးတာ မဟုတ်ပဲ၊ သိတ်ကို ပြည့်စုံတိကျတဲ့ ခေါင်းစဉ်ပါပဲ၊ ပထမ ဆုံး အနေနဲ့ ပြောရရင် နိုင်ငံတကာ မှ သူ့ကို ထင်ရှားစေခဲ့တာကလည်း သမ္မစိတ္တ၊ အကျင့် သိက္ခာ ပိုင်း ကြောင့် မဟုတ်ဖူးလား၊ အခု ဒီလို ထင်ရှားခဲ့တာကြောင့်လည်း ကောင်းကင် အထိ တက်ကပ်နေရာကနေ ပြန်လျောကျခဲ့ရတာပဲလေ။ ဒါကလည်း အနောက်တိုင်း က ရှု့မြင်နေတဲ့ အတိုင်း ပြောရတာနော်၊ ဒုတိယ အနေနဲ့ ပြောရရင် ပြည်တွင်းမှာ၊ ဒါက ပိုအရေးကြီးတယ်။ စုကြည်ရဲ့  နိုင်ငံရေး အတွေး အခေါ်က ပိုပြီး မြန်မာ တွေရဲ့ ဗုဒ္ဓ အသိပညာ ပိုင်း နဲ့ အပြည့်အ၀ ကို လိုက်လျောညီထွေရှိတဲ့ အပြင် ကိုယ်ကျင့် စာရိတ္တပိုင်း မှာ ဝေဖန် ပိုင်းခြား နိုင်စွမ်းရှိအောင်ကို ဆရာ ကျတယ်လို့ ပြောရမယ်။

ခင်ဗျား အနေနဲ့ အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေ နဲ့ ဗုဒ္ဓရဲ့ အဆုံးအမ တရား တွေ အတော်များ များ ကို ဖတ်ရှု့လေ့လာပြီးမှ သူရဲ့ နိုင်ငံရေး အတွေးအခေါ် တွေ နဲ့ နောက်ကြောင်း ကို ပြန်ပြီး ဖန်တီး တည်ဆောက်ထားတာ တွေ့ရတယ်။ ခင်ဗျား ပြောတဲ့ အတိုင်း ကျွန်တော် နားလည်သလောက်ကတော့ ဗုဒ္ဓရဲ့ အတွေးအခေါ် တွေကို နိုင်ငံရေး ပုံစံပြောင်းပြီး ဗုဒ္ဓ၀ါဒ အခြေပြူ (Buddhicized)  ဒီမိုကရေစီ အတွေးအခေါ် လို့ ဆိုလိုတာပဲ၊ အဲ့တာ ဘာ အဓိပ္ပါယ်ပါလဲ။

ကျွန်တော်ကတော့ သူ့နိုင်ငံရဲ့ မြန်မာ ဗုဒ္ဓဘာသာ ကနေ ဆင်းသက်လာတဲ့ အသိညဏ်ပညာ အမွေအနှစ်တွေ အတွင်းမှာ ဒီမိုကရေစီအတွက် နေရာတနေရာ ကို ရှာဖို့ ကြိုးပမ်းမှု လို့ပဲ ပြောလိုပါတယ်။ သူဆောင်ရွက်မှုတွေတိုင်းမှာ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပါနေတာ သေချာပါတယ်။ ဒါတွေကတော့ အာဏာ ရရှိရေး နဲ့ တပ်မတော်ရဲ့ အုပ်ချုပ်ရေး တရားဝင်မှု မရှိအောင် ပြုလုပ်ရေး တွေပဲ၊ ဒါတွေကို သူမကိုယ်ကျိုး အတွက် ဆိုတဲ့ နိုင်ငံရေး ရှု့ထောင့် သက်သက်နဲ့ ကြည့်မယ်ဆိုရင်တော့ သူမအပေါ် တရားရာ ကျလိမ့်မယ် တော့ မဟုတ်ဖူးဗျ။ နိုင်ငံရေးကို ဗုဒ္ဓဘာသာတွေ နားလည်အောင် အဓိပ္ပါယ် ဖွင့်ဆိုတဲ့ သဘောတွေ ပိုပြီး ပါနေတယ်။

ဗုဒ္ဓ၀ါဒနဲ့ ယှက်နွယ်နေတဲ့ နိုင်ငံရေး သဘောတရားတွေက ဒီမိုကရေစီ သွတ်သွင်းနိုင်မယ် (မိမိတို့နဲ့ လျော်ညီမှု ရှိအောင် အသွင်ပြောင်းယူခြင်း) လို့ ထင်ပါသလား၊ ဒါမှမဟုတ် ဒီသဘောတရားတွေကြောင့်ပဲ လက်ရှိ အုပ်ချုပ်နေမှု ခိုင်မြဲအောင် ထိမ်းသွားရေး မှာ အထောက်အကူ ပြုမယ်လို့ ထင်ပါသလား။

ခင်ဗျား မေးခွန်းကို ဖြေဖို့က အတော်ကို ခက်ခက်ခဲခဲ တော့ ဖြေရလိမ့်မဗျ၊ ခင်ဗျား မေးခွန်းက စုကြည်အနေနဲ့ ဒီမိုကရေစီကို ချောမွေ့အောင် ပြုလုပ်ပေးသူလား၊ ဒါမှမဟုတ် သူမကြောင့်ပဲ ဒီမိုကရေစီ အတွက် အခက်အခဲတွေ ဖြစ်နေသလား ဆိုတဲ့ သဘောမျိုး မေးတဲ့မေးခွန်း ဖြစ်နေတာကိုး၊ အချို့က ပြောကြလိမ့်မယ်၊ သူမ ကိုယ်တိုင် အပြစ်တွေနဲ့ မကင်းပေမယ့် စစ်တပ်ထက်တော့ အပုံကြီး ပိုကောင်းလိမ့်မယ်လို့၊ အချို့ကလည်း မြန်မာ နိုင်ငံရေး အခင်းအကျင်းက အင်အယ်ဒီ-တပ်မတော် အကြား နားလည်ရ ခက်တဲ့ ဆက်ဆံရေး ကို အင်္ဂတေ ကိုင်ထားသလို ဖြစ်နေတယ်လို့ ထောက်ပြကောင်း ထောက်ပြကြလိမ့်မယ်။ ကျွန်တော်ပြောချင်တာက ဒီမိုကရေစီကို စုကြည် နားလည်ထားတာက အနောက်တိုင်း အယူအဆတွေနဲ့ အတော်ကို မနီးစပ်ဖူးလို့ ဆိုတာပဲ၊ ဒါပေမယ့် တပ်မတော်ရဲ့ အတွေးအခေါ်တွေနဲ့ နှိုင်းယှဉ်ရင် တော့ ပိုပြီး ပါနေတဲ့ သဘောပဲဗျ။

ခင်ဗျား အခု စာအုပ်မထုတ်မီ ASSK ရဲ့ ကိုယ်ရေး အထုပ္ပတိ ကို ပိုလန် လို ရေးပြီး ထုတ်ဝေခဲ့တယ်၊ သူ နဲ့လည်း နှစ်ခါတောင် လူချင်းတွေ့ခဲ့ပြီးပြီ ဆိုတော့ သူမသည် ပထမ နဲ့ ပထမဆုံးကျတဲ့ နိုင်ငံရေးသမား တယောက် ဖြစ်ကြောင်း သိလာခဲ့ရတယ်လို့ ခင်ဗျား ရေးခဲ့ဖူးတယ်။ ဒီလို ကောက်ချက်ချရာမှာ ခင်ဗျား အနေနဲ့ ချီးကြူးခဲ့တာလား၊ စူးရှလှတဲ အမှန်တရားကို စိတ်မကောင်းခြင်း ကြီးစွာ နဲ့ သိခဲ့ရတယ်လို့ ပြောချင်တာလား၊ ဒါမှ မဟုတ် အခြား တစုံတရာ ကော ရှိနေခဲ့လား။

ကျွန်တော် သူ နဲ့ ၂၀၁၃ မှာ ပထမဆုံး တွေ့ဖြစ်ခဲ့ပါတယ်။ ဒုတိယကတော့ ၂၀၁၅ မှာပါ၊ အခြေအနေတွေက မတူတော့ဖူးလေ၊ သူက အဲ့တုန်းက ကိုယ်ကျင့် သိက္ခာ ပိုင်းမှာ စံပြုရမယ့် လူတယောက် ဖြစ်နေတုန်းပဲ၊ အခုလို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်လာမှုမျိုး တွေ လည်း အဲ့ဒီတုန်းက မဆိုသလောက်ပဲ ရှိသေးတယ်။ ၂၀၁၆ နောက်ပိုင်းမှာ အားလုံး ပြောင်းလဲသွားတယ်ဗျ၊ အထူးသဖြင့် ၂၀၁၇ သြဂုတ်လ နောက်ပိုင်းမှာ ပေါ့ဗျာ၊ အဲ့နောက်ပိုင်း ရိုဟင်ဂျာ အရေးအခင်းက သူရဲ့ နိုင်ငံတကာ ပုံရိပ်ကို ကျဆင်းသွားစေခဲ့တယ်။ ၂၀၁၃ မှာ သူမကို နိုင်ငံရေး သမား တယောက် အဖြစ် ကျွန်တော်ရဲ့ ဆန်းစစ်မှု က အားလုံး ကို တော်လှန်ပြစ်မယ့် နိုင်ငံရေးသမား တယောက်လို့ ယူဆထားတာ ရှိပေမယ့် အခုကတော့ ရိုးအီသွားပြီဆိုတဲ့ စကား ဖြစ်သွားရတာပေါ့ဗျာ။

ခုန ခင်ဗျား မေးတဲ့ ကောက်ချက်က ဘာကိုဆိုလိုသလဲ ပြောရရင်၊ ပထမဆုံး အနေနဲ့ စုကြည်က နိုင်ငံရေး သမား တယောက် ဆိုတာထက် ပိုလည်း မပိုဖူး၊ လျော့လည်း မလျော့ဖူး ဆိုတာပဲဗျ။ ဒီနေရာမှာ သူက ကောင်းတာလား ဆိုးတာလား လို့ မေးရမယ့် မေးခွန်းမျိုးတော့ မေးစရာ မလိုဖူး၊ သူက ပါးနပ်ချက်ခြာပြီး အမျှော်အမြင်ကြီးတဲ့ နိုင်ငံ ခေါင်းဆောင် ဟုတ်မဟုတ်ပဲ မေးရဖို့ ရှိတယ်။ ဒုတိယ အနေနဲ့ စုကြည်က အမြဲတမ်း နိုင်ငံရေး သမားတယောက် အဖြစ် ရပ်တည်နေတာပဲ၊ ဒီအချက်ကို နားမလည်ဖူးဆိုရင် အမှားမှား အယွင်းယွင်း သုံးသပ်တာမျိုးတွေ၊ ကောက်ချက်ချတာမျိုး တွေ ဖြစ်လာနိုင်တယ်။ အဲ့တာကြောင့်လည်း သူ့အပေါ် အကျိုးအကြောင်း မဆီလျှော်တဲ့ ဝေဖန်ရှုတ်ချမှုတွေ ဖြစ်လာရတာပဲ၊ တတိယ အချက်က စုကြည်က တကယ့်ကို အထက်တန်းကျတဲ့ နိုင်ငံရေး သမား တယောက် ဆိုတာပဲဗျ။ သူရဲ့ မျိုးရိုး နဲ့ တင့်တယ် ပြေပြစ်တဲ့ အသွင်ကြောင့်ပဲ ကိုလိုနီခေတ် နောက်ပိုင်း ဗမာ အထက်တန်းလွှာ လောကမှာ အတုခိုးစရာတွေ ဖြစ်လာတယ်။ အသိညဏ်ပညာ ပိုင်းမှာရော အနုသုခုမ ဒဿန ပိုင်းမှာပါ မတူကွဲပြားတဲ့ ခေတ်တခေတ် မှာ ပေါက်ဖွားလာတဲ့ လူတယောက်လို ဖြစ်လာတယ်။ စတုတ္ထ အနေနဲ့ ပြောရရင် စုကြည်ဟာ ကြေကွဲဖွယ် ဖြစ်ရပ်တွေနဲ့ ပြည့်နေတဲ့ နိုင်ငံရေး သမား တယောက် ဖြစ်နေပြန်ရော။ သူရဲ့ မွေးဖွားရာ မြေ နဲ့ မိသားစုအကြား တခုခုကို ရွေးချယ်ခဲ့ရတဲ့ လူ ဖြစ်လာတာပဲဗျို့။ ဒီအတွက် လည်း သူမရဲ့ ဘ၀ဇာတ်ကြောင်းက ရှေးခေတ် ပြဇာတ်ကြီးတွေမှာ ပါတဲ့ ကြေကွဲဖွယ်ရာ ဇာတ်ကွက်တွေနဲ့တောင် နှိုင်းယှဉ်လို့ ရသဗျာ၊ ဆိုဖိုကလီးစ် ဇာတ်ကောင်တွေ ကြုံရတတ်တဲ့ အခက်အခဲ တွေ၊ ဘေးဒုက္ခမျိုး တွေကို အခုခတ်မှာ ကြုံခဲ့ရတဲ့ လူ လို့တောင် ဆိုလို့ရတယ်။ (ဆိုဖိုကလီးစ် (ဘီစီ ၄၉၈ - ၄၀၆) သည် ရှေးဟောင်း ဂရိ ကြေကွဲ ပြဇတ်များ ရေးသားခဲ့သူ ဖြစ်သည်)၊ မကြာာမီက ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာ အကျပ်အတည်း ကလည်း သူမရဲ့ ဇာတ်လမ်းမှာ နောက်ထပ် ဇာတ်ဆန်ဆန် ကြေကွဲဖို့ ထပ်ဖြစ်လာရတာပေါ့ဗျာ။

ခင်ဗျား တခါက ပြောခဲ့ဖူးတယ်၊ ASSK က စစ်အစိုးရ နဲ့ အပေးအယူ လုပ်ပြီး ထောင်ချောက်ထဲကို နင်းဝင်သွားတယ်ဆိုတယ် ပြီးတော့ ၂၀၁၆ မှာ နိုင်ငံတော် အတိုင်ပင်ခံ အဖြစ် အစိုးရ အဖွဲ့ထဲ ပါလာတယ် ဆိုတဲ့ စကားလေ၊ ဒီထဲမှာ ထောင်ချောက်ဆိုတာ ဘာကို ဆိုလိုတာလဲ၊ ဒီထောင်ချောက်ထဲကနေ သူ့အနေနဲ့ အလွတ်ရုန်းထွက်ဖို့ နည်းလမ်း တခုခု ကော ရှိနေလား။
လှစိုးဝေ

(ဆက်လက် တင်ပြပါမယ်)

No comments:

Post a Comment