Latest News

Sunday, February 3, 2019

"သံလက်သီး"ခေတ်ဆိုးအောက် ဒူးမထောက်၊လက်မမြှောက်ခဲ့သူ (သို့မဟုတ်)၁၉၉၀ အမတ်ဦးသန်းလွင်

၂၀၀၉ ခုနှစ် မတ်လထဲမှာပါ။
သံခြေချင်းအခတ်ခံထားရတဲ့အသက် (၇၁)နှစ်အရွယ်
အကျဉ်းသား အဘိုးအိုတစ်ယောက်ကိုရဲအင်အား ၄ ယောက်က
လုံခြုံရေးစောင့်ကြပ်ပြီးခရီးသည်တင်ဟိုက်ဝေးကားတစ်စီးပေါ်
လမ်းကနေကြားဖြတ် တင်ခေါ်လာပါတယ်။

ကားပေါ်ရောက်တော့ ဘေးကပ်လျက်မှာရှိတဲ့
ခရီးသည်အမျိုးသမီးတစ်ဦးက" အဘိုး ! ဘာဖြစ်လို့ ထောင်ကျတာလဲ"မေးတော့
"နိုင်ငံရေး လုပ်လို့"လို့အဘိုးအိုက ဖြေတယ်။

ဒီအခါ အခြား ခရီးသည်အမျိုးသမီးက"အဘ...စားချင်တာဝယ်စားပါ"ဆိုပြီး
အဘိုးအိုကို လက်တို့ပြီးပိုက်ဆံ၂ ထောင်ကျပ် လက်ထဲထည့်ပေးတယ်။

ဒီအကျဉ်းသားအဘိုးအိုဟာ၁၉၉၀ ရွေးကောက်ပွဲ အရွေးချယ်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့လွှတ်တော်ကိုယ်စားလှယ်
ဦးသန်းလွင်(မတ္တရာ)ဆိုတာကားပေါ်က ခရီးသည်တွေ
သိကြပုံမပေါ်ပါဘူး။

ဒါကတော့၂၀၀၉ ခုနှစ်ဝန်းကျင်အခါနိုင်ငံရေး အကျဉ်းသား
NLD လွှတ်တော်ကိုယ်စားလှယ်ဦးသန်းလွင်ကို
မန္တလေးအိုးဘိုထောင်ကနေလွိုင်ကော်ထောင်ဆီ
အခုလို ခရီးသည်တင်ကားနဲ့ထောင်ပြောင်းခဲ့ပုံ ဖြစ်ပါတယ်။

ခုနေခါ အဘဦးသန်းလွင်ခမျာ မျက်လုံးတစ်လုံးတည်းသာ
အကောင်းပကတိရှိတော့ပေမယ့်လည်းမာကျောတဲ့စိတ်ဓာတ်၊
ရဲရင့်ခြင်းသူရသတ္တိ၊တိုင်းပြည်အပေါ်ချစ်မြတ်နိုးခြင်းနဲ့တကွ
သူ့လူမျိုးအတွက်မျှော်လင့်ချက်အလင်းရောင်တွေကိုတော့
ကျန်နေတဲ့ ဒီမျက်လုံးတစ်လုံးထဲမှာအထင်းသား တွေ့မြင်ရပါလိမ့်မယ်။

ဟိုယခင် စစ်အာဏာရှင်လက်သပ်မွေးထားတဲ့
လက်မရွံ့လူမိုက်(ခုခေတ်အခေါ်လက်ပတ်နီဂိုဏ်းသား
စွမ်းအားရှင်)တွေရဲ့လက်ချက်ကြောင့်မျက်စိ အတွင်းဒဏ်ဖြစ်ရာကနေ
အဘဦးသန်းလွင်တစ်ယောက်မျက်စိတစ်ဖက် ကွယ်ခဲ့ရရှာတာပါ။

အဘ ဦးသန်းလွင်ကိုအဖ ဦးစံထွေး၊အမိ ဒေါ်ကျွေတို့ကနေ
၁၉၃၈ စက်တင်ဘာ ၉ ရက်မှာမွေးဖွားခဲ့တယ်။

ပျဉ်းမနားရေဆင်းကောလိပ်ကနေစိုက်ပျိုးရေးဒီပလိုမာဘွဲ့ရရှိခဲ့ပြီး
အလယ်တန်းပြကျောင်းဆရာဘဝအပါအဝင်
စိုက်ပျိုးရေး အရာရှိအဖြစ်ပါကျင်လည်ခဲ့တယ်။

၁၉၉၀ ခုနှစ်မှာတော့မတ္တရာမြို့နယ်
မဲဆန္ဒနယ်အမှတ်(၂)ကနေအရွေးကောက်ခံရတဲ့
NLD လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာတယ်။

ခေတ်ဆိုးခေတ်ကြပ်ထဲ"အမတ်"ဖြစ်လာရသူမို့
(၁၉၉၆)(၁၉၉၇)(၁၉၉၈)ကာလတွေအတွင်း
၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲနှစ်ပတ်လည်"မေလ"ရောက်တိုင်း
ရန်ကုန်ရှိ ပါတီဌာနချုပ်ဆီ မသွားဖြစ်အောင်
သူ့ကို မတ္တရာပြင်ပ မထွက်ရဆိုပြီးမတ္တရာဗိုလ်တဲထဲ
ရက်အနည်းငယ်ကနေအများဆုံး ၂ ပတ်အထိ
စစ်အစိုးရကခြေချုပ်ထိန်းသိမ်းထားတတ်တယ်။

လွတ်ပေးခါနီးရင်တော့ထောက်လှမ်းရေး -၁ က
အရာရှိတချို့လာတွေ့ပြီးဦးသန်းလွင်အနေနဲ့ 
မိမိဘာသာ၊မိမိသဘောဆန္ဒအတိုင်း
ရန်ကုန်မသွားဖြစ်သလိုမျိုးပုံဖျက်ပြောဆိုတာ လုပ်လေ့ရှိမြဲ။

၁၉၉၈ ခုနှစ်၊လွှတ်တော်ခေါ်ဖို့ရက်ပေါင်း ၆၀ ရာဇသံပေးထားတဲ့
အခြေအနေမျိုး ဖြစ်လာတော့ဆိုးသွမ်း၊ပေတေနေသူတွေအပေါ်
ခံဝန်ခြေချုပ် ပြစ်ဒဏ်ထားတဲ့၅ -၁(စ၊ဆ)ပုဒ်မမျိုး အသုံးပြုပြီး
သူ့လို အမတ်တစ်ယောက်ကိုမတ္တရာ ရဲစခန်းဆီ
တစ်ရက်၂ ကြိမ်လက်မှတ်လာထိုးဖို့
အာဏာပိုင်ကဖိအားပေးစေခိုင်းပါတယ်။

နောက်တော့ဒါကို "အမတ်"တစ်ယောက်အနေနဲ့
မလိုက်နာနိုင်ကြောင်းအကြောင်းပြန်လိုက်တဲ့အခါ
မန္တလေးတောင်ခြေ (၉၅)တပ်ရင်းထဲပို့ဆောင်ပြီး ဆက်လက်ထိန်းသိမ်းပါတယ်။

အဲ့ဒီတုန်းကဒေါက်တာအောင်ငွေ(မတ္တရာမြို့နယ်
မဲဆန္ဒနယ် - ၁လွှတ်တော်ကိုယ်စားလှယ်)၊
ဦးစောဌေး၊ကိုတင်ထွဋ်ဦး၊ဦးမောင်မောင်သန်းတို့နဲ့ အတူ
အထိန်းသိမ်းခံရတာပါ။

၂ ပတ် တစ်ကြိမ်အိမ်ပြန်ခွင့်ပြုပြီးအဲ့ဒီ ၉၅ တပ်မထဲမှာ
အဘ ဦးသန်းလွင်က၁နှစ်၊၇လနဲ့ ရက်၂၀ ကြာအောင်
အကျယ်ချုပ်နေထိုင်ခဲ့ရပါတယ်။

၂၀၀၀ ခုနှစ်အတွင်းအဲဒီကနေအပြင်ပြန်ရောက်တာမှ လပိုင်းပဲရှိသေးတဲ့အချိန်။
"လွှတ်တော်ကိုယ်စားလှယ်တွေအလိုမရှိ"ဆိုပြီး လူထု ဆန္ဒပွဲကို
ကြံ့ ဖွံ့ကလုပ်တဲ့အခါပြည်သူဆီကနေ
လက်မှတ်ထိုးလိမ်ညာရယူတာမျိုးတွေ၊
ကိုယ်စားလက်မှတ်ရေးထိုးစေတာမျိုးတွေ၊
အသက်မပြည့်သေးသူကိုမိသားစုအားလုံးကိုယ်စား
လက်မှတ်ထိုးခိုင်းတာမျိုးတွေ၊လက်မှတ်ရေးထိုးရတဲ့အကြောင်းကို
မရှင်းပြဘဲ ထိုးခိုင်းတာမျိုးတွေစတဲ့ မသမာမှုတွေ ရှိခဲ့ပါတယ်။

ဒီအပေါ် အဘဦးသန်းလွင်ကကန့်ကွက်စာတင်ရှုတ်ချခဲ့လို့
ဦးကျော်ဆွေ(အတွင်းရေးမှူး)၊ဦးစိုးငြိမ်းမောင်(ဘဏ္ဍာရေးမှူး)၊
ကိုတင်အောင်(လူငယ်အဖွဲ့)နဲ့အတူအဘ ဦးသန်းလွင်ကို
ပုဒ်မ ၅ -ည၊၅ -င၊ခွင့်ပြုမိန့်မရဘဲခရီးသွားလာမှု
ပုဒ်မ ၁၈၀၊ပုဒ်မသုံးခုနဲ့တရားစွဲပြီးထောင်ဒဏ် ၉ နှစ် ၆ လ ချမှတ်ခဲ့ပါတယ်။

အဲဒီတုန်းက၁နှစ်၇လနဲ့ ၁၀ရက်သာ နေခဲ့ရပြီး
၂၀၀၂ ခုနှစ်မှာ ပုဒ်မ ၄၀၁ ခံဝန်နဲ့ ပြန်လွတ်ခဲ့တယ်။

၂၀၀၇ ခုနှစ်ကာလကသွားလေသူ တောင်သာနယ်ပိုင်
(စက်မှုဝန်ကြီးဦးအောင်သောင်း)တန်ခိုးထွားနေချိန်ဆိုတော့
သူ့လူယုံဖြစ်တဲ့အမာခံလူမိုက်တွေကိုသူက မှာကြားထားတာရှိပါတယ်။

ဒါက"မတ္တရာ၊စဥ့်ကူး၊မန္တလေးတွေမှာ
တစ်ဖက်အင်အားစုရဲ့ လှုပ်ရှားမှုကိုသတင်းရယူပြီး
ပိုမိုများပြားတဲ့ အင်အားအသုံးပြုနှိမ်နင်းရမယ်။
လူသေတဲ့အထိ ဖြစ်ခဲ့ရင်တောင်အမှုမဖြစ်စေရဘူး"လို့ဆိုပါတယ်။

၂၀၀၇ ခုနှစ် ဇွန်လ ၁၅ ရက်ရောက်တော့
မတ္တရာမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မြို့နယ်စည်းရုံးရေးအဖွဲ့နဲ့ရပ်ကျေးအဖွဲ့အဖွဲ့ဝင်
လူအင်အား(၃၀)ပါအဘ ဦးသန်းလွင်တို့အဖွဲ့ဟာ
မတ္တရာမြို့ဈေးထောင့်ကဘုန်းကြီးကျောင်း၊ဓမ္မာရုံအတွင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေ
လွတ်မြောက်ရေးဆုတောင်းပွဲလုပ်အပြီးအပြန်
နှစ်ယောက်တစ်တွဲ ထွက်လာကြတဲ့အခါ
ရွှေဂူကြီးဘုရားမှာကြိုတင်လူစုထားတဲ့ရာနဲ့ချီ လူအုပ်ဟာရန်ပြုဖို့အတွက်
 နောက်ကနေလိုက်ပါလာကြတယ်။

စရဖ၊ရယက၊သတင်းတပ်ဖွဲ့ တွေ၊ရဲလုံခြုံရေးတွေ လိုက်ပါလာတဲ့ကြားကနေပဲ
လူအုပ်ထဲကနေ လူတစ်ယောက်ရုတ်တရက်ပြေးဝင်လာပြီး
မတ္တရာ ဒီချုပ်ဥက္ကဌ ဦးခင်မောင်သန်း
(ယခု ကွယ်လွန်)နဲ့ နှစ်ယောက်တွဲ ထွက်လာတဲ့ 
အဘဦးသန်းလွင်ရဲ့ဝဲဘက်မျက်လုံးထောင့်ကို
သံစွပ်လက်သီး(ဒတ်စတာ)နဲ့စတင်ထိုးကြိတ်ပြီး
ထွက်ပြေးသွားပါတယ်။

အဘ ဦးသန်းလွင်ခမျာနှာခေါင်းရိုးကျိုးသွားတဲ့အတွက် မန္တလေးဆေးရုံကြီး
မျက်နှာနဲ့မေရိုးဌာနမှာရက်(၂၀)ကြာကုသရတယ်။

အဲ့ဒါအပြင်သံလက်သီးနဲ့ အထိုးခံရတဲ့ဘက်က
မျက်လုံးကိုပါ ထိခိုက်သွားတဲ့ဒဏ်ကနောက်ထပ်(၄)လအကြာ
၂၀၀၇ အောက်တိုဘာ၂ ရက်ထောင်ထဲရောက်သွားပြီး
နောက်ပိုင်းကျမှ ပေါ်လာတယ်။

"နေရောင်ကို မကြည့်နိုင်ဘူး။မျက်လုံးက ကိုက်ခဲနေတာ။
ထောင်က မျက်စဉ်းပေးတယ်။မျက်စိအထူးကု ပြတဲ့အချိန်ကျတော့
လွန်သွားပြီလေ။မျက်စိက မမြင်ရတော့ဘူး"လို့
အဘဦးသန်းလွင်ကနာကျည်းတုန်ခါတဲ့အသံနဲ့ပြောပြရှာပါတယ်။

ရဲမှူးကြီးမောင်မောင်လွင်ကဦးသန်းလွင်ကို တွေ့ဆုံတဲ့အခါ
"အပြင်ကတည်းကခင်ဗျားမျက်စိ မမြင်တာမဟုတ်လား"လို့
သူတို့အပြစ် မဖြစ်သယောင်ကိုယ်ချင်းမစာနာဘဲ ပြောထွက်ပါသေးတယ်။

သံလက်သီးနဲ့ထိုးပြီးထွက်ပြေးသူကိုနောက်ယောင်ခံ လိုက်ကြည့်တဲ့အခါ
ပါတီရုံးကြီးတစ်ခုထဲ နောက်ဖေးပေါက်ကနေ ဝင်ရောက်သွားတာမို့
ရဲကိုအကြောင်းကြားတယ်။
အထဲအထိ ဝင်ရှာမယ်လုပ်တော့အစည်းအဝေးရှိနေလို့ဆိုတဲ့
အကြောင်းပြချက်နဲ့ ဝင်ခွင့်မပေးခဲ့ပါဘူး။

ဒါတင်မက သူခိုးက လူဟစ်ပြီးအဆိုပါ ပါတီရုံးရှေ့
ရောက်သွားခဲ့တဲ့ အဖွဲ့တွေကိုသူတို့ အပေါ်သက်သက်မဲ့ ကြိမ်းဝါးစွပ်စွဲတယ်ဆိုတဲ့စွဲချက်နဲ့ 
တရားပြန်စွဲကြပါတယ်။

သံစွပ်လက်သီးနဲ့ထိုးကြိတ်ပြီးကျူးလွန်ရမ်းကားသွားသူကိုတော့
ဖော်ထုတ်ဖမ်းဆီးအရေးယူ မပေးဘဲ၊ကိုယ့်တွေဘက်က လူ ၉ ယောက်ကို
ပုဒ်မ ၅၀၆(အပိုဒ်ခွဲ၂ - ၁၁၄)နဲ့အမှုဖွင့်စစ်ဆေးကာ
ထောင် ပြန်ချပစ်တဲ့အထိဥပဒေမဲ့လုပ်ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးထောင်ဒဏ်ကျခံရသူတွေကတော့
(၁)ဦးသန်းလွင်ရဲ့သမီးကြီးဒေါ်ခင်မာကြီး၊(၂)သမီးလတ်ဒေါ်ခင်မာလေး
(၃)အငယ်ဆုံးသား ကိုဇော်မင်းလွင်(ယခုလက်ရှိမှာ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
(၄)ဦးဉာဏ်စိန်
(ဦးသန်းလွင်ရဲ့သားမက်)
(၅)ကိုညီညီ(ဒီချုပ်ဥက္ကဌရဲ့ သား)
(၆)ဦးကျော်ဆွေ(ဒီချုပ်အတွင်းရေးမှူး
(၇)ဦးသောင်းနိုင်
(ဒီချုပ်တွဲဘက်အတွင်းရေးမှူး)
(၈)ကိုညိုလေး(စည်းအဖွဲ့ဝင်၊
ယခု လက်ရှိဒီချုပ်အတွင်းရေးမှူး)နဲ့
(၉)ဦးညိုကြီး(မတ္တရာ ဒီချုပ် ဒုဥက္ကဌတို့ပါပဲ။

ဒီလူတွေထဲမှာဦးညိုကြီးက ၇ နှစ်ကျပြီးကျန်အားလုံးက၅ နှစ်စီအချခံရပါတယ်။
ထောင်ချခံရတဲ့အထဲအဘဦးသန်းလွင်ရဲ့ မိသားစုဝင်
၎ ယောက်အထိ ပါနေပါတယ်။

သမီးကြီးဒေါ်ခင်မာကြီးကိုကလေးထောင်။
သမီးလတ်ဒေါ်ခင်မာလေးကိုမြင်းခြံထောင်။
သားငယ်ကိုဇော်မင်းလွင်နဲ့ သားမက်ဦးဉာဏ်စိန်တို့ကို
ခန္တီးထောင် စသဖြင့်နယ်ဝေးထောင်တွေဆီတကွဲတပြား အပို့ခံရပါတယ်။

"အပြင်မှာကျန်ရစ်တဲ့သမီးငယ် မခင်မာလွင်နဲ့အတူ
ထောင်တကာ လိုက်ပြီးထောင်ဝင်စာတွေ့ရတောတာပေါ့လေ။
အမေ့အတွက် သမီးတစ်ယောက်အိမ်စောင့်ကျန်နေခဲ့လို့သာ
တော်သေးတယ်"လို့အဘ ဦးသန်းလွင်ရဲ့ ဇနီး
အဖွားဒေါ်ခင်သီကသူ့ဒုက္ခကို ရင်ဖွင့်ပြောပြရှာပါတယ်။

နောက်တော့ တိုင်းတရားရုံးကိုအယူခံဝင်တဲ့အခါ
ဒေါ်ခင်​မကြီး၊​ဒေါ်ခင်​မာလေး၊ဦးဉာဏ်​စိန်​တို့က အယူခံနိုင်​တဲ့အတွက်
အမိန့်​ချပြီး၂ လအကြာမှာတရားသေပြန်လွှတ်လာလို့သာတော်သေးတယ်။

ကိုညီညီ၊ဦးကျော်ဆွေ၊ဦးသောင်းနိုင်ကိုညိုလေးနဲ့ကိုဇော်မင်းလွင်တို့ကို
ပြစ်ဒဏ် ၁ နှစ် ပြင်ဆင်ချက်ပေးပါတယ်။

ဒါပေမဲ့ သူတို့တွေကိုလည်းပဲအပြင်က မိသားစု
လိုက်တွေ့ဖို့ခက်ခဲအောင်နယ်ဝေးထောင်တွေဆီ
တမင်သက်သက်ပို့ပစ်ပါတယ်။

ဦး​ကျော်​​ဆွေ၊ဦးညို​ လေးတို့ကက​လေး​ထောင်၊
ဦးညီညီ၊ဦး​သောင်းနိုင်​တို့ကမြင်းခြံ​ထောင်​​နဲ့
ဦးညိုကြီးကခန္တီး​ထောင်အသီးသီးအပို့ခံရတာပါ။

အဲ့သလို၉ ဦးထောင်ကျသွားပြီး
နောက်ပိုင်းကာလ၊မန္တလေးတိုင်းအစည်းအဝေး
လုပ်ကြတော့Do (or) Die သဘောမျိုးမိုးကုတ်ကအဆိုတင်ပါတယ်။

နောက်ပြီးအမေရိကန်သံအဖွဲ့နဲ့တွေ့ဆုံတဲ့အခါ
သံစွပ်လက်သီးနဲ့အထိုးခံရတာအပါအဝင်
မန္တလေးဈေးချိုတော်(စီ)ရုံက ဒေါ်ဝင်းမြမြရဲ့ဆိုင်ခန်း
ဥပဒေမဲ့မတရားအသိမ်းခံရတာကိုပြောပြခဲ့တာလည်း ရှိပါတယ်။

တဖက်မှာကျ စစ်အစိုးရက၂၀၀၈ ဖွဲ့စည်းပုံထောက်ခံပွဲနဲ့
၂၀၁၀ ရွေးကောက်ပွဲအပေါ်အနှောင့်အယှက်ပြုလာနိုင်သူတွေရဲ့
ရန်ကနေကာကွယ်ဖို့ကြိုတင်ရှင်းလင်းဖမ်းဆီးရေး
လုပ်ချင်နေတာလည်းရှိတယ်။

ဒါကြောင့်မို့လို့ဒေါ်ဝင်းမြမြ၊ဦးကံထွန်း၊
ကိုမင်းသူ၊ကိုတင်ကိုကို(ယခင် မန္တလေးတိုင်းအတွင်းရေးမှူး)တို့နဲ့အတူ
အဘဦးသန်းလွင်တို့ကိုသက်ဆိုင်ရာကပုဒ်မ ၅ - ငချည်းပဲ ၂ ခုအပါအဝင်
၁၅၃(က)တို့နဲ့အရေးယူပြီးအိုးဘိုထောင်မှာ၈ နှစ်ပြစ်ဒဏ်ချခဲ့ပြန်ပါတယ်။

ဒါပေမဲ့ ဒီတစ်ခေါက်မှာလည်းအယူခံ ၂ နှစ်နိုင်တာမို့၆ နှစ်ကျန်တယ်။

အိုးဘိုထောင်(၃)တိုက်ထဲနေရချိန်ထောင်ဝင်စာ တစ်ခေါက်မှာ
အပြင်မိသားစုနဲ့ လူတွေ့ခွင့်မပေးဘဲ"ပါဆယ်"ပဲရတာမို့လို့
ထောင်ကို ဒီကိစ္စအရေးဆိုရတာမျိုးထပ်ဖြစ်တယ်။

ဒါတင်မကနောက်ထပ်တစ်ကြိမ်မှာလည်း
ဟိုဟင်းမသွင်းရ၊ဒီပစ္စည်းမပေးရဆိုပြီးကန့်သတ်ချုပ်ချယ်တဲ့အပေါ်
ထောင်နဲ့အတိုက်အခံပြောရမျိုးအဘဦးသန်းလွင် ကြုံရပြန်တယ်။

ဒီမှာတင်ထောင်အာဏာပိုင်တို့ ထုံးစံအတိုင်း
အခြားအကျဉ်းသားတွေပါအာမခံရဲအောင် ချိုးနှိမ်ဖို့ရည်ရွယ်ပြီး
စံနမူနာပြ နှိပ်ကွပ်တဲ့အနေနဲ့ ၂၀၀၉ မတ်လ ထဲရောက်တော့
ဦးသန်းလွင်ကို သံခြေချင်းရိုက်ပြီးလွိုင်ကော်ထောင်ပြောင်းရွှေ့ စေပါတယ်။

၂၀၁၁ အောက်တိုဘာမှာလွိုင်ကော်ထောင်ကနေ
ပြန်လွှတ်လာလာချင်းမမြင်တော့တဲ့ မျက်လုံးထဲဖုံဝင်ပြီး
ယောင်ကိုင်းရာကနေ"ပြည်"တွေတောင်ယိုစီးထွက်လာတဲ့
အခြေအနေမို့မျက်ဆန်ကိုထုတ်ပစ်လိုက်ရတဲ့အထိအခြေအနေဆိုးခဲ့တယ်။

"သံလက်သီးနဲ့အထိုးခံရတဲ့ဒဏ်ကြောင့်ထောင်ထဲမှာ မျက်စိကိုက်တာကို
အချိန်မှီဆေးမကုသနိုင်လို့လုံးဝ မမြင်တော့တဲ့အခြေအနေဆိုက်သွားရတာလေ။
နောက်ပြီးအကြားအားရုံလည်းထိခိုက်သွားပုံပါပဲ။
နားပါ လေးသွားခဲ့တာ"လို့ဦးသန်းလွင်ရဲ့ သမီး မခင်မာလွင်ကပြောပြပါတယ်။

"မျက်စိမမြင်တော့ချိန်ကျမှနားနှာခေါင်းလည်ချောင်းကိုတက်ခွင့်ရတာပါ။
ဒါတောင်အပြင် မိသားစုအနေနဲ့ ထောင်ကိုအကြိတ်အနယ်
ပြောလွန်းမကပြောလို့သာတက်ရတာ"လို့မိသားစုကဆိုပါတယ်။

တစ်ပတ်လောက်နေခဲ့ရပေမယ့်အခန်းနဲ့ထားတာမဟုတ်ဘဲ
အိမ်သာဖက်မှာအဝတ်လိုက်ကာလေးနဲ့ နေရတာဖြစ်ပြီး
ဆေးရုံကို နိုင်ငံခြားဆရာဝန်ကြီးတွေလာချိန်နဲ့
တိုက်ဆိုင်ကြုံကြိုက်တာတောင်မှတွေ့သွားမှာစိုးလို့ အပြင်မထွက်ဖို့
တားမြစ်ခံရသေးတဲ့အထိပါပဲ။

တကယ်တော့အဘဦးသန်းလွင်ဟာစစ်အာဏာရှင်အစိုးရရဲ့လက်အောက်
အမှောင်ခေတ်ကာလတစ်လျှောက်လုံးပြည်သူ့ဘက်က"ရဲတိုက်ကြီး"အလား
မားမားမတ်မတ် ရပ်ခဲ့သူပါပဲ။

ဒီမိုကရေစီရေး၊လူ့အခွင့်ရေးတိုက်ပွဲစစ်မြေပြင်မှာသူ့ကိုယ်သူ
"သံချပ်ကာကား"၊"တင့်ကား"လိုသဘောထားပြီး၊
သေနတ်၊ဗုံး၊လက်နက်တွေကိုကြံ့ ကြံ့ ခံရင်ဆိုင်ရင်း၊
ရှေ့ ကိုရဲရဲဝံ့ဝံ့ တိုးထွက်သူ ချီတက်ခဲ့တယ်။

"ငါ၏ဦးခေါင်းသည်သွေးသံတို့ဖြင့် ချင်းချင်းနီ၏
သို့သော်ညွှတ်ကား...မညွှတ်"ဆိုသလို
ဘယ်လောက်ပဲ အလဲလဲအကွဲကွဲ၊ဘဝက ဖူးယောင်ပေါက်ပြဲနေစေဦးတော့
ဒူးထောက်၊ညွှတ်တွား၊ဝပ်စင်းတာမျိုးသူ မလုပ်ခဲ့ပါဘူး။

အာဂသတ္တိခဲ သံမဏိအဘိုးအိုဟာခုချိန်အထိ
သူ့အလံကိုသူ လွှင့်ထူဝှေ့ရမ်းလျက်။

ဒီအောင်လံနဲ့အတူသူ့ စိတ်ဓာတ်လိပ်ပြာ၊
သိက္ခာတရားကလည်း"ကြယ်"တွရဲ့အထက်မှာ
သန့်ရှင်းစင်ကြယ်စွာတောက်ပ၊လင်းလက်၊ဝင့်ကြွားနေမြဲ။

အသက်ရှည်၊ကျန်းမာသန်မြန်နေဆဲအဘဦးသန်းလွင်တစ်ယောက်
အခုချိန်ထိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(မန္တလေးတိုင်း)
စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်အဖြစ်တာဝန်ယူပြီး
မတ္တရာနဲ့ မန္တလေးကူးချည်သန်းချည်နဲ့ပါတီအလုပ်တွေ
လုပ်ကိုင်ဆောင်ရွက်နေတုန်းပါပဲ။

အခုဆိုအသက်(၈၁)နှစ်အရွယ် ဒီအဘိုးအိုဟာ
သူချစ်တဲ့တိုင်းပြည်ရဲ့ ကံကြမ္မာအပေါ်အရင်လိုပဲ ကြောင့်ကြစိတ်အပြည့်နဲ့
ကျန်နေတဲ့သူ့မျက်စိတစ်ဖက်တည်းကိုအားပြုစူးစိုက်ပြီး စောင့်ကြည့်နေဆဲ။

သူ့ ကိုယ်ပေါ်ကဒဏ်ရာဒဏ်ချက်တွေကတော့
ဒီမိုကရေစီတောင်းဆိုတိုက်ပွဲအတွင်းကနေ
သူရရှိခဲ့တဲ့သူရဲကောင်းဆုတံဆိပ်တွေသာဖြစ်ပါတယ်။

စစ်အာဏာ အမှောင်ခေတ်တစ်လျှောက်မှာ
နိုင်ငံရေး လုပ်မိကြသူတွေဟာရာထူးလစာ၊အာဏာ၊ငွေကြေး၊
အခွင့်အရေး ဘာတစ်ခုမှမျှော်လည်းမမျှော်ကိုး
ရလည်းရခဲ့ကြတာ မဟုတ်ဘဲထောင်ကျတန်းကျ၊အချုပ်ကျ၊
ဘဝပျက်၊မိသားစုပြိုကွဲ၊ညှင်းပန်းနှိပ်စက်ခံ၊
ကျိုးကန်းဆွံ့အ၊လူလုံးမလှနဲ့ ဒုက္ခမျိုးစုံအဖုံဖုံကို
ခါးစည်းခံခဲ့ရတာ ချည်းပါပဲ။

သေရာပါ နာတာရှည်ရောဂါအထွေထွေနဲ့
စိတ်ဒဏ်ရာတွေလည်းအပိုဆုအဖြစ်ချီးမြှင့်ခံခဲ့ကြရတာမလွဲ။

တကယ်ကိုပဲလေဒဏ်မိုးဒဏ်ကြံ့ကြံ့ခံ
အန်တုခဲ့ရတဲ့စိုက်ပျိုးသောသူတွေရဲ့လက်။

ရေးသူ - မောင်နန်းဝေ(ဗန်းမော်)
၂၉ ဇူလိုင်၂၀၁၇။




#ကိုးကား
၁- အဘဦးသန်းလွင်၊ အဘွားဒေါ်ခင်သီနဲ့
သမီးဖြစ်သူတို့ကို
တွေ့ဆုံမေးမြန်းထားတဲ့အသံဖိုင်
၂ -အဘ ဦးသန်းလွင်ထံက
စာရွက်စာတမ်းအချို့
၃ -အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
ငွေရတုခရီး မှတ်တမ်းလွှာ

No comments:

Post a Comment