Latest News

Monday, January 14, 2019

၁၉ ရာစုက နိုင်ငံတကာသတင်းစာမှာ ဧရာဝတီရေဝေရေလဲအကြောင်းကိုဘယ်လိုရေးပါသလဲ


၁၉ ရာစုက နိုင်ငံတကာသတင်းစာမှာ ဧရာဝတီရေဝေရေလဲအကြောင်းကိုဘယ်လိုရေးပါသလဲ
( ၂၀၁၂ တွင်ပုံနှိပ်ခဲ့ပြီး)

ယခုဆောင်းပါးကို ဘာသာမပြန်မီကျွန်မအချိန်ယူ စဉ်းစားခဲ့ပါသည်။ ဤဆောင်းပါးကြောင့် လူမျိုးရေး အမုန်းတရားများ မည်သည့်နည်းနှင့်မျှ မပွားများစေလိုသည့်ဆန္ဒကြောင့် အကြိမ်ကြိမ်စဉ်းစားခဲ့သည်။ နှစ်ပေါင်းများစွာကပင် ရေးသားခဲ့သောသတင်းများ၊ဆောင်းပါးများသည် ဟောင်းပင်ဟောင်းသော်ငြား လည်း လူ့သမိုင်း၏ Collective Memory ခေါ် စုပေါင်းမှတ်တမ်းများ အဖြစ်တည်ရှိနေသောကြောင့် သမိုင်းသင် ခန်းစာများကို ထုတ်ယူနိုင်ခြင်းဖြင့် ပစ္စပ္ပုန်၏ ဆင်ခြင်မှုကိုများစွာ အထောက်အကူ ပြုမည်ဟူသော ယုံကြည်ချက် ကြောင့်သာအစဆွဲထုတ်လာခဲ့ခြင်းဖြစ်သည်။

ယခုဆောင်းပါးမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၁၉နှစ်ခန့်ကရေးသားထားခြင်းဖြစ်သည်။ နှစ်ပေါင်းနှစ်ရာနီးပါး သက်တမ်းရှိပြီဖြစ်သော ဗြိတိသျှစာစောင် The Economist သို့မြန်မာနိုင်ငံရှိ ဗြူရိုကရက်တစ်ဦး သို့မဟုတ် ဗြိတိသျှကုန်သည်တစ်ဦး ဟုယူဆရသူတစ်ဦးက ဗြိတိသျှသံတမန်တစ်ဦးကထုတ်ဝေသော စာအုပ်ကို ကိုးကားကာ ပေးစာပုံစံရေးခဲ့ခြင်းဖြစ်သည်။ ရေးသူ၏အမည် အပြည့်အစုံကို မသိနိုင်သော်လည်း ထိုခေတ်ထိုအခါက မြန်မာနိုင်ငံအပေါ်ထားရှိသောဗြိတိသျှတို့၏မူဝါဒကို တစ်စိတ်တစ်ပိုင်းထင်ဟပ်သည်။ သီပေါမင်းပါတော်မူပြီးပထမ ဆယ်စုနှစ်အတွင်းရေးသား ထားခဲ့သော ယခုစာတွင် နယ်ချဲ့ဗြိတိသျှတို့အနေ နှင့် နယ်မြေလုံခြုံရေး အတွက် နယ်ခြားမသတ်မှတ်ရသေးသော တရုတ်နှင့်မြန်မာ ကြားဆက်ဆံရေးကို မည်သို့မည်ပုံကိုင်တွယ်သင့်ကြောင်း ကိုလည်းကောင်း မြန်မာနိုင်ငံမှနေ၍ အင်္ဂလန်ရှိ အစိုးရသို့ အကြံပြုစာပေးပို့ထားခြင်းဖြစ်သည်။

ဤစာတွင် တရုတ်ကလွှမ်းမိုးလာနိုင်သည့်အရေးအပေါ် ဗြိတိသျှတို့သတိကြီးကြီးထား ခဲ့ကြသည်ကိုလည်း ကောင်း၊ နောင်တွင်ပြည်ထောင်စု မြန်မာနိုင်ငံဖြစ်လာမည့် ဧရိယာအတွင်းရှိမြစ်ကြီးများ၏ ရေဝေရေလဲ ဒေသကို တရုတ်ဘက်သို့အပါမခံဘဲ ထိန်းသိမ်းရန်မှာ ဗြိတိသျှတို့အတွက် နိုင်ငံရေး၊စီးပွားရေး မဟာဗျူဟာအရလည်း လည်းကောင်း၊ နယ်မြေလုံခြုံရေးရှုထောင့်မှလည်းကောင်း တင်ပြသွားသည်ကို တွေ့နိုင်သည်။ ထိုခေတ်ထိုအခါက ဝေးလံသော ကိုလိုနီနယ်များတွင်ဖြစ်ပျက်နေသည့်အရေးကိစ္စများကို မည်သို့ကိုင်တွယ်သင့်သည်ကို ဗြိတိသျှအစိုးရနားသို့အရောက်ပို့ကာအကြံပြုခြင်းမှာ ဗြိတိသျှကုန်သည်နှင့် ဗြူရိုကရက်များ ၏ အစဉ်အလာနယ်ချဲ့နည်း များထဲမှတစ်ခုလည်းဖြစ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ မြန်မာကိုထိုအချိန်က၄င်းတို့၏ပိုင်နက်အဖြစ်မှတ်ယူကာရေးသားခဲ့သောကြောင့်မြန်မာတစ်ဦးမဟုတ်သည့်တိုင် အောင် နယ်မြေအပေါ်နယ်ချဲ့တစ်ဦး၏ အစိုးရိမ်ကဲသောစိတ်ကိုမြင်နိုင်ပေသည်။ အောက်ပါစာကိုရှုပါလေ။

မြန်မာနယ်စပ်က ပဋိပက္ခ

( The Frontier Troubles in Burma)

The Economist အယ်ဒီတာသို့
အယ်ဒီတာခင်ဗျား- စာအုပ်တစ်အုပ်ကိုစာတိုက်မှတဆင့်ပေးပို့လိုက်ပါသည်။ ထိုစာအုပ်မှာ တလောကထွက်ရှိခဲ့ပြီးကျွန်တော်တို့ဗြိတိန်အစိုးရနှင့်တရုတ်တို့၏ဆက်ဆံရေးအကြောင်းကို စာရေးဆရာ E.H.Parker ကရေးသားခဲ့ခြင်းဖြစ်သည်။ ထိုပုဂ္ဂိုလ်မှာ ဗြိတိသျှသံအရာရှိတစ်ဦးဖြစ်သောကြောင့် စာအုပ်ပါဆွေးနွေးချက်များကိုအလေးထားသင့်သည်ဟုထင်ပါသည်။ ယခုအခါကျွန်ုပ်တို့မှာ မြောက်ပိုင်း နယ်စပ်တွင် ဒုက္ခလှလှကြီးရောက်ကြတော့မည်ဖြစ်သည်။

မြန်မာပြည်ထဲတွင်ရောက်နေပြီးဖြစ်သော တရုတ်အင်အားမှာမသေးလှပါ။ တကယ်တော့တရုတ်များမှာ တစ်နိုင်ငံလုံးတွင်အနှံ့အပြားနေထိုင်နေကြပြီးမြန်မာအမျိုးသမီတို့နှင့် လူမျိုးမတူသော်လည်း အိမ်ရာထောင်ခြင်း ကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်နေခဲ့ကြပြီးဖြစ်သည်။ ထိုတရုတ်များ သေသောအခါ သူတို့၏ရုပ်အလောင်းကိုဇာတိသို့ပြန်မပို့တတ်ကြပါ။ မြန်မာ့ရေမြေကို တရုတ်၏နယ်မြေ၏အစိတ်အပိုင်းဟု မှတ်ယူနေကြပြီဖြစ်သောကြောင့် ဤမြေတွင်ပင်ခေါင်းချ တတ်ကြသည်။ သူတို့သည်ဗြိတိသျှ အစိုးရရှိနေခြင်းကို သူတို့အတွက် အခြေအနေကောင်းနေခြင်းဟုလည်းယူဆကြသည်။ ထိုသူတို့မှာတရုတ်အစိုးရကိုမှီခိုသည်မှန်၏ သို့သော် သူတို့ပိုင်ဆိုင်သောအကျိုးစီးပွားများမှာမြန်မာ့မြေ ( ကျွန်တော်တို့၏နယ်မြေ) ထဲတွင်ရှိသည်။

မြန်မာသည်လက်ရှိအနေအထားတွင်တရုတ်ပြည်၏နောက်ဖေးတံခါးပေါက်ဖြစ်နေသည်။ ထိုတံခါးပေါက်မှာ သေးပင်သေးသော်ငြားလည်း မြန်မာပြည်နေတရုတ်များအတွက်သာမက ပြည်ကြီးနေတရုတ်များအတွက်ပါ အဖိုးတန်သော ရွှေအိုးကြီးတစ်ခုဖြစ်နေကြောင်း ကျွန်ုပ်တို့တွေ့မြင်ခဲ့ကြရပြီးဖြစ်သည်။ ထို့ကြောင့်တရုတ်အစိုးရပိုင်းအရာရှိအလွှာသည် တရုတ်-မြန်မာနယ်ခြားကို တိတိကျကျမသတ်မှတ်ဘဲ အပွင့်ထားလိုကြသည်။ထိုနယ်ခြားတွင်နေသော တောင်ပေါ်သားတို့ကို၎င်းတို့၏ အကာအကွယ်အဖြစ် သုံးသည်။ ထိုတောင်ပေါ်သားအုပ်စုများမှာလောလောဆယ်တွင် ရန်ဘက်များကိုစီးနင်းတိုက်ခိုက်ခြင်းဖြင့် ရပ်တည်နေသူများဖြစ်ကြပြီး အခြားအသက်မွေးစရာနည်းလမ်းလည်းမရှိချေ။ သို့ဖြစ်ရာ ထိုအုပ်စုများသည် ကျွန်ုပ်တို့ဗြိတိသျှများကိုအနှောင့်အယှက်ပေးတတ်ရာ ကျွန်ုပ်တို့ကလည်း ၄င်းတို့ကို အပြစ်ပေးရလေ့ရှိသည်။

ယခုအခါသူတို့သည်တရုတ်နယ်ဘက်သို့ပြေးဝင်ကာအတိုက်အခိုက်ရပ်စဲလိုက်ကြပြီဖြစ်ရာသူတို့နောက် သို့ဗြိတိသျှတပ်များလိုက်တိုက်ရန်မဖြစ်နိုင်တော့ပါ။ ထိုအဖွဲ့များသည် တရုတ်မြေပေါ်တွင် ဆက်လက်သောင်းကျန်း နေပါက တရုတ်များကလက်ခံလိမ့်မည်မဟုတ်ရာ သူတို့မှာ တရုတ်မြေ တွင်ကြာကြာနေ နိုင်ကြမည်မဟုတ်ပါ။တရုတ်များလိုက်တိုက်လျှင် မြန်မာဘက်သို့ပြန်ဝင်လာကြဦးမည်။ ထို့ကြောင့် မကြာမတင်ဆိုသလိုပင် တရုတ်နှင့်မြန်မာတို့ကြား နယ်ခြားမျဉ်းတစ်ခုရေးဆွဲရန် လိုနေပြီးဖြစ်ကြောင်း ထင်ရှားနေပေပြီ။ သို့ဖြစ်ရာ နယ်ခြားရှိလူမျိုးစုများအရေးကိုကိုင်တွယ်ရန် ကိုကျွန်ုပ်တို့ ဘက်မှဖြစ်စေ၊တရုတ်ဘက်မှဖြစ်စေ၊ နှစ်ဘက်စလုံးက သဘောတူညီချက်တစ်ရပ်ရယူ၍ ဖြစ်စေ ဆောင်ရွက်ကြရတော့မည်။

ထိုသို့ရေးဆွဲရာတွင်ကျွန်ုပ်တို့အတွက် အကျိုးအများဆုံးနည်းလမ်းမှာ ဧရာဝတီ၊ချင်းတွင်းနှင့်သံလွင်တို့၏ ရေဝေရေလဲဒေသများကိုကျွန်ုပ်တို့ပိုင်နက်အတွင်း ထိန်းသိမ်းထားနိုင်ရမည်။ နယ်ခြားလိုင်းရေးဆွဲပြီးပါက မြောက်ဘက်၊အနောက်မြောက်ဘက်တို့မှပြသနာများ နှင့်တရုတ်ဘက်ပိုင်နက်အတွင်းဘက်သို့ ပါဝင်သွားသည့်ကိစ္စငြိမ်းအေးသွားဖွယ်ရှိသည်။

ထို့ပြင်ပြင်သစ်များကိုမြန်မာပြည်မြောက်ပိုင်းအ၀င်မခံရန်ထပ်ခါထပ်ခါပြောနေခဲ့ကြပြီးဖြစ်သည်။

ပြင်သစ်များသည် မည်သည့်ဒေသတွင်မဆို ကျွန်ုပ်တို့၏အထက်ဘက် မြစ်ညာဒေသ၊ ရေဝေရေလဲဒေသ ကိုစီးမိသည်နှင့် ပင်လယ်ထွက်ပေါက်ကိုသူတို့ရနိုင်ပြီဖြစ်သည်။ ဧရာဝတီရေဝေရေလဲကိုပြင်သစ်များ လက်သို့ပါလျှင် ဧရာဝတီနှင့်အတူမြစ်လက်တက်များသို့၎င်းတို့ စုန်ဆင်းလာရန်လွယ်ကူသွားပြီဖြစ်သည်။ ရေဝေရေလဲကို ပြင်သစ်လက်ထဲမရောက်ရန်မှာ မြန်မာတွင်သာမက ဆီယမ် (ထိုင်း)တွင်လည်း အရေးကြီးပေသည်။

ယခုတင်ပြကဲ့သောကိစ္စနှင့်ပတ်သက်ပြီးလန်ဒန်ရှိသဘောထားမှာ ကျွနုပ်နှင်တူချင်မှတူပေမည်။ ကျွနုပ်မှာမူ မြန်မာပြည်တွင် ၁၅နှစ်ခန့်နေခဲ့ပြီးဖြစ်ရာ ယခုကိစ္စမှာအရေးတကြီးကိစ္စအဖြစ်ကိုင်တွယ်သင့်သည် ဟုယူဆသည်။ ယခုအခါရွှေလီကိုကျွန်ုပ်တို့ကိုင်တွယ်နေသည်။ ထိုဒေသမှာ တရုတ်မြန်မာနယ်ခြား တစ်နေရာတွင်ရှိသည်။ သစ်တောများကိုဖြတ်ပြီးအထက်သို့တက်ကာ လူမျိုးစုများကိုမြန်မာနယ်ခြား ပြင်ပသို့မောင်းထုတ်လျှင်မောင်းထုတ်၊ မမောင်းထုတ်လျှင် ငြိမ်ဝပ်သွားအောင်သိမ်းသွင်းနိုင်ရမည်။ သို့သော် ကုန်စည်များသယ်နိုင်သည့် လမ်းကောင်းကောင်းပေါက်ပြီးသောနေရာများမှလွဲပြီး မြစ်ကြီးများပိုင် ရေဝေရေလဲ၏ ဟိုဘက်ကိုမူ ချဉ်းကပ်ရန်မသင့်လှပေ။

မြစ်ညာမှထုတ်ကုန်များကို မြစ်ခြေရှိဆိပ်ကမ်းများဆီသို့ သယ်ယူရန် မီးရထားလမ်းများ မပေါက်ခင်အထိ မြစ်ကြောင်းများကိုကုန်ကြမ်းများ သယ်ယူရန်အသုံးပြုရပေဦးမည်။ယခုစာပါအချက်များကမူ မြန်မာနိုင်ငံ၏လက်ရှိအခြေအနေများကိုလန်ဒန်ရှိမိတ်ဆွေများသိရှိနေစေရန်ဖြစ်ပြီး ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်အထောက်အကူပေးရန်ဖြစ်သည်။လိုအပ်သောသတင်းအချက်အလက်များရှိလျှင်လည်းကျွနုပ်သိထားသလောက်ဝေမျှနိုင်ပါသေးသည်။

ရန်ကုန်၊ ဧပြီ ၁၅၊ ၁၈၉၃

T.W.W.D

ယခုစာတွင်တရုတ်ကိုဗြိတိသျှတို့က၄င်းတို့၏နယ်မြေအပေါ်ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်သာထင်သာမဖော်ပြထားသည့်တိုင်အောင် နက်ရှိုင်းစွာစိုးရိမ်နေသည်ကိုတွေ့မြင်ရမည်ဖြစ်သည်။ တနည်းအားဖြင့် မြန်မာလူမျိုးတို့၏အကျိုးစီးပွားနှင့် မြန်မာများ၏ကိုယ်ပိုင်အမြင်ကို လုံးဝထည့်သွင်းထား ခြင်းမရှိသော အမြင်တစ်ရပ်ဖြစ်နေခြင်းလည်းဖြစ်ရာ နိုင်ငံခြားသားကအခြားနိုင်ငံခြားသားတစ်စု၏ လွှမ်းမိုးမှုကို ခုခံနေသောအရိပ်အငွေ့များကိုတွေ့နိုင်သည်။ သယံဇာတစီးပွားရေးနှင့် လုံခြုံရေးတို့အတွက် တရုတ်မြန်မာနယ်ခြား သတ်မှတ်ခြင်းကို ဗြိတိသျှတို့က အရေးတကြီးကိစ္စတစ်ခုအဖြစ်ထိုအချိန်ကတည်းက စတင်စဉ်းစားသော်လည်း နယ်ခြားမျဉ်းပေါ်လာရန်မှာရာစုဝက်ကျော်ကျော်ကြာရှည်ခဲ့သည်။

ထို့ပြင်သမိုင်းပုံရိပ်တွင် မြန်မာနိုင်ငံလမ်းတံတားအစရှိသောအ ခြေခံအဆောက်အဦးများကိုဗြိတိသျှတို့က ဖွံ့ဖြိုးအောင်လုပ်ရာတွင်၎င်းတို့၏သယံဇာတထုတ်ယူမှုစီးပွားကိုအခြေခံစဉ်းစားခဲ့ကြောင်းကိုလည်းတွေ့နိုင်သည်။ ဥပမာ-မြန်မာနိုင်ငံ၏မီးရထားလမ်းကျောရိုးကြီးများ ကိုကြည့်လျှင်အရှေ့အနောက်ဖြတ်ဖောက် သည်ထက်စာလျှင် တောင်မြောက်ကိုဖြတ်ဖောက်ကြခြင်းကိုဦးစားပေးခဲ့ရာ ဗြိတိသျှ၏ အခြေခံ အဆောက်အဦဖွံ့ဖြိုးရေးမူဝါဒများမှာလည်း တနည်းအားဖြင့် မြန်မာနိုင်ငံမှထွက်သမျှ သယံဇာတထုတ်ယူမှု ကို ချောမောနိုင်သမျှ ချောမောနိုင်ရန်သာ အရေးတကြီးစဉ်းစားခဲ့ခြင်းကိုမြင်နိုင်သည်။ တစ်ချိန်တည်းတွင်ထိုစီးပွားကိုထိပါးသူအခြားအစုအဖွဲများကိုလည်းဖယ်ရှားလိုသည့် သဘောထားကိုအထက်ပါစာ ကထင်ဟပ်နေပေသည်။ ယခုအချိန်ထိသယံဇာတကြွယ်ဝခဲ့ခြင်း ကမြန်မာနိုင်ငံအပေါ်ပေးခဲ့သော ဆိုးကျိုးမှာကောင်းကျိုးထက်များခဲ့သလားစဉ်းစားစရာပင်ဖြစ်သည်။
Nwet Kay Khine

No comments:

Post a Comment