Latest News

Sunday, February 3, 2019

ကလေးမြို့ ပြည်သူ့ဆေးရုံ၌ ရင်ချင်းဆက်အမြွှာ အောင်မြင်စွာမွေးဖွား

ကလေးမြို့ ပြည်သူ့ဆေးရုံ၌ ရင်ချင်းဆက်အမြွှာ အောင်မြင်စွာမွေးဖွား

ကလေး ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်နေ အမျိုးသမီးတစ်ဦး၏ ရင်ချင်းဆက်အမြွှာ  မိန်းကလေးနှစ်ဦးကို  ကလေးမြို့  ပြည်သူ့ဆေးရုံ၌  ဖေဖော်ဝါရီ ၁ ရက်  နံနက်ပိုင်းက အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ကလေးမြို့  ပြည်သူ့ဆေးရုံတွင်  ပထမဆုံးအကြိမ် ရင်ချင်းဆက်အမြွှာမွေးဖွားခြင်းလည်းဖြစ်ကြောင်း သိရသည်။
မိခင် ဒေါ်သီတာဝင်း  အသက်(၂၈ နှစ်)၏ ရင်ချင်းဆက်အမြွှာကို  သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး  ဒေါက်တာအေးအေးသင်း၊  သားဖွားမီးယပ်  အထူးကုဆရာဝန် ဒေါက်တာနီလာထွေးနှင့်  မေ့ဆေးဆရာဝန်  ဒေါက်တာကျော်မျိုးသန့်တို့  ဦးဆောင် သောအဖွဲ့က ခွဲစိတ်မွေးဖွားပေးခဲ့ခြင်းဖြစ်သည်။ ရင်ချင်းဆက်အမြွှာကို ခွဲစိတ်မွေးဖွား ပေးခဲ့မှုနှင့်ပတ်သက်၍  ဆေးရုံအုပ်ကြီးက  ““ပုံမှန်ခွဲစိတ်မှုဆိုရင် ၄၅ မိနစ်ခန့် ကြာပါ တယ်၊ အခုခွဲစိတ်မှုက ရင်ချင်းဆက်အမြွှာဖြစ်နေတာကြောင့် တစ်နာရီကျော် ကြာခဲ့ပါ တယ်၊ တကယ်ကို ဂရုစိုက်ပြီး အမှားအယွင်းမဖြစ်အောင် ဆောင်ရွက်ခဲ့ရပါတယ်””ဟု ပြောကြားသည်။
မွေးဖွားလာသောကလေးများသည်  အလေးချိန် ၈ ပေါင် ၈ အောင်စရှိပြီး ကလေး များ၏ကျန်းမာရေးအတွက်   ကလေးအထူးကုဆရာဝန်ကြီး   ဒေါက်တာနုနုထွေးနှင့် လက်ထောက်အထူးကုဆရာဝန်များက   စောင့်ကြည့်ကုသပေးလျက်ရှိကြောင်း   သိရ သည်။ မွေးဖွားလာသောကလေးများ၏  ကျန်းမာရေးအခြေအနေကို စောင့်ကြည့်ပြီး နောက် ကျန်းမာရေးကောင်းမွန်ပါက  မန္တလေးဆေးရုံသို့  ပြန်လည်လွှဲပြောင်းကာ ရင်ချင်းဆက်နေမှုကို ခွဲစိတ်နိုင်ရေး ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကလေး အထူးကုဆရာဝန်ကြီး ဒေါက်တာနုနုထွေးက ပြောသည်။
မွေးဖွားလာသော ရင်ချင်းဆက်အမြွှာညီအစ်မကို ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ကုသ ပေးလျက်ရှိသော်လည်း ကျန်းမာရေးအတွက် လိုအပ်သည့်ကုသမှုများ ဆက်လက် ပြုလုပ်နိုင်ရေးနှင့် ခွဲစိတ်ရေးတို့အတွက် အကူအညီများ လိုအပ်နေပြီး ကူညီလိုသူများ အနေဖြင့် မိဘများထံသို့ တိုက်ရိုက်သော်လည်းကောင်း၊ ဆေးရုံအုပ်ကြီးမှတစ်ဆင့်လည်းကောင်း လှူဒါန်းနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုယ်ချင်းဆက်အမြွှာများ မွေးဖွားခဲ့မှုမှာ ၁၉၇၁ ခုနှစ်က ပထမဆုံး အနေဖြင့် ရင်ချင်းဆက် မနန်းစိုး၊ မနန်းစံတို့အား ရန်ကုန်မြို့၌လည်းကောင်း၊ ၁၉၉၃ ခုနှစ်က ရင်ချင်းဆက်အမြွှာအေးအေးငြိမ်းနှင့် အိအိငြိမ်းအား ရန်ကုန်မြို့၌လည်းကောင်း၊  ၂၀၀၂ ခုနှစ်တွင်  တင်ပဆုံအရိုးကွင်းဆက်အမြွှာ  မိုးမမအောင်နှင့် မိုးပပအောင်အား မန္တလေးမြို့၌လည်းကောင်း၊   ၂၀၀၉   ခုနှစ်တွင်   ရင်ချင်းဆက်အမြွှာ  စိုပြေလင်းနှင့် စိုပြေ၀င်းတို့အား  ရန်ကုန်မြို့၌လည်းကောင်း၊ ၂၀၁၁ ခုနှစ်တွင် ရင်ချင်းဆက်အမြွှာ အင်ကြင်းခိုင်၊ အင်ကြင်းလှိုင်တို့အား ရန်ကုန်မြို့၌လည်းကောင်း၊ ၂၀၁၁ ခုနှစ်တွင် ရင်ချင်းဆက်အမြွှာ   ရန်ကင်း၊   ရန်ရှင်းတို့အား  ရန်ကုန်မြို့၌လည်းကောင်း၊  ၂၀၁၂ ခုနှစ်တွင် တင်ချင်းဆက်အမြွှာ အောင်ခန့်ကျော်နှင့် အောင်မြတ်ကျော် ညီအစ်ကိုအား မန္တလေးမြို့၌လည်းကောင်း အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ကလေးမြို့ ပြည်သူ့ ဆေးရုံ၌မူ ယခု ရင်ချင်းဆက်အမြွှာကို ပထမဆုံးအကြိမ်အဖြစ် မွေးဖွားပေးနိုင်ခဲ့ခြင်း ဖြစ်သည်။         
                                                     
သန်းထိုက်အောင်(ပြန်/ဆက်)

No comments:

Post a Comment