Latest News

Monday, January 28, 2019

တရုတ်နိုင်ငံ နယ်စပ်တော အတွင်း ၄ ရက်ကြာ အစာရေစာ ပြတ်တောက်ခဲ့ကြသော မြန်မာအလုပ်သမားများထဲမှ ခေါင်းဆောင်တစ်ဦးအားမေးမြန်းခြင်း

တရုတ်နိုင်ငံ နယ်စပ်တော အတွင်း  ၄ ရက်ကြာ အစာရေစာ ပြတ်တောက်ခဲ့ကြသော မြန်မာအလုပ်သမားများထဲမှ ခေါင်းဆောင်တစ်ဦးအားမေးမြန်းခြင်း

“တောထဲက ဖရုံသီးတွေ ပိန်းဥတွေ ရှာပြီး ပြုတ်စားနေခဲ့ရတာ၊မကွေးဘက်က လူ၃၀ လောက်အသစ်ထပ်ရောက်လာတော့ ကျွန်တော်တို့ ကို မခိုင်းတော့တာ၊”

ကိုသစ္စာ(မုံရွာ)တွေ့ဆုံမေးမြန်းသည်။

တရုတ်နိုင်ငံ သို့ ကြံခုတ်လုပ်ငန်းလုပ်ကိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး  ကနီမြို့နယ်၊မင်းကင်းမြို့နယ်၊ကလေးမြို့နယ်တို့  အလုပ်သမား ၄၅ ဦးသည် ၂၀၁၈ ဒီဇင်ဘာ ၁၈ ရက်နေ့က တရုတ်-မြန်မာနယ်စပ်လမ်းကြောင်း မှတဆင့်သွားရောက်ခဲ့ကြသည်။ 

၎င်းတို့ထဲတွင် တက္ကသိုလ်ကျောင်းသားများအပြင် အမျိုးသမီး ၇ ဦးလည်းပါဝင်သည်။၎င်းတို့မှာ ယူနန်ပြည်နယ် ပေါက်ချန်းခရိုင် မုံရှိန်မြို့မှ ၅နာရီကြာသွားရသည့် ကြံတောအတွင်းအလုပ်ခဲ့ရသည်။

 နေထိုင်စားသောက်မှု အဆင်မပြေဖြစ်ပြီး ၄င်းတို့ဒေသရှိ ဆွေမျိုးများထံအကူညီတောင်းရာ ကနီမြို့နယ် အိုင်တောင်ရွာမှ ကိုဝင်းဇော်ခိုင် (၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၊ယင်းမာပင်ခရိုင်လူငယ်ကိုယ်စားလှယ်)က ချိတ်ဆက်ကူညီမှုများလုပ်ခဲ့သည်။

 ယင်းနောက် အလုပ်ရှင်မှ လေးရက်ကြာအစာရေစာ ဖြတ်တောက်ခဲ့သဖြင့် ဒုက္ခရောက်ခဲ့ကြပြီး နောက် ဇန်န၀ါရီ ၂၂ ရက်တွင် မြန်မာပြည်သို့ပြန်လာနိုင်ခဲ့သည်။ ဇန်န၀ါရီ ၂၃ ရက်တွင် စစ်ကိုင်းတိုင်း မုံရွာမြို့သို့ ရောက်ရှိလာပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး၊လူမှုရေးဝန်ကြီး၊လူကုန်တားရဲတပ်ဖွဲ့ တို့မှ နေရာချထားစောင့်ရှောက်ပေးခဲ့သည်။

၎င်းအလုပ်သမားများထဲမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ယင်းမာပင်ခရိုင် ကနီမြို့နယ် တောင်ပေါက်အနောက်ရွာနေ ကိုအောင်ကိုမင်း အား ၄င်းတို့တွေ့ကြုံခဲ့ရသည်များကို မေးမြန်းခဲ့ပါသည်။

မေး- တရုတ်နိုင်ငံကို အလုပ်သွားလုပ်ဖို့ ဘယ်သူတွေက စည်းရုးံလို့လဲဗျ

ဖြေ- ကျွန်တော်တို့ ကနီမြို့နယ် သရက်ပင်ရွာမှာ တရုတ်ပြည် ကြံခုတ်သွားဖို့ ခေါ်နေတာ ရှိတယ်၊သူတို့ဆီ ဆက်သွယ်ပြီး လိုက်လို့ရတယ်လို့ကြားလို့ သွားတာ၊ပွဲစားမနဲ့ တရုတ်က အလုပ်ရှင်သဌေးတရုတ်မ ကိုယ်တိုင်လာခေါ်တာ၊မြေပြန့်တွေမှာလုပ်ရမယ်၊ရေမီးကလည်း အပြည့်အစုံဆိုပြီးပြောခေါ်တယ်၊လစာတွေလည်းတစ်လတစ်ခါ ရှင်းပေးမယ်၊ဒီကြားထဲမှာအဆင်မပြေလို့ ပြန်ရင် လျော်ကြေးတွေပေးစရာမလိုဘူးပြောတယ်၊ ကြံတစ်တန်ကို တရုတ်ငွေ ၁၀၀ ရမယ်ပြောတယ်၊တစ်လ ၁၀သိန်းလောက်ရမှာဆိုပြီး ခေါ်တယ်၊အလုပ်သွားလုပ်တာက မင်းကင်းက ၂ယောက်၊ကလေးမြို့နယ်က ၃ယောက် နဲ့ကျန်တာ ကနီကကြီးပဲ။

မေး- တရုတ်ပြည်ကို ဘယ်လို သွားခဲ့လဲ

ဖြေ-မုံရွာကနေ မူဆယ်ထိ ကိုယ့်စရိတ်နဲ့ကိုယ်သွားရတယ်၊ ပန်ဆိုင်းဂိတ်ကို ကားလေးတွေနဲ့ထပ်သွားတယ်၊အဲဒီမှာ စာအုပ်လုပ်ပြီးဝင်ရတယ်၊ ၇ရက်နေထိုင်ခွင့်နဲ့သွားတယ်၊ တရုတ်ပြည် တံဆိပ်တုးံထုတဲ့နေရာမှာကျ ရွာကို လူလာခေါ်တဲ့ လောပန်းတရုတ်မ လာစောင့်တယ်၊သူငှားလာတဲ့ကားတွေနဲ့ခေါ်သွားတယ်၊လူခွဲပြီး ညတွေမှသွားတယ်၊နေ့ပိုင်းကျ သူတို့စခန်းတွေမှာထားတယ်၊ ၁၀ယောက်ချင်း၊၁၅ယောက်ချင်းလူခွဲလွှတ်တာ၊၅ ရက်လောက်နေမှ ကြံခင်းကို ရောက်တာ၊

မေး- ရောက်ရောက်ချင်း ဘာလုပ်ရလဲ၊

ဖြေ- အလုပ်တော့ တန်းမလုပ်ရသေးဘူး၊ ဇန်န၀ါရီ ၃ ရက်နေ့မှ ကြံစခုတ်ရတာ၊ အဲဒီမှ အဆင်မပြေတာတွေ့ရတယ်၊ရေ၊မီးအစုံလို့ပြောပေမယ့် ဘာမှမပြည့်စုံဘူး၊ထင်းဆိုလည်း ကိုယ့်ဘာသာ တောထဲရှာ ခွေပြီးစိုက်ရတယ်၊ ရေလည်း ကုန်ခါနီးမှ ထော်လာဂျီနဲ့လာပို့တယ်၊ ကြံခင်းတွေကလည်း မြေပြန့်မဟုတ်ဘဲ ၊တောင်ကုန်းတွေဆိုတော့ ကြံစည်းတွေနဲ့ထမ်းတက်ရတော့မတက်နိုင်ကြဘူး၊လစာတွေလည်း တစ်လတစ်လခါ ရှင်းမပေးတော့ဘူးပြောလို့ ပြန်မယ်ဆိုပြီး ရွာကလူတွေနဲ့ ဆက်သွယ်တယ်၊ တရုတ်ဖုန်းကတ် ပေးထားတယ်၊ ကနီကို ဆက်သွယ်တော့ အမ်ပီတီ ဖုန်းနဲ့ ဗိုက်ဘာပို့ပြီး ဆက်သွယ်ရတာ၊

မေး-ပြန်မယ်လို့သိတော့ အလုပ်ရှင်က ဘာလုပ်လဲ

ဖြေ- ပြန်မယ်သိတော့ ဖုန်းအားသွင်းဖို့ပေးထားတဲ့ ဆိုလာပြားအသေးလေးတွေကို သိမ်းတယ်၊ဆက်သွယ်ရေးကအစ၊အစာရေဆာ ကအစဖြတ်ပစ်တယ်၊ မှတ်ပုံတင်ကို စာအုပ်အစိမ်းနေထိုင်ခွင့်လုပ်ဖို့ဆိုပြီး  သိမ်းသွားတယ်၊ နယ်စပ် ကနေ ပြန်ခါနီးမှ အဲဒါတွေ ပြန်ရတယ်၊

မေး- အစာရေဆာ ပြတ်တော့ ဘယ်လို နေကြလဲ

ဖြေ- တောထဲက ဖရုံသီးတွေ ပိန်းဥတွေ ရှာပြီး ပြုတ်စားနေခဲ့ရတာ၊မကွေးဘက်က လူ၃၀ လောက်အသစ်ထပ်ရောက်လာတော့ ကျွန်တော်တို့ ကို မခိုင်းတော့တာ၊

မေး-အလုပ်ရှင် တရုတ်မ က သုးံယောက်လို့ပြောတာ၊သူတို့ကရော ဘာတွေပြောလဲ

ဖြေ-သူတို့အလုပ်ကို မလုပ်တော့ဘူး ပြန်မယ်ပြောတာနဲ့ ဒီလူတွေအကုန်လုးံကိုခေါ် ထော်လာဂျီနဲ့တင်ပြီး ရေထဲကို လွှင့်ပစ်လိုက်မယ်ဆိုပြီး ကျွန်တော်တို့ အလုပ်မလုပ်တော့လို့ပြောတာပါ၊ ကျွန်တော်တို့ဆီ လာခေါ်တဲ့ တရုတ်မ နာမည်ကတော့ မိကြွင်းကျင် လို့ ခေါ်တယ်၊ဗမာ စကားပြောတက်တယ်၊

မေး-အဲဒီကနေ မြန်မာပြည်ထဲကို ဘယ်လို ပြန်လာလဲ

ဖြေ- ဦးဝင်းဇော်ခိုင်(ချိတ်ဆက်ကူညီဆောင်ရွက်ပေးသူ) က လမ်းညွန်တယ်၊သူတို့ နှစ်နိုင်ငံ စကားပြောထားပြီးပြီ၊ ရဲစခန်းကိုရောက်အောင်သွား၊မင်းတို့ကိုတစ်ည တစ်လေ ထားမယ်၊ပြီးတော့ပြန်ပို့မယ်ပြောလို့ သူပြောတဲ့နေ့မှာပဲ တစ်ခါတည်း အနီးဆုးံရဲစခန်းသွားကြတယ်၊အဲဒါလည်းတစ်ရက်လည်း လမ်းလျှောက်ရတယ်၊ ပန်ဂျင်ပန်း ရဲစခန်းကိုသွားတာ၊အဲဒီစခန်းကို လည်းမသိဘူး၊သွားရင်းလာရင်းမေးတာ၊စိုက်ခင်းကနေ ငါးနာရီလောက်လမ်းလျောက်တော့ ရွာလေးတွေတွေ့တယ်၊ သူတို့မေးကြည့်တယ်၊တရုတ်တွေက မသိဘူးပဲပြောတာ၊ဆက်လျောက်တော့ မြို့ကိုရောက်တယ်၊ အဲဒီမှာ ကျွန်တော်တို့ လောပန်းက ရဲသုးံယောက်လောက်ခေါ်ပြီး ကြိုစောင့်နေတာတွေ့တယ်၊ စခန်းကို ခေါ်မသွားဘဲအဆောက်အဦတစ်နေရာကို ခေါ်သွားတယ်၊ ပြန်မလား၊ပြန်ရင် တစ်ယောက်ကို တရုတ်ငွေ နှစ်ထောင်ပေး ပြန်ပို့ပေးမယ်၊နယ်စပ်ဝမ်တိန် ပေါက်ထိပို့ပေးမယ်ပြောတယ်၊ ကျွန်တော်တို့ကတော့  ပိုက်ဆံမရှိဘူး၊ ရဲစခန်းကိုသာ လိုက်ပို့ပေးပါ ပြောတာ၊အဲဒါမရဘူး၊ တရုတ်ငွေ နှစ်ထောင်မပေးရင် မြန်မာငွေ သုးံသောင်စီပေးလို့ပြောတယ်၊ကျွန်တော်တို့က ပိုက်ဆံတစ်ကျပ်မှ မရှိဘူး၊ရဲစခန်းကိုသာလိုက်ပို့ပေးရင် အဆင်ပြေပါတယ် ပြောတာ၊အဲဒီအချိန်မှာကျွန်တော်တို့ကို ပြောမရတော့ ဦးဝင်းဇော်ခိုင်နဲ့ ဖုန်းချင်း အဆက်သွယ်ရတော့ စကားပြန်နဲ့တဆင့်ပြောခိုင်းလိုက်တာ၊ သုးံပွင့်နဲ့ ရဲရောက်လာပြီး သူတို့ကနေ ကားနဲ့ ကား ၄စီးငှားပြီး မံစီကိုပို့တယ်၊အဲဒီကနေ ကားအလတ် ၂စင်းနဲ့ ထပ်ကဲ့ပြီး ၀မ်တိန်ပေါက်ကို လိုက်ပို့တယ်၊ခိုးပေါက်တွေရောက်တော့ မြန်မြန်ဆင်း မြန်မြန်သွားကြဆိုတာနဲ့ ကျွန်တော်တို့ ခြေလျင်ထွက်ပြေးလာပြီး ချောင်းလေး ကူးလိုက်တာနဲ့ မြန်မာပြည်ထဲပြန်ရောက်တာပဲ၊

မေး-မြန်မာပြည်ထဲရောက်တော့ ဘယ်သူနဲ့အရင်တွေ့လဲ

ဖြေ- အဆောက်အဦတစ်ခုတွေ့တယ်၊ ဦးဝင်းဇော်ခိုင်နဲ့ဆက်သွယ်တယ်၊ မူဆယ်က ဦးမင်းထင်လတ်ကို ဆက်သွယ်တယ်၊အဲဒီကတဆင့် ပန်ဆိုင်း ရဲမှူး အောင်ကျော်မိုးကနေ ညီလေးတို့အဲဒီမှာ အိပ်လိုက်၊မနက်ကျမှတွေ့မယ်ဆိုပြီး အဲဒီမှာတစ်ည အိပ်ခဲ့တယ်၊ည သန်းခေါင်လောက်ရောက်တာ၊နောက်ရက်ကျမှ ရဲမှူးနဲ့တွေ့ပြီး စားသောက်ရေးစီစဉ်ပြီး မုံရွာကို ရောက်လာတာပါပဲ

မေး-ဒီတွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်ကနေ ဘာတွေသင်ခန်းစာ ယူပြီး ပြောချင်တာ ရှိလဲ

ဖြေ- ကျွန်တော်တို့ ဒုက္ခတွေ ကြုံရတယ်၊ကိုယ်သွားကြမယ်ဆို လိုက်ပြီဆို သေချာလေ့လာပြီးမှ လိုက်သင့်ပါတယ်၊မလိုက်ဖို့က ပိုကောင်းတယ်၊သူများ နိုင်ငံဆိုတာ သူများစကားလည်း မပြောတက်၊သူများခိုင်းသလို လုပ်ရတာ၊သူများပေးသလောက်ပဲ ရတာမို့ မလိုက်သင့်ပါဘူးလို့ ပြောချင်တယ် ။

ကိုသစ္စာ(မုံရွာ)

No comments:

Post a Comment