Latest News

Friday, February 15, 2019

ဦးခိုက်ပူဇော် မဟာမကုဋရံသီ ဆံတော်ရှင်မြတ် မော်တင်စေတီတော်

ဦးခိုက်ပူဇော် မဟာမကုဋရံသီ ဆံတော်ရှင်မြတ် မော်တင်စေတီတော်

လူတို့ဖူးတွေ့ခွင့်မရနိုင်သည့် စေတီ သုံးဆူရှိလေသည်။ ““တာဝတိံသာနတ်ပြည်”” တွင် ဘုရားလောင်း၏ ဆံတော်ကို ဌာပနာ၍ တည်ထားသော စူဠာမဏိစေတီတော်။ ““ဗြဟ္မာ ပြည်”” တွင် ဘုရားလောင်း၏ အ၀တ်အထည်ကို ဌာပနာ၍ တည်ထားသော ဒုဿစေတီတော်။ ““ဟိမ၀န္တာတော”” တွင် မြတ်စွာဘုရားနှင့် မဟေသာရပညာချင်းယှဉ်ရာတွင် မြတ်စွာဘုရားက အောင်နိုင်တော်မူရာ   မဟေသာရက မြတ်စွာဘုရားကို   ၀တ်ကြီးဝတ်ငယ်ပြုစုခွင့် တောင်းသောအခါ မြတ်စွာဘုရားက သတ္တ၀ါတွေကို ကယ်တင်ရန်ရှိသဖြင့် သူ၏ကိုယ်စား ရုပ်ပွားတော်ကို ဖန်ဆင်းပေးခဲ့သော မဟေသာရ ဗုဒ္ဓ္ဓရုပ်ပွားတော်စေတီတို့ ဖြစ်ပါသည်။

ဇေယျသေနနဂါးမင်းအား ကျေးဇူးတင်ရခြင်း

ဇေယျသေနနဂါးမင်းသည် ဆံတော်ဓာတ် နှစ်ဆူအား နဂါးပြည်သို့ ယူဆောင်ပြီး စေတီတည်ထားခဲ့သော် လူတို့ဖူးမြော်နိုင်ရန် ခက်ခဲမည်။ ယခုဆံတော်ဓာတ် နှစ်ဆူကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ရှိ ကုသိမနာဂရ  (ပုသိမ်) တောင်ပိုင်း နဂါးရစ်မှော် ခေါ် သရနတောင်စွန်း (၀ါ) မော်တင်စွန်းတွင် မဟာ သက္ကရာဇ် (၁၀၃) ခုနှစ်၊ ၀ါဆိုလပြည့်နေ့တွင်   တည်ထားကိုးကွယ်ခဲ့သဖြင့်  လူများဖူးမြော်ခွင့်ရရှိသောကြောင့် ဇေယျသေန နဂါးမင်းကြီးအား ကျေးဇူးတင်ရပါ သည်။
မြန်မာနိုင်ငံသည် ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကားရာနိုင်ငံဖြစ်ပြီး ဘုရားပုထိုး စေတီများ တည်ထားကိုးကွယ်ကာ ဘုရားပွဲတော်များကို ကျင်းပလျက်ရှိပါသည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် တန်ခိုးကြီးဘုရားများရှိသည့်အနက် ဆံတော်ရှင်မြတ်မော်တင် သည် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ စေတီတစ်ဆူဖြစ်ပြီး သာသနာတော် အတွင်း ဆံတော်မွေတော်ဓာတ်တော်များကို ဌာပနာပြု၍ တည်ထားကိုးကွယ်ခဲ့ကြ သော စေတီတော်အဆူဆူတွင် မြန်မာနိုင်ငံ၌ ပထမဆုံးတည်ထားကိုးကွယ်ခဲ့သော  စေတီတော်ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကျင်းပပေးသော ဘုရားပွဲတော်ဖြစ်သည်။
ဘုရားပွဲတော်ကို တစ်နှစ်လျှင်တစ်ကြိမ် တစ်လတိတိသာ ကျင်းပသည်။ ရှေးယခင် က ပွင့်ခဲ့သောဘုရားရှင်တို့၏ ဓာတ်တော်မွေတော်များ တည်ရှိကိန်းဝပ်တော်မူကြောင်း ကို ဂေါတမမြတ်စွာဘုရားကိုယ်တော်တိုင် မိန့်ကြားတော်မူခဲ့ပြီး ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် ပေးခဲ့သောဆံတော်များ တည်နေကိန်းဝပ်တော်မူရာ စေတီ တော်မြတ်ဖြစ်ပါသည်။ မြတ်မော်တင်စေတီတော်သို့ ဂေါတမမြတ်စွာဘုရားကိုယ်တော် တိုင် နှစ်ကြိမ်တိုင်တိုင် ကြွရောက်တော်မူရာဌာနဖြစ်ကြောင်း သမိုင်းအစဉ်အလာရှိသဖြင့် မြတ်မော်တင်စေတီတော်သည် မြန်မာနိုင်ငံတော်၏ အထင်ကရ ထင်ရှားသောစေတီ တော်တစ်ဆူ ဖြစ်ပါသည်။
မဟာမကုကျပ်ဋရံသီမှာ ““ကြီးမြတ်တော်မူသော မော်တင်အစွန်း၌ တောက်ပသော ရောင်ခြည်ဖြင့် ကြည်ညိုဖွယ်အဆင်းရှိသောစေတီ”” ဆံတော်ရှင်မှာ ဂေါတမမြတ်စွာ ဘုရား သက်တော်ထင်ရှားရှိစဉ် ပေးသနားတော်မူခဲ့သော ဆံတော်ရှစ်ဆူအနက်  ဆံတော်နှစ်ဆူကို ဌာပနာပြု၍ တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။

စေတီတော် တည်ထားကိုးကွယ်

မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ကဆုန်လပြည့် ဗုဒ်္ဓဟူးနေ့တွင် သုံးလောကထွတ်ထား ရှင်တော်ဂေါတမမြတ်စွာဘုရား၊ ဘုရားအဖြစ်သို့ ရောက်ရှိသည့်အခါက မြန်မာနိုင်ငံ ဥက္ကလာပတိုင်း အသိကဉနမြို့သား တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည်  အိန်္ဒိယနိုင်ငံ မဇ္ဈိမဒေသသို့ ကုန်ရောင်းကုန်ဝယ်သွားရာမှ ဘုရားပွင့်တော်မူခိုက်နှင့်  ကြုံတွေ့သဖြင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ဖူးမြော်ခွင့်ရရှိပြီး မုန့်ကြွပ်ကျစ်တို့ကို  လှူဒါန်းကာ ““ဒေ၀ါဇိက သရဏဂုံ”” ဆောက်တည်ခဲ့ကြလေသည်။ ထိုအခါ  မြတ်စွာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက  တဖုဿနှင့်  ဘလ်္လိက  ကုန်သည်ညီနောင်တို့အား နောင်အစဉ်သဖြင့် ကိုးကွယ်ပူဇော်နိုင်ရန်အလို့ငှာ မဟာသက်္ကရာဇ် (၁၀၃) ခုနှစ် ၀ါဆို လဆန်း ၅ ရက်နေ့တွင် ဆံတော်မြတ် ရှစ်ဆူ စွန့်ကြဲပေးအပ်ခဲ့ပါသည်။ တဖုဿနှင့် ဘလိ္လက ညီနောင်တို့ ပင့်ဆောင်လာသော ဗုဒ်္ဓဆံတော်ရှစ်ဆူအနက်မှ ဆံတော် နှစ်ဆူ ကို ဇေယျသေန နဂါးမင်းက တန်ခိုးဖြင့် ရယူခဲ့ပြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ရှိ ကုသိမနာဂရ (ပုသိမ်)တောင်ပိုင်း နဂါးရစ်မှော် ခေါ် သရနတောင်စွန်း (၀ါ) မော်တင်စွန်း တွင် မဟာသက်္ကရာဇ် ၁၀၃ ခုနှစ် ၀ါဆိုလပြည့်နေ့တွင် ပင်လယ်တွင်းမှ ရရှိလာသော မြသားဖြင့် စိုင်တမော့အရွယ်စေတီကို တည်ထားကိုးကွယ်ခဲ့သည်။

တစ်လတိုင်တိုင်ကျင်းပ

မဟာမကုဋရံသီ ဆံတော်ရှင်မြတ် မော်တင်စေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူဒါန်းပူဇော်ပွဲကို ၁၉-၂-၂၀၁၉ ရက် (၁၃၈၀ ပြည့်နှစ်၊ တပို့တွဲလပြည့်နေ့) မှ ၂၀-၃-၂၀၁၉ ရက် (၁၃၈၀  ပြည့်နှစ် တပေါင်းလပြည့်နေ့အထိ) တစ်လတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်သည်။
ဘုရားပွဲတော်၌ ဗုဒ္ဓါဘိသေကဘုရားအနေကဇာတင်ခြင်း၊ ဆရာတော် သံဃာ တော်များက အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ပင့်သံဃာများအား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ခြင်း၊ ဇာတ်သဘင်ပွဲများ၊  စင်တင်တေးဂီတများ၊  ပျော်ပွဲရွှင်ပွဲ အစီအစဉ်များ ပါဝင်မည်ဖြစ်သည်။

ဒေ၀ါဝင်း ရာဇာဝင်းများဖြင့် ပူဇော်

ဖွင့်ပွဲနေ့   နံနက်ပိုင်းတွင်  နတ်တောင်တောင်ခြေမှ   ကမ်းနားသဲသောင်ပြင် တစ်လျှောက် ဖောင်တော်ဆိပ်ဘုရားအထိ ဒေ၀ါဝင်း ရာဇ၀င်းများဖြင့် မြတ်မော်တင် ဘုရားအား ပူဇော်ကန်တော့သည့်မြင်ကွင်းမှာ များစွာမင်္ဂလာရှိလှသည်။ မင်္ဂလာအချိန် တွင် သက်ဆိုင်ရာများက မုခ်ဦးရှေ့တွင် ဖွင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာ များဖြင့် ပက်ဖျန်းပေးကြသည်။ သမာဓိစောင်းတန်းမှ ဆံတော်ရှင်မြတ်မော်တင်  ဘုရားရင်ပြင်ပေါ်သို့ သက်ဆိုင်ရာ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ တက်ရောက်ပြီး ဆံတော်ရှင်မြတ်မော်တင်ကြီးအား လက်ယာရစ် တစ်ပတ်လှည့်လည်ပူဇော်၍ စေတီ တော်မြတ်ကြီး၏ အဂဩထောင့်တွင် ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း၊ သစ်သီးကိုးမျိုး၊ ယိုကိုးမျိုး တို့ဖြင့် ဆက်ကပ်လှူဒါန်းကြမည်ကို ကုသိုလ်ယူနိုင်ကြသည်။ ဆရာတော် သံဃာတော် များက မြတ်မော်တင်စေတီတော်မြတ်ကြီးအား ဗုဒ်္ဓါဘိသေက အနေကဇာတင်တော် မူခြင်း၊  လှူဒါန်းမှုအစုစုတို့ကို  ရေစက်သွန်းချ  အမျှပေးဝေသည့်အတွက်  သာဓု အနုမောဒနာ ခေါ်ဆိုရမည်။

မြတ်မော်တင်စေတီတော်မြတ်ကို သီရိဓမ္မာသောကမင်းကြီးကလည်းကောင်း၊ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီးကလည်းကောင်း ထပ်မံပြုပြင်မွမ်းမံပြီး ဗုဒ်္ဓပူဇနိယ ပွဲတော် ကျင်းပခဲ့သည်။

ဘုရားဖူးများစည်ကား

ဘုရားပွဲတော်သို့ သွားရောက်သည့် သင်္ဘောများ၏ ခေါင်မိုးများတွင် သာသနာ့ အလံများ၊ ပလတ်စတစ်ပူးဖောင်းများကို ၀ါးခက်များဖြင့် တင့်တယ်လှပစွာ ပန်းဖွား ဆင်ထားတတ်သည်ကို တွေ့ရသူများသည် မြတ်မော်တင်ဘုရားပွဲတော်သို့  သွားလို စိတ်များ ပေါ်ပေါက်မိတတ်သည်။  ကျေးရွာဓလေ့ တေးသံသာများဖြင့်  လွှင့်ထုတ် ပေးနေသည်မှာ ကြားရသူများအဖို့ ဘုရားပွဲတော်သို့ သွားလိုစိတ်များ ထပ်မံဖြစ်ပေါ်စေ ပါသည်။
ရန်ကုန်မြို့မှ ၂၅၈ မိုင် ကွာဝေးသော ခမောက်မှော်သို့  စက်တပ်ရေယာဉ်ကြီး များဖြင့် လည်းကောင်း၊  ပုသိမ်မြို့မှ  မော်တင်စွန်းဘုရားအထိ ၁၀၁ မိုင် သုံးဖာလုံ ရှိရာသို့  မော်တော်ကားများဖြင့်လည်းကောင်း  အလွယ်တကူသွားလာနိုင်ပြီး ပုသိမ် မြို့မှ  ၈၆  မိုင်ကွာဝေးသော   ခမောက်မှော်သို့   ရေယာဉ်ကြီးများဖြင့်   သွားလာနိုင် သည်။
တစ်ညအိပ်ဘုရားဖူးပြီး ပြန်လာနိုင်မည်ဖြစ်ရာ သွားရေးလာရေး အလွန်လွယ်ကူလှ ပါသည်။ အပြန်ခရီးတွင် ပုသိမ်၊ မြောင်းမြ၊ ၀ါးခယ်မ၊ မအူပင်မြို့များသို့ ၀င်ရောက်ဘုရားဖူး နိုင်သည်။ သမိုင်းဝင်ဟိုင်းကြီးကျွန်းမြို့ကို ၀င်ရောက်လေ့လာနိုင်သည်။ ကျိုက်တီစေတီကို လည်း ဖူးမြော်နိုင်ပါသည်။ ကျောက်ကလပ်သို့ စက်လှေဖြင့်လည်းကောင်း၊ ငွေတောင် ခေါ် (မြွေတောင်) သို့ မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ နွားလှည်းများ၊ မော်တော် ဆိုင်ကယ်များ၊ ခြေကျင်လျှောက်၍လည်းကောင်း၊ ရှုမျှော်၍မဆုံး ခရီးလမ်းတွင် ရေဝေ ကုန်းတန်းတစ်လျှောက် ကျောက်ဆောင်ကျောက်ကမ်းပါးများသည် လှပစွာစီခြယ်ထား သည့်အလား မိုးကောင်းကင်၏ ပြာလဲ့သောအရောင်၊ စိမ်းမြမြပင်လယ်ရေပြင်များ၊ လှိုင်းကြက်ခွပ်သံများ၊ လှိုင်းဖြူဖြူဖွေးများ ကမ်းစပ်သို့ တလိမ့်လိမ့် တက်လာပုံများ၊ လေပြေလေအေးများနှင့် သဘာဝရှုခင်းများကို ကြည့်ရှုခံစားနိုင်ကာ သွားရောက် လေ့လာနိုင်သည်။ ငွေတောင်ရေချိုးဆိပ်တွင် ရေချိုးရသည်များမှာ အလွန်ပျော်စရာ ကောင်းလှသည်။ သန့်ရှင်းလတ်ဆတ်သော ပင်လယ်အစားအစာများကို စားသောက်နိုင် သည်။ အုန်းရည်ချိုချိုလေးများ သောက်သုံးနိုင်သည်။ ပွဲတော်ဈေးခင်းမှာ သဲသောင်ပြင် တွင်ရှိ၍ ပင်လယ်ရေ၏ အလှသဘာဝနှင့် ပနံရ တင့်တယ်လျက်ရှိသည်။

အံ့ဖွယ်များ

မြတ်မော်တင်စေတီတော်မြတ်ကြီးတွင် အံ့ဖွယ် ၁၈ ပါး ရှိလေသည် -
 - ညအခါ စေတီတော်အား တစ်ယောက်တည်း အဓိဋ္ဌာန်၍ ခုနစ်ပတ်ရစ်ပတ်ပါက ရွှေသံငွေသံကြားရခြင်း
 - ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလိပ်များ အမြောက်မိုး၊ လက်နက်မိုး၊ ဗုံးမိုး ရွာသော်လည်း ကျည်ဆန်တစ်ခုမျှ မခခြင်း။
 - လပြည့် လကွယ်နေ့များတွင် ရောင်ခြည်တော်လွှတ်လေ့ရှိခြင်း။
 - စေတီကုန်းနှင့် ပရိဝုဏ်တစ်ဝိုက်တွင် ရာသီပန်းများ မပြတ်ပွင့်ခြင်း။
 - ညချမ်းအခါတွင် စေတီတော်ကုန်းတော်၌ အမွှေးရနံ့လှိုင်ခြင်း။
 - ခေါင်းလောင်းများ လူမတီးဘဲ မြည်တတ်ခြင်း။
 - ယခုထက်တိုင်ပင် ရံဖန်ရံခါ ဆွမ်းများ ဦးအောင်မတင်နိုင်ခြင်း။
 - နှစ်စဉ်နှစ်တိုင်း ဘုရားပွဲတော်ဖြစ်သော်လည်း အ်္တရာယ်မရှိခြင်း။
 - နတ်ကျား၊ နဂါးတို့ ဘုရားဖူးလာသော်လည်း လူတို့အား ဒုက်္ခမပေးခြင်း။
 - လပြည့်လကွယ်တွင် စေတီကုန်းမှ မောင်းသံ၊ ဗုံသံ စသော တူရိယာအမျိုးမျိုး တို့၏ အသံကို အရုဏ်ဦးယံတွင် ကြားရတတ်ခြင်း။
 - ဘေးအန္တရာယ်များ ကျရောက်ပါက စေတီတော်ကြီးအား အာရုံပြု၍ ရှိခိုး ဆုတောင်းလိုက်သည်ရှိသော် ဘေးအန္တရာယ်မှ ကင်းဝေးခြင်း။
 - တပေါင်းလ ဘုရားပွဲတော်ကြီးဖြစ်ခါနီးတိုင်း ကျီးအုပ်ကြီးများ၊ အမျိုးအမည် မသိသော ငှက်အုပ်ကြီးများ၊ တောင်တော်နှင့် စေတီတော်အား ရစ်ပတ်ပျံဝဲ တတ်ခြင်း။
 - ဘုရားပွဲတော်ကြီးတွင် လူသိန်းသန်းချီ၍ လာရောက်သော်လည်း သောက်ရေ ကန်မှ ရေများ မလျော့ခြင်း။
 - ဘုရားပွဲတော်တွင် ဆွမ်းတော်တင် တောင်ပုံရာပုံစွန့်ပစ်ထားသော်လည်း ကျီးတစ်ကောင်မျှ လာရောက်စားသောက်မှု မရှိခြင်း။
 - ဘုရားပွဲတော်တွင် လူပေါင်းသိန်းချီ၍ ရောက်လာသော်လည်း  တောင်တော် တွင် လူပြည့်သည်ဟု မရှိခြင်း။
 - ယုံကြည်စွာဖြင့် စေတီတော်ကြီး ရင်ပြင်တော်တွင် သစ္စာအဓိဋ္ဌာန်ပုတီးစိပ်ပါက ရင်ပြင်တော်မှ မြည်ဟည်းသံကြားရတတ်ခြင်း။
 - နှစ်စဉ် တပေါင်းလတိုင်း အကြောင်းတစ်စုံတစ်ရာကြောင့် ဘုရားပွဲတော် မကျင်းပနိုင်ပါက တောင်တော် မြည်ဟည်းခြင်း။
 - စေတီတော်ကို အဝေးမှမြင်ရလျှင် သော်လည်းကောင်း၊ စေတီတော်ပရိဝုဏ် သို့ ကြည်ညိုစိတ်နှင့် ရောက်လာသည်နှင့်လည်းကောင်း၊ ဖူးမြော်ဦးတိုက်လျှင် သော်လည်းကောင်း ကာယသုခ၊ စိတ္တသုခနှစ်ပါး ချမ်းမြေ့ရခြင်း။
စသည့်  အံ့ဖွယ်  ၁၈  ပါးနှင့်  ပြည့်စုံတော်မူသော  စေတီတော်မြတ်ဖြစ်ခြင်းကြောင့် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများ သွားရောက်ဖူးမြော်စေချင်ပါသည်။

ဒေသန္တရ ဗဟုသုတရရှိ

မြတ်မော်တင်စေတီကို ဖူးမြော်ရင်း ဧရာဝတီတိုင်းဒေသကြီး၏ သာယာတိုးတက် ဖွံ့ဖြိုးနေသော လုပ်ငန်းများ၊ ရေမြေတောတောင်များ၏ အလှသဘာဝရှုခင်းများ၊ အုန်းပင်များ၊ ဓနိပင်များ၊ စပါးပင်များ စသည့်  စိုက်ခင်းများကို  ကြည့်ရှုခံစားရင်း ဧရာဝတီမြစ်ကူးတံတားများ၊  မြန်မာနိုင်ငံ၏  အထူးစီမံကိန်းများ၊  ဟိုင်းကြီးကျွန်း ဆိပ်ကမ်းရှိ များပြားလှသော ငါးဖမ်းရေယာဉ်များ၊ သာယာလှပသည့် သမိုင်းဝင် ဟိုင်းကြီးကျွန်းနှင့် စံပြရွာ၊ အဏ္ဏ၀ါ၊ ကျောက်ချောင်း၊ ခမောက်မော်နှင့် ကံချိုင်ရွာ၊ ဆီးချိုင်ရွာတို့၏ သဘာဝအလှအပများကို တွေ့မြင်ရမည်ဖြစ်ပြီး ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ပျူငှာနွေးထွေးစွာဆက်ဆံမှုများကိုလည်း ထိတွေ့ခံစားရမည့်အပြင် ဒေသန္တရဗဟုသုတများစွာ ရရှိမည်ဖြစ်ပါသည်။
စိတ်ရွှင်လန်းမှုကို     ဖြစ်ရခြင်း၊   ကျန်းမာရေးကို   အထောက်အပံ့ပေးသော ပင်လယ်လေကောင်းလေသန့်များကို ရှူရှိုက်ရခြင်း၊ သဲသောင်ကမ်းစပ်များပေါ်တွင် လမ်းလျှောက်ရခြင်း၊   ဒေသထွက်ကုန်ပစ်္စည်းများကို   အမှတ်တရ၀ယ်ယူရရှိနိုင်ခြင်း တို့အပြင် ဒေသခံတိုင်းရင်းသားပြည်သူတို့၏ စည်းလုံးညီညွတ်မှု၊ ရိုးသားမှု၊ ဧည့်ဝတ် ကျေပွန်မှုတို့ကိုလည်း ထိတွေ့ခံစားနိုင်ပေသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး ပုံတူ

မြတ်မော်တင်စေတီတော်မြတ်ကြီးအား ရွှေတိဂုံစေတီတော်မြတ်ကြီး ပုံတူအဖြစ်  ရွှေရောင်စတီးပြားများငုံကာ ပြန်လည်ဆောင်ရွက်ထားပြီး စေတီတော်၏ ရင်ပြင်တော် အား ထမ်းထားသော မြေထိန်းနံရံများကို ခြုံငုံကာ အဆိုပါနေရာများတွင် မြတ်မော်တင် စေတီမြတ်ကြီး၏ သမိုင်းကြောင်းများကို လူအများ လာရောက်ကြည့်ရှုလေ့လာနိုင်မည့် ပြခန်းငယ်များကိုလည်း ဆောင်ရွက်ထားပါသည်။

အလှူရှင် ဒေါက်တာခင်ရွှေမိသားစုက စေတီတော်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ် နားတော်၊ ရွှေထီးတော်သစ် တင်လှူပူဇော်ခဲ့သည်။  စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်  ရွှေထီးတော်ဘုံ ဆင့်များအား ကျိုက်ထီးဆောင်းဆရာတော် ဦးဆောင်၍ ပြုပြင်မွမ်းမံ ထားသည့်အတွက် သပ္ပာ  ယ်စွာ ဖူးမြော်နိုင်သည်။ ရင်ပြင်ပေါ်ရှိ အရံစေတီ ၁၆ ဆူနှင့် အပြင်တွင်ရှိသော အရံစေတီများအား အလှူရှင်များက ရွှေသင်္ကန်းကပ်လှူထားကာ  သာသနိကအဆောက်အအုံများကိုလည်း ပြန်လည်ပြုပြင်ထားသည့်အတွက် ဆံတော် ရှင်မြတ်မော်တင်စေတီမှာ အလွန်သပ္ပာ  ယ်စွာ ဖူးမြော်ရမည်ဖြစ်ပါသည်။

ဘုရားဖူးများ စိတ်အေးချမ်းသာ  ကြည်ညိုစွာ  ဘုရားဖူးမြော်နိုင်ရန်အတွက် အဘက်ဘက်မှ ပြည့်စုံစွာ စီစဉ်ထားရှိပြီးဖြစ်ရာ ကြုံတောင့်ကြုံခဲ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီ  ဗုဒ္ဓပူဇနိယပွဲတော်ကို  လာရောက်ဖူးမြော်ကြည်ညိုကြ စေလိုကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။       မောင်တင်လှိုင် (ဟိုတယ်/ခရီး)

No comments:

Post a Comment