Latest News

Sunday, February 3, 2019

ပြည်တွင်းနှင့် ပြည်ပ လုပ်ငန်းရှင်တွေအတွက် အကောင်းဆုံးအခွင့်အလမ်းတွေဖော်ဆောင်ပေးနိုင်မယ့် ဆွေးနွေးပွဲတစ်ခုအဖြစ် ယုံကြည်

ပြည်တွင်းနှင့် ပြည်ပ လုပ်ငန်းရှင်တွေအတွက် အကောင်းဆုံးအခွင့်အလမ်းတွေဖော်ဆောင်ပေးနိုင်မယ့် ဆွေးနွေးပွဲတစ်ခုအဖြစ် ယုံကြည်

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့၌ မြန်မာကွန်ဗင်းရှင်းစင်တာ(၂) တွင် ကျင်းပပြုလုပ်သော Invest Myanmar Summit 2019 တွင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  ပြောကြားသော မူဝါဒဆိုင်ရာမိန့်ခွန်း

(ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့ ပူးပေါင်းကျင်းပသည့် Invest Myanmar Summit 2019 ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၈-၂၉ ရက်နေ့များတွင် နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာ(၂)တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးပထမနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရင်းနှီးမြှုပ်နှံမှု မူဝါဒဆိုင်ရာ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါသည်။ အဆိုပါမိန့်ခွန်းအား မိဘပြည်သူများ လေ့လာသိရှိနိုင်ပါရန် ထပ်မံဖော်ပြပါသည်။)

ပထမဆုံးအနေနဲ့ ပြောကြားလိုတာကတော့ ဒီနေ့ကျင်းပတဲ့  Invest Myanmar Summit 2019ကို တက်ရောက်ကြတဲ့ စီးပွားရေးနယ်ပယ် ကဏ္ဍစုံက ပြည်တွင်းနှင့်ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားရေး လုပ်ငန်းရှင် တွေ၊   နိုင်ငံတကာအဖွဲ့အစည်းအသီးသီးက  တာဝန်ရှိပုဂ္ဂိုလ်တွေကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ဦးစွာပြောကြားလိုပါတယ်။
အကောင်းဆုံးအခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်
ဒီနေ့အခမ်းအနားက  ကျွန်မတို့မြန်မာနိုင်ငံရဲ့  စိတ်လှုပ်ရှားဖွယ် ကောင်းပြီး အမြဲတမ်းပြောင်းလဲ တိုးတက်နေတဲ့ ရင်းနှီးမြှုပ်နှံမှုအခင်းအကျင်း မြင်ကွင်းတွေကိုသိရှိပြီး  ပြည်တွင်းနှင့် ပြည်ပလုပ်ငန်း ရှင်တွေအတွက် အကောင်းဆုံး အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်မယ့် မြန်မာနိုင်ငံမှာ ပထမဦးဆုံး ကျင်းပပြုလုပ်တဲ့ အရေးပါတဲ့ဆွေးနွေးပွဲတစ်ခုအဖြစ် ယုံကြည် ကြောင်း ပြောကြားလိုပါတယ်။
ဒီအခမ်းအနားရဲ့ နှစ်ရက်တာကာလအတွင်းမှာ ပြည်ထောင်စုဝန်ကြီး ဌာနတွေ၊ ပြည်နယ်နဲ့တိုင်း ဒေသကြီးအစိုးရအဖွဲ့တွေနဲ့ ကျွန်မတို့ရဲ့ ပုဂ္ဂလိကကဏ္ဍက မိတ်ဖက်လုပ်ငန်းရှင်တွေအနေနဲ့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု အလား အလာနဲ့ အခွင့်အလမ်းတွေကို ဖော်ထုတ်ပြသနိုင်တဲ့ အဖိုးတန်တဲ့ အခွင့် အလမ်းကိုရကြမှာဖြစ်တဲ့အတွက် ကျွန်မအနေနဲ့ အားရကျေနပ်မိပါတယ်။
ဒီအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊  ရင်းနှီးမြှုပ်နှံမှုနှင့်  ကုမ္ပဏီများ   ညွှန်ကြား မှုဦးစီး ဌာနတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်း ရှင်များအသင်းချုပ်ရဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်မှုကိုလည်း အထူးပဲအသိ အမှတ်ပြု ကျေးဇူးတင်ပါတယ်။ 
ဒီဆွေးနွေးပွဲက  အားလုံးကိုအကျိုးများပြီး နှစ်လိုဖွယ်ကောင်းတဲ့ အမှတ်တရတွေရရှိစေပြီး မြန်မာ နိုင်ငံကို အကြိမ်ကြိမ်ပြန်လာချင်လာအောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဒီနေ့ဟာ  ကျွန်မတို့ မြန်မာနိုင်ငံရဲ့သမိုင်းမှာ လူသိများပြီးထင်ရှားတဲ့ ဟံသာဝတီခေတ် ဘုရင်ရာဇဓိ ရာဇ်ရဲ့မွေးနေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။ နန်းစံခဲ့တဲ့ကာလမှာ  ရာဇဓိရာဇ်  အရေးတော်ပုံ မှတ်တမ်းကို ပြုစုခဲ့ပြီး ဒီမှတ်တမ်းဟာ ရှေးဟောင်းဘုရင့်နိုင်ငံတစ်ခုကို အဲဒီခေတ်က ကုန်သွယ်မှုမှာ အင်အားကြီးမားတဲ့နိုင်ငံတစ်ခုဖြစ်အောင် ဆောင်ကြဉ်းပေးနိုင်တဲ့ အထင်ကြီး အားကျစရာကောင်း လှတဲ့ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေ ကို ငြိမ်းချမ်းချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
အခြေခံအဆောက်အအုံစီမံကိန်းတစ်ခု
ဒါ့အပြင် လွန်ခဲ့တဲ့  ၇၄ နှစ်ကာလ ၁၉၄၅ ခုနှစ် ဒီနေ့မှာပဲ  အသစ် ဖွင့်လှစ်ခဲ့တဲ့ ကြမာa Rသad ကတစ်ဆင့် တရုတ်နိုင်ငံကို ရောက်ရှိနိုင်မယ့်  ထောက်ပံ့ရေးလမ်းကြောင်းကို  ထူထောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့ဟာ မြန်မာနိုင်ငံသမိုင်းမှာ ထင်ရှားလှတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင် ခဲ့တဲ့ ဘုရင်ရဲ့မွေးနေ့နဲ့ ဒုတိယက္ဘာစစ်အတွင်း အရှေ့တောင် အာရှရဲ့ဇာတ်ခုံမှာ ဒုတိယက္ဘာစစ်ရဲ့ အလှည့်အပြောင်းအပေါ်မှာ သက်ရောက် မှု ကြီးမားခဲ့တဲ့ အင်မတန်မှ မဟာဗျူဟာအရ  အရေးပါလှတဲ့  အခြေခံ အဆောက်အအုံစီမံကိန်းတစ်ခုကို စတင်ခဲ့တဲ့နေ့များနဲ့ တိုက်ဆိုင်နေတာမို့ တကယ့်ကို ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့  ဒီနေ့မှာ တွေ့ဆုံခွင့် ရကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဘာကြောင့် ရင်းနှီးမြှုပ်နှံကြသလဲလို့ မေးစရာရှိပါလိမ့်မယ်။  ကျွန်မတို့ မြန်မာ နိုင်ငံရဲ့တည်နေရာဟာ ပထဝီအနေအထားအရ အလွန်ပဲအားကျစရာကောင်းလောက်တဲ့ နေရာမှာရှိ နေတာကြောင့် မဟာ ဗျူဟာအရ အရေးပါလှတဲ့ ဈေးကွက်နေရာတစ်ခုဖြစ်သလို တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်းနိုင်ငံတို့ကို ကုန်သွယ်ကူးသန်းဖြတ်သန်းနိုင်တဲ့ လမ်းဆုံနေရာမှာလည်း တည်ရှိနေတာကြောင့် ဖြစ်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၁၀ နိုင်ငံနဲ့အတူ တရုတ်၊ အိန္ဒိယတို့ ပါဝင်တဲ့ ၃ ဒသမ ၅ ဘီလီယံကျော်ရှိတဲ့ စားသုံးသူဈေးကွက်ကို ကိုယ်စားပြု ပါတယ်။  ဒီဈေးကွက်ရဲ့  စီးပွားရေးပမာဏဟာ   အမေရိကန်ဒေါ်လာ ၁၅ ထရီလီယံဝန်းကျင်ရှိပြီး  ကမ္ဘာ့ဂျီဒီပီရဲ့ ၂၀ ရာခိုင်နှုန်းကို   ကိုယ်စားပြု ပါတယ်။ ဒီဈေးကွက်ရဲ့ဆက်စပ်မှုဟာ ခေတ်သစ်ကမ္ဘာ့မှာ တွေ့မြင်ဖူးသမျှထဲက ထူးခြားအထင်ရှားဆုံး ဈေးကွက် တစ်ခုအဖြစ် တိုးတက်ပြောင်းလဲပေါ်ပေါက် လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မက္ကင်းဆေးဂလိုဘယ်အင်စတီကျုရဲ့ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့သုံးသူဦးရေရဲ့ တစ်ဝက်ကျော်ရှိတဲ့ တစ်နေ့ဝင်ငွေ ၁၀ ဒေါ်လာအထက်ရှိတဲ့ ဦးရေပမာဏဟာ မြန်မာနိုင်ငံရဲ့ လေကြောင်းခရီးအားဖြင့် ငါးနာရီတွင်းမှာ နေထိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ကျွန်မတို့မှာ ၅၃ သန်းလောက် ဆိုတဲ့ အတော်အတန်ကြီးမားတဲ့  လူဦးရေပမာဏရှိပြီး   တစ်ဝက်ကျော်က အသက် ၃၀ နှစ်အောက်လူငယ်တွေ ဖြစ်ပါတယ်။
အလားအလာကောင်းတွေရှိနေ
ဒါ့ကြောင့် မြန်မာနိုင်ငံဟာ သင့်လျော်တဲ့ပမာဏရှိတဲ့ ဈေးကွက်တစ်ခု ဖြစ်သလို  တစ်နေ့တခြား ကျယ်ပြန့်ကြီးမားနေတဲ့အတွက် နိုင်ငံတကာ ဈေးကွက်နှင့် ပူးပေါင်းချိတ်ဆက်ပြီး အကျိုးရှိစွာ အသုံး ချနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ မြေနေရာအကျယ်ဝန်းဆုံးကို ပိုင်ဆိုင်ထားတဲ့အတွက် လယ်ယာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် သာလွန် တဲ့ အလား အလာကောင်းတွေရှိနေသလို သဘာဝသယံဇာတနဲ့ သဘာဝ ဓာတ်ငွေ့ ကြွယ်ဝတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံတောင်ပိုင်းရှိ ကမ်းခြေဒေသသည်လည်း ကမ္ဘာ့အရေးပါဆုံး စီးပွားရေးစင်္ကြံတစ်ခုဖြစ်တဲ့၊  ထိုင်းနိုင်ငံ၏  အအောင်မြင်ဆုံးလည်းဖြစ်တဲ့ ထိုင်းအရှေ့ပိုင်းစီးပွားရေးစင်္ကြံနဲ့ ချိတ်ဆက်နေ တာ ကြောင့် ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့ကတစ်ဆင့် အိန္ဒိယနိုင်ငံနဲ့ ပစိဖိတ် သမုဒ္ဒရာ ကို သာမက ပတ်ဝန်းကျင်နိုင်ငံတွေဖြစ်တဲ့  ကမ္ဘေားဒီးယား၊ လာအို၊ ဗီယက်နမ်အပါအဝင် တရုတ် နိုင်ငံများနဲ့လည်း ကူးသန်းသွားလာဖို့ လမ်း ကြောင်းတွေ ဖော်ဆောင်ပေးနေပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံဟာ နိုင်ငံတကာ ကုန်သွယ်မှုလမ်းကြောင်းကို ဒေသတွင်းဈေး ကွက်များမှ တစ်ဆင့် အချိတ်အဆက်ပြုပြီး များစွာအကျိုး ပြုလျက်ရှိနေတဲ့အပြင်   အာရှပစိဖိတ်ဒေသကိုသာမက   တစ်ကမ္ဘာလုံးရဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် အဓိကနေရာက အထောက် အကူပြုလျက်ရှိ တယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုပါတယ်။
ပြောင်းလဲဖြစ်ပေါ်လျက်ရှိ
လက်ရှိတွင် မြန်မာနိုင်ငံ၌  စီးပွားရေး၊ လူမှုရေးနှင့်နိုင်ငံရေးဆိုင်ရာ တိုးတက်ပြောင်းလဲမှုများမှာ အရှိန် အဟုန်ဖြင့် တစ်ချိန်တည်းတွင် ပြောင်းလဲ ဖြစ်ပေါ်လျက်ရှိနေသလို ကျွန်မတို့ရဲ့ ကမ္ဘာကြီးမှာလည်း ခေတ်ပြိုင် ပြုပြင် ပြောင်းလဲမှုအမျိုးမျိုးနဲ့  တစ်ပြိုင်နက်ဖြစ်ပေါ်နေပါတယ်။ လွန်ခဲ့တဲ့ အနှစ် လေးဆယ် အတွင်း ကျွန်မတို့ဒေသဟာကမ္ဘာမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဆုံး ဒေသတစ်ခုဖြစ်ခဲ့ပြီး  ဒီလျင်မြန်တဲ့ အာဆီယံနိုင်ငံများနဲ့  ကျန်အာရှနိုင်ငံ တွေအကြား ကုန်သွယ်မှုဆက်ဆံရေးအသစ်တွေကို ဦးဆောင် ဖန် တီးပေးခဲ့သလို နည်းပညာသစ်များ တီထွင်နိုင်မယ့်အခွင့်အလမ်းတွေကို ဖန်တီးပေး ခဲ့သလို ပြည်သူတွေ  အတွေးအခေါ်၊   အယူအဆတွေ၊   ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှု တွေကို ဒေသတွင်း လွယ်ကူလျင်မြန်စွာ၊ ချောမွေ့စွာ ရွှေ့ပြောင်းနိုင်အောင်ဆောင်ရွက်နိုင်ခဲ့တာဟာ အရင်တုန်း က ဖြစ်နိုင်မယ်လို့ မထင်ခဲ့တဲ့အရာတွေ ဖြစ်ပါတယ်။
အမှန်တကယ်တော့ ကျွန်မတို့ဟာ ကမ္ဘာကိုတည်ငြိမ်စွာ ပုံဖော်စေခဲ့တဲ့  အာရှရဲ့အ အောင်မြင်ဆုံး ကာလတွေမှာ နေထိုင်ရှင်သန်နေခြင်းဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ  စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု၊  တီထွင် ဆန်းသစ်မှုများ လွတ်လပ်စွာကုန်သွယ်မှုနှင့် ဒေသတွင်း ပြည်သူများအကြား ဆက်ဆံရေးနှင့် ဒေသတွင်းအချိတ်အဆက် တိုးတက်မှုများက မြန်မာနိုင်ငံနဲ့ လာရောက်ရင်းနှီးမြှုပ်နှံ မယ့်သူများအတွက် များပြားလှတဲ့ အခွင့်အလမ်း ကောင်းများပဲ ဖြစ်ပါတယ်။
လုပ်အားခသက်သာမှု
ကျွန်မတို့ရဲ့ ပထဝီအနေအထား အားသာချက်၊ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် လုပ်အားခသက်သာမှုနဲ့ ကျွန်မတို့ပြည်သူတွေရဲ့  ကြီးမားတဲ့စွမ်းပကားတွေဟာ တစ်ချိန်က အနောက်နိုင်ငံများက  အရှေ့နိုင်ငံ များဆီသို့ ကမ္ဘာ့စီးပွားရေး ခွဲဖြာထွက်မှုဖြစ်ပေါ်ခဲ့သလိုမျိုး ပြန်လည်ပေါ်ထွန်းလာအောင် ဆောင်ကြဉ်း ပေးနိုင်မယ့် အခွင့်အလမ်းများကို ဖမ်းဆုပ်ရန် အချိန်အခါကောင်းပဲ ဖြစ်ပါ တယ်။
ဘယ်လိုပဲဖြစ်ဖြစ်  ကျွန်မတို့  အောင်မြင်အောင် ကျော်လွှားရမယ့် စိန်ခေါ်မှုများစွာလည်း ရှိနေဆဲပဲဖြစ် ပါတယ်။
ဒါ့အပြင်  ဖွံ့ဖြိုးမှုနည်းပါးတဲ့နိုင်ငံတွေအနေနဲ့   ကမ္ဘာ့စီးပွားရေးနဲ့ ပူးပေါင်းချိတ်ဆက်ရာမှာ  အားနည်း ချက်တွေရှိနေဆဲကြောင့် စီးပွားရေး နောက်ကျကျန်ခဲ့ရနိုင်တဲ့ ကြီးမားတဲ့အ္တရာယ်အတွက်ကိုလည်း စိတ်ထဲမှာ စွဲမှတ်ပြီး  မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာနဲ့ဒေသတွင်းကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ချိတ်ဆက်ပူး ပေါင်းလုပ်ဆောင်မှုများကနေ သေချာတဲ့ အကျိုးအမြတ်တွေ ရရှိဖို့အတွက်  နည်းလမ်းတွေ ရှာဖွေလုပ် ဆောင်ဖို့ဟာလည်း ကျွန်မတို့ နိုင်ငံအတွက်  အဓိကစိန်ခေါ်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။
ကျွန်မတို့နိုင်ငံ ဖွံ့ဖြိုးဖို့အတွက်  စိန်ခေါ်မှုများစွာရှိတဲ့အနက် ဈေးကွက်ကို အခြေခံဖြေရှင်းသည့် နည်းလမ်းများကို ရှာဖွေဆောင်ရွက်မှုဟာ အားလုံး ပြေလည်စေမယ့် နည်းလမ်းမဟုတ်ပေမယ့် မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်  အဓိကမောင်းနှင်အင် အားဖြစ်တဲ့ အပြင် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးတဲ့နေရာမှာလည်း အခြေခံတွန်းအား တစ်ရပ်ဖြစ်တဲ့ အစိုးရနဲ့ပုဂ္ဂလိကကဏ္ဍ အတူတကွ နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်နိုင်ရေးဟာ အရေးတကြီးလို အပ်ချက်အဖြစ် ကျွန်မတို့ အသိ အမှတ်ပြုပါတယ်။
မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင် အခြေအနေကို နားလည်နိုင်ဖို့ ဆိုရင် မြန်မာနိုင်ငံမှာ လက်တွေ့ ကျင့်သုံးနေတဲ့ မူဝါဒ၊ လုပ်ထုံးလုပ်နည်းတွေကို ကျယ်ကျယ်ပြန့်ပြန့်  သဘောပေါက်ဖို့လိုပါတယ်။
များစွာအကျိုးရှိခဲ့
ဈေးကွက်နှင့်ကိုက်ညီတဲ့   စီးပွားရေးမူဝါဒများ  ချမှတ်ခြင်းနှင့်အတူ ဒေသတွင်း ပူးပေါင်းဆောင် ရွက်မှုနှင့် ပေါင်းစည်းမှု အလျင်အမြန်တိုးတက် လာခြင်းတို့က အာရှပစိဖိတ် ဒေသနိုင်ငံများအတွက် များစွာအကျိုးရှိခဲ့သလို ကျွန်မတို့ ဒေသတွင်းမှာရှိတဲ့ ပြည်သူအများစုကို တိုးတက်မှုနိမ့်ကျပြီး ဝင်ငွေ နည်းတဲ့ ဘ၀ကနေ အလယ်အလတ်တန်းနဲ့  ဝင်ငွေမြင့်မားတဲ့ဘ၀တွေကို ရောက်ရှိအောင်   လုပ်ဆောင်နိုင်ခဲ့ပါတယ်။  မြန်မာနိုင်ငံအနေနဲ့လည်း ဒီနည်းလမ်းအတိုင်း လုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်။
ကျွန်မတို့ကိုယ်တိုင် ကိုယ်ပိုင်ရွေးချယ်မှုနဲ့ ယနေ့မြန်မာနိုင်ငံဟာ ပြင်ပဈေးကွက်များနဲ့ နိုင်ငံရေး အင်အားစုများကို ယခင်ကထက် ပိုမိုထိတွေ့ဆက်ဆံ လျက်ရှိပါတယ်။ ဒီကနေ မျှတတဲ့ အကျိုးရလဒ် အနေနဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ဝင်ရောက်လာဖို့ အခွင့်အလမ်းများ၊ နည်းပညာသစ်များနဲ့ အသိ ပညာ ဗဟုသုတများ လွှဲပြောင်းရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ဒီလိုပြောရခြင်းဟာ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့  ဆိုးကျိုးရှုထောင့်အချို့ ရှိနေတဲ့အပေါ်မှာ ထိခိုက်မှု မရှိဘဲ အလွယ်တကူတုံ့ပြန်နိုင်တဲ့ အခြေအနေရှိ နေတဲ့ သဘောမျိုးကို မဆိုလိုပါဘူး။
ဒီနေ့လို အလျင်အမြန် အရှိန်အဟုန်နဲ့ ကူးသန်းသွားလာနေတဲ့ ကမ္ဘာကြီးမှာ နိုင်ငံတစ်ခုက သာမန်အ အေးမိဖျားနာရုံလောက်သာ ခံစားရပေမယ့် အများစုက ရောဂါကူးစက်မှုအ္တရာယ်ကျရောက်တာကို ခံနေရပါတယ်။
ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု အလားအလာကို ကြည့်မယ်ဆိုရင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု စီးဝင်မှုဟာ ၂၀၁၇ ခုနှစ်မှာ ၂၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၈ ခုနှစ်မှာလည်း  ဆက်လက်ကျဆင်းနေတာကို တွေ့ ရမှာဖြစ်ပါတယ်။ အာရှ ပစိဖိတ်ဒေသဟာလည်း ဒီရင်းနှီးမြှုပ်နှံမှုကျဆင်းမှုအခြေအနေကနေ မလွတ် ကင်းနိုင်ခဲ့ပါဘူး။                                           

နောက်ဆုံးရထားတဲ့ သတင်းအချက်အလက်များအရ အာရှပစိဖိတ် ဒေသတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများဟာ အနည်းငယ်တုံ့ဆိုင်းခဲ့တာကို တွေ့ရပါတယ်။ သို့သော် မိမိတို့အာရှပစိဖိတ်ဒေသဟာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု စီးဝင်ဖို့အတွက် အဓိကဒေသတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး ၂၀၁၇ ခုနှစ် ကမ္ဘာ့ပြည်ပရင်းနှီးမြှုပ်နှံမှု စုစုပေါင်းစီးဝင်မှုရဲ့ ၃၉ ရာခိုင်နှုန်းရှိကာ ၂၀၁၆ ခုနှစ်ကထက် ၉ ရာခိုင်နှုန်း တိုးတက်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄၅ ရာခိုင်နှုန်းအထိတိုးတက်
ဒါ့အပြင်  အာရှပစိဖိတ်ဒေသနိုင်ငံများဟာ ၂၀၁၇  ခုနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး လက်ခံခဲ့တဲ့ ဒေသဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့လည်း ဒေသတွင်းနိုင်ငံ အချင်းအချင်းအကြား အပြန်အလှန် ရင်းနှီး မြှုပ်နှံမှုပြုလုပ်မှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄၅ ရာခိုင်နှုန်းအထိ တိုးတက် ခဲ့ပြီး  အကျိုးအမြတ်ရရှိတဲ့  နိုင်ငံတွေထဲကတစ်ခုဖြစ်ပါတယ်။ သီလဝါ အထူးစီးပွားရေးဇုန်မှာ မလေး ရှားနိုင်ငံ အခြေစိုက် ukd fKiam Joo Groupက စက်ရုံအသစ်တစ်ခုရင်းနှီးမြှုပ်နှံခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။
မြန်မာနိုင်ငံဟာ မိမိနိုင်ငံရဲ့တည်နေရာ ပထဝီအနေအထားရဲ့ အားသာ ချက်အပေါ်မှာ အကျိုးကျေး ဇူးခံစားနေရတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ကျွန်မတို့ မြန်မာနိုင်ငံမှာ မိုးရွာတုန်းရေခံဆိုတဲ့ ဆိုရိုးစကားတစ်ခု ရှိပါတယ်။
ASEAN + 3 Macroeconomic Research Offi ce က လတ်တလောပြုလုပ်တဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု အလားအလာ ခန့်မှန်းချက်အရ မြန်မာ့စီးပွားရေးဟာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ၇ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်လိမ့်မယ်လို့  မျှော်မှန်းထားပါတယ်၊  ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တုန်းက ၅ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာကနေ  ယခု ဘဏ္ဍာနှစ်မှာ ပိုမိုတိုး တက်လာမယ်လို့ ခန့်မှန်းတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒီအစီရင်ခံစာမှာပဲ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ငွေကြေးဖောင်းပွမှုနှုန်းကို ၅ ရာခိုင်နှုန်းနဲ့ တည်ငြိမ်နေလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီခန့်မှန်းချက်က ကျွန်မတို့ မျှော်မှန်းထားတာထက် မြင့်နေပေမယ့်လည်း  ယခင်နှစ်ကထက်စာရင် တိုးတက်မှုရှိလာတာ တွေ့ရမှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ တော့ အမြင့်ဆုံးငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၉၉ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
ရဲရဲဝံ့ဝံ့ကြိုးပမ်း
ယခုလို အပေါင်းလက္ခဏာဆောင်တဲ့ နိုင်ငံ့စီးပွားရေးအလားအလာ ခန့်မှန်းချက်တွေအပေါ် အကောင်း ဘက်မှရှုမြင်ပါက ဒေသတွင်းနှင့် မြန်မာ နိုင်ငံအတွက် ယခုအချိန်ဟာ ရည်မှန်းချက်မြင့်မြင့်ထားပြီး ရဲရဲဝံ့ဝံ့ ကြိုးပမ်း ဆောင်ရွက်ရမည့်အချိန် ဖြစ်ပါတယ်။
ကမ္ဘာ့အသိုက်အဝန်းထဲမှ နိုင်ငံတစ်ခုအနေဖြင့် မြန်မာအစိုးရဟာ ကုလသမဂ္ဂ အဖွဲ့အစည်း ကချ မှတ်ထားတဲ့  စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ(SDG)ကို အကောင်အထည်ဖော်ဆောင် ရွက်ရန် ဆုံးဖြတ် ထားပြီးလည်းဖြစ်ပါတယ်။
လူမှုရေး၊ စီးပွားရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုများ၊ ဆက်လက် ဆောင်ရွက်မည့် ပြုပြင် ပြောင်းလဲမှုများ၏ လမ်းပြမြေပုံဖြစ်တဲ့ မြန်မာ့စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်း(MSDP)ကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး  ဖြစ်ပါ တယ်။
မြန်မာ့စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MSDP)ကို မဏ္ဍိုင်ကြီး(၃)ရပ်၊ ပန်းတိုင်(၅)ရပ်၊ နည်းဗျူဟာ(၂၈)ခုနှင့် လက်တွေ့လုပ်ငန်း စဉ်(၂၅၁) ခုတို့ဖြင့် ရေးဆွဲထားပြီး နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးမှု မျှော်မှန်းချက်အဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။
မြန်မာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MSDP)  ဟာ နိုင်ငံရဲ့ နှစ်ရှည်မျှော်မှန်းချက်ဖြစ်ပြီး ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဒီမိုကရေစီနိုင်ငံအဖြစ်  မျှော်မှန်းတည်ဆောက်သွားဖို့ ရည်ရွယ် ပါတယ်။
ဒီ MSDP က တိုင်းဒေသကြီး၊ ပြည်နယ်များအကြား စီးပွားရေးနှင့် လူမှုရေးကဏ္ဍအသီးသီးကြား ရင်းနှီးမြှုပ်နှံမှုနဲ့ မဟာဗျူဟာမြောက် ဖွံ့ဖြိုးမှုအတွက် ဦးစားပေးအစီအစဉ်အလိုက် အကောင် အထည်ဖော်ရာမှာ အသေး စိတ်မဟာဗျူဟာစီမံကိန်းအဖြစ်နဲ့ အထောက်အကူပြုမှာဖြစ်ပါတယ်။
ဦးတည်ထား
ပထမပန်းတိုင်က   နိုင်ငံရေးတည်ငြိမ်မှုရရှိအောင် ဆောင်ရွက်ပြီး ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ် ရေးတို့ကို  ဦးတည်ထားတာ ဖြစ်ပါတယ်။ ဒုတိယပန်းတိုင်အနေနဲ့ကတော့ စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းပြီးတော့ မေခရိုစီးပွားရေးစီမံခန့်ခွဲမှုကို   ဦးတည်လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။ တည်ငြိမ်မှု မရှိတဲ့ စီးပွားရေးက ကျယ်ပြန့်ပြီး ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့လုပ်ဆောင်ရာမှာ မဖြစ်နိုင် ပါဘူး။ အဆိုပါ မျှော်မှန်းချက်(၁)နဲ့ (၂)တို့ဟာ  အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက်   အဓိကအရေးကြီး ဆုံး အခြေခံထားရမယ့် အုတ်မြစ်များထဲက အရေးပါတဲ့အပိုင်းထဲမှာ ပါဝင် ပါတယ်။
ပန်းတိုင် (၃) ကတော့ အလုပ်အကိုင်ဖန်တီးမှုနဲ့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး မှုကို ဖော်ဆောင်နိုင်ဖို့ဖြစ်ပြီး ပန်းတိုင်(၄)ကတော့ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုကို ဦးတည်ထားတဲ့ လူသားစွမ်း ဆောင်ရည်နဲ့ လူမှုဖွံ့ဖြိုးမှု အရည်အသွေးရှိအောင် ထူထောင်ဖို့ဖြစ်ပါတယ်။
ပန်းတိုင် (၅)ကတော့ သဘာဝသယံဇာတစီမံခန့်ခွဲမှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးကို ဦးတည်ထားတာဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ သဘာဝပတ်ဝန်းကျင်နဲ့သယံဇာတတွေကို စီမံခန့်ခွဲ့မှု ကတစ်ဆင့်  မိမိနိုင်ငံ ကိုသာမက ကမ္ဘာကြီးကိုပါ ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်။
မဟာဗျူဟာ ၃ ဒသမ ၃ ဟာ ယနေ့အခမ်းအနားနှင့် တိုက်ရိုက်သက်ဆိုင် နေပြီး ရင်းနှီးမြှုပ်နှံမှုများနှင့်  စီးပွားရေးဝန်းကျင်ကောင်းများ  ဖန်တီးနိုင်ဖို့အတွက် ကျွန်မတို့ရဲ့ ကတိကဝတ်တွေကို ဖော်ပြရာ ရောက်ပါတယ်။ ဒါကြောင့် မို့လို့ ဒီနေ့အခမ်းအနားဟာ အဆိုပါ မဟာဗျူဟာစီမံကိန်းရဲ့ အနှစ်သာရကို တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော် ဆောင်ရွက်နေတာလို့ ပြောနိုင် ပါတယ်။
ကျွန်မတို့ အစိုးရတာဝန်ယူခဲ့တဲ့အချိန်ကစပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုနဲ့ ပတ်သက်တဲ့ ဖြေလျှော့မှုတွေ၊ လွယ်ကူချောမွေ့အောင် ဆောင်ရွက်မှု တွေကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ပါတယ်။
မကြာသေးမီနှစ်များအတွင်းမှာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့ရာမှာ တချို့က သိသာထင် ရှားပြီး တချို့က သိမ်မွေ့ပေမယ့် ထူးခြားတဲ့ အပြောင်းအလဲတွေ လုပ်နိုင်ခဲ့တာကတော့ အတူတူပဲဖြစ် ပါတယ်။
ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နိုင်
ဒီပြုပြင်ပြောင်းလဲမှုတွေဟာ အားလုံးပါဝင်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို ဦးတည်တဲ့ ဈေးကွက်စီး ပွားရေးစနစ်ကို ဖော်ဆောင်နိုင်ဖို့ ရည်ရွယ်တဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းတွေကို ခေတ်နဲ့အညီ ပြုပြင် ပြောင်းလဲနိုင်ဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ကမ္ဘာ့စီးပွားရေးနဲ့ အကောင်းဆုံး ပိုမိုပူးပေါင်းချိတ်ဆက်နိုင် မှုကတစ်ဆင့်  မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း လုပ် ဆောင်နိုင်ခဲ့ပါတယ်။ ဒီပြုပြင်ပြောင်းလဲမှုတွေက ကျွန်မတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို အခြေခံ ကျကျတိုးတက်ပြောင်းလဲဖို့ ဆောင်ရွက်ရာမှာ ကောင်းမွန်တဲ့ အကျိုးရလဒ် တွေ ရရှိခဲ့ပါတယ်။
ပထမဆုံးပြုပြင်ပြောင်းလဲမှုအနေနဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၂၀၁၆ ခုနှစ်တွင် ပြဋ္ဌာန်း နိုင်ခဲ့ခြင်းဖြစ်ပြီး ဒီဥပဒေက ရင်းနှီးမြှုပ်နှံသူများ အတွက် ပိုမိုပွင့်လင်းမြင်သာမှု၊ ပိုမိုဖြေလျှော့ မှုတွေ ပြုလုပ်ထားတဲ့အပြင် ရင်းနှီးမြှုပ်နှံသူများကို  ပိုမိုအကာအကွယ်ပေးတဲ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို လည်း ထည့်သွင်းပြဋ္ဌာန်းထားသလို နိုင်ငံတကာနှင့်ဒေသတွင်း သဘောတူညီမှုများနဲ့အညီလည်း ရေးဆွဲ ထားတာ ဖြစ်ပါတယ်။ 
ဒါ့အပြင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာကုမ္ပဏီများဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် အသက်ဝင်ခဲ့ပြီး ဖြစ်ပါတယ်။ ယခင် မြန်မာနိုင်ငံကုမ္ပဏီ အက်ဥပဒေအရ နိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုမှာ နိုင်ငံခြားရှယ်ယာပါဝင်မှုရှိပါက နိုင်ငံခြားကုမ္ပဏီအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ယခုဥပဒေအသစ်၏ပြဋ္ဌာန်းချက်အရ နိုင်ငံသားပိုင်ကုမ္ပဏီတစ်ခုမှာ နိုင်ငံခြားသားရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိ ပါဝင်သည့်တိုင် မြန်မာနိုင်ငံသား ကုမ္ပဏီအဖြစ်နဲ့သာ သတ်မှတ်တဲ့အတွက် နိုင်ငံသား ကုမ္ပဏီ၏ အခွင့်အရေး များ ဆုံးရှုံးမှုမရှိတော့တာ တွေ့ရမှာဖြစ်ပါတယ်။
ကုမ္ပဏီဥပဒေအသစ်က စီးပွားရေးလုပ်ကိုင်မှု လွယ်ကူမှုညွှန်းကိန်းတွင် မြန်မာနိုင်ငံ၏အဆင့် တိုးတက် စေရန် အထောက်အကူပြုဖို့အတွက် အနည်းစု ရင်းနှီးမြှုပ်နှံသူအတွက် အကာအကွယ်ပေးတဲ့ ပြဋ္ဌာန်း ချက်ကိုလည်း ထည့်သွင်း ထားပါတယ်။
အွန်လိုင်းမှတ်ပုံတင်စနစ် (MyCo)
အဓိက ပြုပြင်ပြောင်းလဲကြိုးပမ်းအားထုတ်မှုအနေနဲ့ ကုမ္ပဏီမှတ်ပုံ တင်ရာမှာ မှတ်ပုံတင်ရုံးကို ကိုယ်တိုင်သွားရောက်ရန် မလိုတော့ဘဲ အွန်လိုင်းမှတ်ပုံတင်စနစ် ((MyCo) ကတစ်ဆင့် ဆောင်ရွက်နိုင်တာပဲ ဖြစ်ပါတယ်။
အွန်လိုင်းမှတ်ပုံတင်စနစ်   စတင်ခဲ့တဲ့ ၅  လတာကာလအတွင်းမှာ ကုမ္ပဏီပေါင်း ၈၄၀၀ ကို အွန်လိုင်း စနစ်နဲ့ အသစ်မှတ်ပုံတင်နိုင်ခဲ့ပြီး ဖြစ်ပါ တယ်၊ ဒါဟာ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ နှစ်ပေါင်း ၃၀ အတွင်း စုစုပေါင်းမှတ်ပုံတင်ခဲ့မှုရဲ့ ၁၀ ရာခိုင်နှုန်းရှိပါတယ်။
ဒီတိုးတက်အောင်မြင်မှုကို အတုယူပြီး အခြားနယ်ပယ်တွေမှာပါ ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် နိုင်ဖို့ ရည်ရွယ်ဆောင်ရွက်လျက်ရှိပါတယ်။ နောက်တစ်ဆင့်အနေနဲ့ လူနဲ့လုပ်ဆောင်ရတဲ့ လုပ်ငန်း တွေကို အွန်လိုင်းနဲ့ ဆောင်ရွက်တဲ့စနစ်ကို ပြောင်းလဲဆောင်ရွက်နိုင်ဖို့ တစ်ဆင့်ခြင်း တိုးတက် ဆောင်ရွက်သွားမှာဖြစ်လို့ နောင်ဆိုရင် ရင်းနှီးမြှုပ်နှံသူများအနေနဲ့ ဌာနများစွာ၊ နေရာများစွာကို သွားရောက်လုပ်ကိုင်စရာ မလိုတော့အောင် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
လက်လီကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြေလျှော့ခြင်း
ကုမ္ပဏီဥပဒေ ပြဋ္ဌာန်းမှုနဲ့အတူ စီးပွားရေးကဏ္ဍ အသစ်များကိုလည်း ရင်းနှီးမြှုပ်နှံသူတွေအတွက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဥပမာအားဖြင့် ၂၀၁၈ ခုနှစ်မှာ နိုင်ငံခြားသား ၁၀၀ ရာခိုင်နှုန်းပိုင်ဆိုင်သည့် ကုမ္ပဏီများကို လက်ကား နဲ့ လက်လီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုပေးခဲ့တဲ့အတွက် ဥရောပ၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံများအပြင် အခြားနိုင်ငံများကိုပါ ဆွဲဆောင်နိုင်ခဲ့ပါ တယ်။
ပညာရေးကဏ္ဍကိုဖြေလျှော့ပေးခဲ့ခြင်း
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပညာရေးဝန်ဆောင်မှုကဏ္ဍမှာ နိုင်ငံခြားသား ၁၀၀ ရာခိုင်နှုန်းပိုင်တဲ့ ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံခွင့် ပေးခဲ့ပါတယ်။ ဒါ့အပြင်   ထူထောင်ခွင့်ပြုခဲ့ ပါတယ်။
ရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြုပြင်ပြောင်းလဲမှု 
အရေးပါတဲ့ ဆောင်ရွက်မှု တစ်ခုအနေနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဒီအဖွဲ့သစ်အနေနဲ့ စီမံခန့်ခွဲမှုပုံသဏ္ဍန် အသစ်နဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက် လျက်ရှိပါတယ်။ ဒီအဖွဲ့ဟာ မြန်မာနိုင်ငံကို ဒေသတွင်းကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အတွက် အချက်အချာဒေသအဖြစ် ပြောင်းလဲနိုင်ဖို့ သန္နိဋ္ဌာန် ချထားပြီး ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့် ထုတ်ပေးတဲ့ ကိစ္စရပ်တွေမှာ ပွင့်လင်းမြင်သာပြီး လွယ်ကူချောမွေ့အောင်   အစီအစဉ်တွေ    ချမှတ်ဆောင်ရွက် လျက်ရှိ ပါတယ်။
ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့သစ်ဟာ ကော်မရှင်ရဲ့လုပ်ငန်းတွေအပေါ် မှာသာမက အခြားအစိုး ရဌာနများရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ဆက်စပ်တဲ့ လုပ်ငန်း ဆောင်ရွက်မှုများကိုပါ ပိုမိုလွယ်ကူ ရှင်းလင်းပြီး ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိတဲ့   စံချိန်စံညွှန်းမီ  လုပ်ထုံးလုပ်နည်းများ (Standard Operating Standard Operating Procedure-SOPs) ရေးဆွဲချမှတ်ဆောင်ရွက်နိုင်ဖို့အတွက်  သာမက ဝန်ဆောင်မှု တွေပေးရာမှာ  (Single Window) စနစ်ကိုပါ ကျင့်သုံး ဆောင်ရွက်နိုင်ဖို့ ပြန်လည်သုံးသပ်လုပ်ဆောင် လျက်ရှိပါ တယ်။
ကျွန်မတို့ အနေနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းကို မကြာသေးမီကပဲ ရေးဆွဲ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ဒီစီမံကိန်းက နောင်အနှစ် ၂၀ အတွင်း အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံ ကျော်ဖိုးရှိတဲ့ တာဝန်ယူမှုရှိပြီး အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ဆောင်ရွက်နိုင်ဖို့ မျှော်မှန်းထားသလို  မိမိနိုင်ငံကို   ဝင်ငွေအလယ်အလတ်ရှိတဲ့  နိုင်ငံတစ်ခုအဖြစ်  ရောက်ရှိဖို့ မျှော်မှန်း ထားပါတယ်။
ရည်ရွယ်ဖွဲ့စည်းခဲ့
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုစေရန် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန (MOIFER) ကို ၂၀၁၈ ခုနှစ်  နိုဝင်ဘာ ၁၉ ရက်တွင်  ဖွဲ့စည်းခဲ့ ပါတယ်။MOIFER အနေနဲ့ ရင်းနှီးမြှုပ်နှံမှု   ဝန်းကျင်ကောင်းဖြစ်ပေါ်ရေး၊    ဒေသတွင်း  ပူးပေါင်း ဆောင်ရွက်ရေး၊  မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးတို့ကို အဓိကထားဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နဲ့ ပြည်သူများရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်သွားဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ဦးစားပေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖော်ထုတ်ရာမှာ ပိုမိုမဟာ ဗျူဟာကျပြီး ပွင့်လင်းမြင် သာမှုရှိစေဖို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွား  ဆက်သွယ် ရေးဝန်ကြီးဌာနတို့က စီမံကိန်း ဘဏ်ကို ရေးဆွဲခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်မှာ အဓိကကျတဲ့ စီမံကိန်းများကို စိစစ်သုံးသပ်အကဲဖြတ်ပြီး ဦးစားပေးစီမံကိန်း များအဖြစ် သတ်မှတ်ကာ အစိုးရဘတ်ဂျက်၊ ဖွံ့ဖြိုးမှု အကူအညီ သို့မဟုတ် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုစတဲ့ အသင့်လျော်ဆုံး ဘဏ္ဍာရေး အရင်း အမြစ်များကို ရယူ အသုံးချတဲ့   ပုံသ္ဌာန်အပြင်  အစိုးရ၊ ပုဂ္ဂလိက   ဆောင်ရွက် သွားမယ့်  ပုံသဏ္ဍန်နဲ့ အကောင်အထည်ဖော်နိုင်ရန် စုစည်းထားတဲ့ အချက်အလက် ဘဏ် (Data Bank) ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ပြုပြင်ပြောင်းလဲမှုတွေအပေါ် ကြိုးပမ်းဆောင်ရွက်မှုကို က္ဘာ့ဘဏ် မှ အသိအမှတ်ပြုခဲ့ပြီး ၂၀၁၇ ခုနှစ် တွင်  Star Reformer Award ကို အပ်နှင်းခဲ့ပါတယ်။ ဒီအောင်မြင်မှု အပေါ်မှာ ကျွန်မတို့နိုင်ငံက ကျေနပ်မနေဘဲ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တွေ ပိုမိုကောင်းမွန်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မြန်မာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအဆောက်အအုံလိုအပ်ချက် ကွာခြားချက်ရှိနေခြင်းကဲ့သို့သော စိန်ခေါ်မှုများစွာလည်း ရှိနေပါသေးတယ်။ မြန်မာနိုင်ငံမှာ   သဘာဝဓာတ်ငွေ့နှင့်  ပြန်လည်ပြည့် ဖြိုးမြဲ စွမ်းအင်များ ပေါကြွယ်ဝသော်လည်း   ကမ္ဘာပေါ်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အနည်း ဆုံးနိုင်ငံ တစ်ခုအဖြစ် ရှိနေပါသေးတယ်။
မြန်မာ့ဆိပ်ကမ်းများကိုလည်း အဆင့်မြှင့်တင်ပြီး တစ်နေ့တခြား တိုးပွားလာတဲ့ ကုန်သွယ်မှု လိုအပ် ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့  လိုအပ်နေပါတယ်။
ဒီလို စိန်ခေါ်မှုတွေရှိနေတဲ့ နယ်ပယ်တွေဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် ကြီးမားတဲ့အခွင့် အလမ်း တွေ အဖြစ်ရှိနေတဲ့အတွက် စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲဆောင် ရွက်နိုင်ဖို့ တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

ကြေးမှုံ

No comments:

Post a Comment