Latest News

Sunday, January 6, 2019

ကျနော့် ဘဝမှာ အတ္တဆိုလို့  "မခင်ဦးကို ချစ်တဲ့ အချစ်တစ်ခုပဲ ရှိခဲ့ပါတယ်"

" ကျနော့် ဘဝမှာ အတ္တဆိုလို့ 
"မခင်ဦးကို ချစ်တဲ့ အချစ်တစ်ခုပဲ ရှိခဲ့ပါတယ် "

-
၁။

-
ဗန်းမော်တင်အောင် က သူသေခါနီးဆဲဆဲမှာ ပြောသွားတဲ့စကားတစ်ခွန်းရှိပါတယ်။ ကျနော့် ဘဝမှာ အတ္တဆိုလို မခင်ဦးကို ချစ်တဲ့ အချစ်တစ်ခုပဲရှိပါတယ် တဲ့။ မှန်ပါတယ်။ သူ ဟာ ဘဝမှာ မခင်ဦး ကိုချစ်တဲ့ အချစ်က လွဲပြီးတော့ ဘာတစ်ခုကိုမှ အတ္တတွေမထားခဲ့ပါဘူး။ ဗန်းမော်တင်အောင် ဟာ ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ သူ ကို စွဲလမ်းပြီးတော့ အဲ့ဇတ်ကောင်ကို အားကျခဲ့ရတယ်။ အဲ့ဒီလိုအားကျခဲ့ရတဲ့အတွက်လည်း သူ ရဲ့ စိတ်နေသဘောအထားအတိုင်းသေသည့်တိုင် ပြုမူနေထိုင်ကျင့်ကြံသွားတယ်။ ၁၉၂၀ မှာ မွေးတယ်။ ၁၉၇၈ မှာဆုံးတယ်။လူ့ သက်တမ်းမှာ ၅၈ နှစ်ထဲနေသွားတယ်။ အဲ့ဒီ ၅၈ နှစ်ထဲမှာမှ တစ်ပုံနီးပါးလောက်က အကျဉ်းထောင်နဲ့ တစ်ကျွန်းမှာအချိန်ကုန်ခဲ့ရတယ်။ သို့ သော် သူ ဟာ
တစ်ကျွန်းကိုရောက်စဉ်တုန်းကလည်း အိန်ဂျယ်ရဲ့ Dialect oF Nature ကို ဘာသာပြန်တယ်။ ဆရာမြသန်းတင့် Anti - During ကျမ်းကို ဘာသာပြန်တယ်။ကျွန်းမှာ ကျောက်သင်ပုန်းကို အသုံးပြုပြီးနံရံကပ်သတင်းစာထုတ်တယ်။ ကော်လံခွဲတယ်။ ပင်လယ်ခရု ။ယောက်သွား။ တွေကိုအမှူန့်ကြိတ်လို့ ရတဲ့ ထုံးကို မြေဖြူလုပ်ပြီးတော့ နိုင်ငံခြားသတင်းဌာန တွေက လွင့်တဲ့ သတင်းတွေကို ကျွန်းကလူတွေ အားလုံးသိရအောင် သတင်းစာအဖြစ်ဖန်တီးတယ်။ အားလပ်ချိန်မှာ ကျွမ်းဘားကစားတယ်။ တယောထိုးတယ်။ ကျွမ်းဘား ကစားတဲ့နေရာမှာ လေးတိုင်စင် ဘားကို ကျွမ်းနှစ်ပတ်သုံးပတ်အထိလည်အောင် ဘားပေါ်ကနေ မြေကြီးပေါ်ကို ပစ်တယ်။ ဘားတန်းပေါ်မှာ ဆပ်ကပ်တွေထဲကလိုကင်းမြီးကောက်ထောင်ပြီးလမ်းလျှောက်ပြတယ်။ အဲ့ဒါ ဗန်းမော်တင်အောင်အစစ်ပဲ။ တယောထိုးတဲ့နေရာမှာ တကယ့် ပညာရှင်တစ်ပါးလို ထိုးတတ်တယ်။ သူ တယောထိုးတဲ့အခါ သူ့ ဝတ္တု ဘုန်းမောင်တစ်ယောက်ထဲက ကိုဘုန်းနိုင်နဲ့သိပ်တူတာပဲလို့  သူနဲ့ အတူကျွန်းကျဖူးသူတွေကဆိုတယ်။

၂။

ကျွန်းကျနေတုန်း ကျွန်းက ထောင်ပိုင်ကြီးက ဗန်းမော်တင်အောင်အပါအဝင် အရေးပါအရာရောက်တဲ့ တစ်ခြားနိုင်ငံရေးအကျဉ်းသမားသုံးလေးယောက်ကို ခေါ်ပြီးတော့လိုအပ်တာရှိရင်ပြောပါ။ ပုဂ္ဂိုလ်ရေးအရတော့ကူညီဖို့ အသင့်ပါဆိုပြီးပြောတယ်။ ဗန်းမော်တင်အောင်ကပြန်ပြောတယ်။ ပုဂ္ဂိုလ်ရေးအရ ဘာအကူအညီမှမလိုချင်ဘူး။ ခဗျားတို့ အစိုးရကိုပြောလိုက်ပါ။ ကျုပ်တို့လို သက်ကြားအိုကြီးတွေကိုဖမ်းတာအကြောင်းမဟုတ်ပေမယ့် နှစ်ဆယ်မပြည့်တတ်သေးတဲ့ ကျောင်းသားလူငယ်တွေကိုပါ ဖမ်းပြီးတစ်ကျွန်းပို့တာတော့ တော်တော်တရားမဲ့တယ်။ အပြစ်ရှိတယ်ထင်ရင် တိုင်းသိပြည်သိ ကြေညာပြီးဖမ်းပေါ့။ ခုတော့ ခိုးကြောင်ခိုးဝှက်နဲ့ဖမ်းပြီး ညတွင်းချင်းတစ်ကျွန်းကို ပို့တယ်။ ကျွန်းရောက်တော့လည်း ထောင်သားအခွင့်အရးအပြည့်အဝမပးပဲ ကိုယ်ထူကိုယ်ထ စနစ်နဲ့ ရပ်တည်ခိုင်းတယ်။ ဒါလားအစိုးရ။ ပြောရရင် ခင်ဗျားတို အစိုးရက ယောင်္ကျားစင်စစ်ကနေ ထဘီဝတ်ခိုင်းထားရမယ့် မိန်းမလျာ အစိုးရပဲ လို့ ပြောပြီး ထောင်ပိုင်ကပေးတဲ့အခွင့်အရေးကိုလည်း တစ်ခုမှမယူပဲထောင်ပိုင် အခန်းထဲကနေ ပြန်ထွက်လာခဲ့တယ်။ သိပ်လေးစားကြည်ညိုဖို့ ကောင်းတယ်။ ဒီနေရာမှာ ကိုယ်ကျိုးကြည့်တဲ့သူသာဆို မိမိ တစ်ဦးထဲအနေအစားချောင်ဖို့ အတွက် အခွင့်အရေးတွေတစ်သီးကြီးတောင်းနေမှာ ကျိန်းသေတယ်။ ဒါပေမယ့် ဗန်းမော်တင်အောင်ကတော့ ဗန်းမော်တင်အောင်ဖြစ်တဲ့အတွက် အခွင့်ရေးအားလုံးကို ဥပေက္ခာပြုခဲ့တယ်။

၃။

ဗန်းမော်တင်အောင်ဟာ ရေလုံးဝမရောတဲ့ လက်ဝဲတစ်ယောက်ဖြစ်တယ်။ နီပါတယ်ဆိုတဲ့ လူတွေထက်ကို ပိုနီတဲ့ ကွန်မြူနစ်တစ်ယောက်။ ဖေါက်ပြန်ချင်းအလျဉ်းကင်းခဲ့တဲ့ သူတစ်ယောက်။ နိုင်ငံတော်နဲ့ပတ်သတ်လာရင်ဖေါက်ပြန်တတ်တဲ့မည်သူကိုမဆို စာပေအနုပညာနဲ့ ရဲဝင့်စွာဖော်ထုတ်တတ်တဲ့လူတစ်ယောက်။ယုတ်ဆွ အဆုံးဗိုလ်ချုပ်လို လူမျိုးကိုတောင်မချန်ထားဘူး။ ဖော်လံဖားစိတ်ဓါတ်မရှိတဲ့အတွက် မည့်သူကမှ သူကိုမမုန်းတီးဘူး။ကွန်မြူနစ်ဝါဒကို ထုံးလိုချေရေလိုနှောက်ထားပြီး ခရစိယာန်မိဘ များက မွေးဖွားလာပေမယ်။ တော်ရုံ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီး ဓမ္မာစရိယ တန်းလောက်နဲ့ လက်တန်းယှဉ်ပြီးဆွေးနွေးရလောက်တဲ့အထိ ဗုဒ္ဓ အဘိဓမ္မာကို ပိုင်နိုင်သူတစ်ယောက်။ ဘယ်ဘာသာကိုမှ သတ်သတ်မှတ်မှတ် ကိုးကွယ်ခဲ့ချင်းမရှိပေမယ့်။ဘာသာတရားတွေထက် သူ ယုံကြည်တဲ့ ဝါဒတရားတစ်ခုကိုသာ ဆုပ်ကိုင်သွားတဲ့သူတစ်ယောက်။ သူလို ပုဂ္ဂိုလ်မျိုးနဲ့ လမ်းအတူယှဉ်လျှောက်သွားတဲ့အခါ ဆယ်မိနစ်လောက်သွားရတဲ့ခရီးကို တစ်နာရီလောက်သွားရတယ်။ ဘာလိုဆို သူ့ ကို ဝန်ကြီးချုပ်ကနေ လမ်းဘေး ဆိုက်က္ကားသမားလောက်ကအထိ သိနေလို့ ပဲ။ ဒါ့အပြင်သူကလည်း သူကိုနူတ်ဆက်သူမှန်သမျှ တလေးတစားနဲ့ ကျန်းမာရေး။စီးပွားရေး စတာတွေကို စိတ်ရင်းကိုယ်ပါမေးလေ့ရှိပြီး။အဆင်မပြေတဲ့သူဆိုရင် အိတ်ထဲမှာပါတဲ့ပိုက်ဆံကို အကုန်ပေးပစ်လေ့ရှိတယ်။ သတင်းစာအတွက် စက္ကူသွားဝယ်တာ ခါးပိုက်နိုက်ကောင်လေးက သူ့ ကို ခါးပိုက်နိုက်နေတာသိလျက်နဲ့ မသိချင်ယောင်ဆောင်ပြီးပိုက်ဆံအိတ်ကို ဖွင့်ပေးခဲ့တယ်။ ပြီးနောက် ခါးပိုက်နိုက်ကောင်လေးပြုံးပျော်နေတာကိုမြင်ပြီး ကျေနပ်ပျော်ရွှင်ရပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်။မြန်မာပြည်ရဲ့အတော်ဆုံးအယ်ဒီတာ ဦးချစ်မောင်ကို သူ့ စံပြ ပုဂ္ဂိုလ်အဖြစ်ထားပြီး
သူကိုယ်တိုင်လည်း ဦးချစ်မောင် ရဲ့လို အတိုင်းဖြစ်အောင်ကျင့်ကြံခဲ့တယ်။ ဦးချစ်မောင်လိုပဲ။ အသောက်အစား အပျော်အပါးအားလုံးကင်းတယ်။ဆေးလိပ်နဲ့လဖက်ရည်။ကလွဲရင်ဘာမှ မမက်မောခဲ့တဲ့သူ။မခင်ဦး ဟာ သူ့ အတ္တပါလိုကြွေးကြော်ရင်း ပြည်သူ့စာရေးဆရာအဖြစ်သေဆုံးသွားခဲ့ရသူ။

၎။

ဗန်းမော်တင်အောင်ကို ၁၉၅၂ သြဂုတ်လ ၂၇ ရက်နေ့ မှာ ဖဆပလ အစိုးရက ပထမဆုံးအကြိမ်အဖြစ်အဖမ်းဆီခံရတယ်။ ဒါဟာစစ်ပြီးခေတ် ပေါ်ပေါက်လာတဲ့ စာရေးဆရာတွေထဲမှာပထမဆုံးထောင်ကျတဲ့ စာရေးဆရာပဲ။ အဲ့အကြိမ်မှာသူ့ ကို အစိုးရက ထောင်ဒဏ် ခုနှစ် နှစ် အပြစ်ပေးခဲ့တယ်။ဗန်းမော်တင်အောင်ပြီးနောက် ဒုတိယမြောက် အဖမ်းဆီးခံရတဲ့ စာရေးဆရာကတော့ လူထုဦးလှပဲဖြစ်တယ်။ လူထူဦးလှကို ၁၉၅၃ အောက်တိုဘာ ၇ ရက်နေ့ မှာ ပုဒ်မ ၅ နဲ့ ဖမ်းဆီးလိုက်တယ်။ ၁၉၅၇ ဇန်နဝါရီလ ၁၄ ရက်နေ့ မှာ ပြန်လွှတ်ခဲ့တယ်။ ဗန်းမော်တင်အောင်ကိုတော့ ၁၉၅၇ ဇန်နဝါရီ ၄ ရက်နေ့ မှာပြန်လွှတ်ခဲ့တယ်။ ဗန်းမော်တင်အောင်နဲ့ လူထုဦးလှ မလွှတ်ခင် ထောင်ထဲကို နောက်ထပ် ဝင်လာတဲ့ လူတွေကတော့ စာရေးဆရာ မောင်နေဝင်း။ ဗိုလ်တစ်ထောင်သတင်းစာ အယ်ဒီတာချုပ် ဗိုလ်ထိန်လင်း ။ တကသ ဥက္ကဌ ကိုတင်အေး စတဲ့ လူတွေပဲဖြစ်တယ်။ဗန်းမော်တင်အောင်နဲ့ လူထု ဦးလှတို့ က သူတို့ မလွတ်ခင် ထောင်ထဲမှာ သူတို့ နှစ်ယောက်ဦးဆောင်ပြီးတော့ စာဆိုတော်နေ့ ကျင်းပတယ်။ အဲ့နေ့ မှာပဲ သခင်ကိုယ်တော်မှိုင်းကို ထောင်ထဲအထိ ပင့်ဖိတ်ပြီးကန်တောခဲ့ကြတယ်။ ဗန်းမော်တင်အောင် ဟာ သူလွှတ်သွားခဲ့ပေမယ့်။ ထောင်ထဲက ကျန်ရှိနေတဲ့ ရဲဘော်ရဲဘက်တွေကို မကြာခဏလာတွေ့ ပြီးတော့ ဖတ်စရာစာအုပ်။ စားစရာ။ စသဖြင့် အမြဲလာရောက်ပေးကမ်းဝေငှလေ့ရှိတယ်။ သိပ်မကြာပါဘူး။ ထောင်ကနေ ၁၉၅၇ မှာ လွှတ်ပေမယ့်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်မှာ ဒုတိယမ္ပိ ထပ်မံအဖမ်းခံရတယ်။ ဒီတစ်ခါတော့ သူ့ ကိုအိမ်စောင့်အစိုးရက ထောင်ဒဏ်အနည်းငယ်ပဲချမှတ်ခဲ့တယ်။ ဒီလိုနဲ့ ၁၉၆၀ အောက်တိုဘာလ မှာ သူပြန်လွတ်လာတယ်။ ထောင်မှလွတ်ပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေး။ ပြည်တွင်းစစ်ရပ်ဆဲရေး။ ကမ္ဘာငြိမ်းချမ်းရေး ကိစ္စများဆောင်ရွက်နေစဉ်မှာပဲ။ ၁၉၆၃ နိုဝင်ဘာလတော်လှန်ရေးကောင်စီ အစိုးရက ထပ်ဖမ်းခဲ့တယ်။ ဒီအကြိမ်မှာ တော့ ဆရာမြသန်းတင့်။ လေထီးဦးအုန်းမောင်။ ထက်မြက် အစရှိတဲ့ သူတွေပါ ပါဝင်ခဲ့ကြတယ်။ သူတို့ အားလုံးကို ၁၉၆၉ ဖေဖော်ဝါရီလ ရဲ့ ညတစ်ညမှာ ပြည်တော်ညွှန့် သဘောင်္နဲ့ တစ်ကျွန်းကိုပို့ ခဲ့တယ်။ တစ်ကျွန်းမှာ ကိုယ်ထူကိုယ်ထ စနစ်နဲ့ အသက်ရှင်အောင်ပြုမူနေထိုင်ကြရတယ်။ အဲ့ကာလတုန်းက ဗန်းမော်တင်အောင်က ငါးဆယ်ဝန်းကျင်။မြသန်းတင့်က အသက်လေးဆယ်ဝန်းကျင်ပဲဖြစ်တယ်။ ကျွန်းမှာ အလုပ်ကြမ်း လုပ်ဖို့ အဆိုင်းခွဲကြတော့ ဗန်းမော်တင်အောင်ကို တစ်ခြားရဲဘော်တွေက သစ်ပင်လှဲတဲ့အလုပ်မှာမလုပ်စေချင်သလိုမြသန်းတင့်ကိုလည်း မပါဝင်စေချင်ဘူး။ ဒါပေမယ့် လူငယ်အားလုံးနဲ့ တန်းတူရင်ဘောင်တန်းအလုပ်လုပ်တယ်။ ဗန်းမော်တင်အောင်က သူ့ သုံးတဲ့ ပစ္စည်းမှန်သမျှ ကို ဘယ်သူကိုမှပေးမသုံးဘူး။ သောက်ရေခွက်။ ထမင်းပန်းကန်။ စတဲ့ အသေးအမွှားပစ္စည်းကအစသူ တစ်ယောက်ထဲပဲသုံးတယ်။ ပြီးရင် သူ့ အခန်းထဲယူသွားပြီးသိမ်းတယ်။ အဲ့တုန်းက ဗန်းမော်တင်အောင်နေခဲ့တဲ့ အဆောင်က နံပါတ်လေး။ ဆရာမြနေခဲ့တဲ့ အဆောင်က နံပါတ်ကိုး။ ဒီလိုနဲ့  လူငယ်ရဲဘော်တွေကဗန်းမော်တင်အောင့်အပေါ် အမြင်မကြည်ဖြစ်လာတယ်။လူထုနဲ့ တူတူမနေတဲ့အပြင် ပစ္စည်းကိုလည်း ဘုံသဘောနဲ့ မသုံးပဲ ခွဲခြားနေလို့ ဆိုပြီး။ သိပ်မကြာခင်မှာ ရဲဘော် လူငယ်တစ်ယောက်က ဗန်းမော်တင်အောင်ကို မေးတယ်။ ဘာလို့ ဘုံစနစ်နဲ့ ပစ္စည်းတွေကို အားလုံးမျှမသုံးပဲ တစ်ယောက်ထဲ သုံးနေတာလည်းဆိုပြီး။ဗန်းမော်တင်အောင်က လာမေးတဲ့လူငယ်ကို ပြုံးပြီးတော့ အေးအေးဆေးဆေးလေးပဲပြန်ဖြေလိုက်တယ်။ အားလုံးနဲ့ ရောသုံးရင် ကျနော် ဆီက တီဘီ ရောဂါ ခဗျားတို့ ဆီပါ ကူးစက်သွားမှာပေါ့။ ဒါ့ကြောင့် ကျနော့် ပစ္စည်းတွေကို ကျနော်တစ်ယောက်ထဲပဲ သုံးနေတာပါလို့ ပြန်ပြောတယ်။ ဒီလိုနဲ့ ကျွန်းမှာ ရက်ပေါင်းလေးဆယ်အစာငတ်ခံတဲ့တိုက်ပွဲကြီးကို စတင်ကြတယ်။

( ဆက်ရန်)

Ps :
ပုံတွင်မြင်ရသောသူမှာ (ကုတ်အကျီ်) နှင့်သူသည်
ဗန်းမော်တင်အောင်ဖြစ်သည်။ ၁၉၇၂ အကျဉ်းထောင်မှ
လွတ်မြောက်စဉ်အခါက ။

ပထမ ပိုင်းကိုဖတ်ရှူချင်သူများအတွက်
အောက်က Link အတိုင်းဝင်ရောက်ဖတ်ရှူနိုင်ပါတယ်။
http://www.timeayeyar.com/2019/01/blog-post_31.html


ကွိုင်
လေးနာရီ နှစ်ဆယ့်ကိုး
အေဒီ ၂၀၁၈
ဇူလိုင် ၅ ရက်

No comments:

Post a Comment