Latest News

Monday, January 28, 2019

စစ်ကိုင်းတိုင်းရှိ အစေ့ထုတ်ပြောင်းခင်း ဧကရာချီ တွင် ဖျက်ဆီးမြန် ငမြှောင်တောင်ပိုး ကျရောက်နေ

စစ်ကိုင်းတိုင်းရှိ  အစေ့ထုတ်ပြောင်းခင်း ဧကရာချီ တွင် ဖျက်ဆီးမြန် ငမြှောင်တောင်ပိုး ကျရောက်နေ

  စစ်ကိုင်းတိုင်းဒေသကြီး ရှိ အစေ့ထုတ်ပြောင်းစိုက်ခင်း ဧက ရာချီတွင်  ဖျက်ဆီးမြန် ငမြှောင်တောင်ပိုးများ ကျရောက်နေကြောင်း  တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်စန်းစန်းမြင့်ကပြောသည်။
 
   ငမြှောင်တောင်ပိုး ကျရောက်မှုတွင် အဆိုးရွားဆုးံမှာ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ရှိ ကျေးရွာအုပ်စု ၅ အုပ်တွင် ဖြစ်ပြီး  ၅၀၂ ဧက တွင် ပိုးကျနေခြင်းဖြစ်သည်။ ယင်းတို့ထဲတွင် ၂၈၂ ဧက မှာပိုးကျမှု ပိုများနေကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
     
"စစ်ကိုင်းတိုင်းရာသီဥတုက ငမြှောင်တောင် ပိုးကြိုက်တဲ့ရာသီဥတုမျိုး  ဖြစ်နေတယ်၊ နောက်ပြီး အဲဒီပိုးစားတဲ့ သီးနှံ ၈၀ မျိုးမှာ အခုကျနေတဲ့ ပြောင်းက သူတို့အကြိုက်ဆုးံ ထိပ်ဆုးံကပါတယ်၊ဒီပိုးကို ကျွန်မတို့ကြောက်ရလို့ အခု အထူးအလေးထားပြီး  သူ့မျိုးဆက် မပွားအောင် လုပ်နေတယ် "ဟု   စစ်ကိုင်းတိုင်း သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်စန်းစန်းမြင့် ကပြောသည်။
   
ငမြှောင်တောင်ပိုးမှာ အိန္ဒိယနိုင်ငံမှတဆင့် ပြန့်ကူးစက်ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းနှင့် အိန္ဒိယတို့သည် နယ်နမိတ်ချင်းထိဆက်လျက်ရှိသည်။ ငမြှောင်တောင်ပိုးသည် တစ်ညလျင် မိုင် ၆၀ ထိ ပျံသန်းနိုင်ပြီး မျိုးပွားနှုန်းမြန် ဖျက်ဆီးစားသောက်မှုနှုန်းမြန် ကြောင်းသိရသည်။
         
၂၀၁၈ နိုဝင်ဘာလကလည်း ကျွန်းလှမြို့နယ်ရှိပြောင်းခင်း ၁၅၀၈ ဧက တွင် ငမြှောင်တောင် ပိုးကျခဲ့သော်လည်း ပုံမှန်ကျနေကျ ပိုးဖြစ်၍ ကာကွယ်နှိမ်နင်းနိုင်ခဲ့ပြီး ယခုကျသော ပိုးသည် ဖျက်ဆီးမြန်သည့်  Fall Armyworm မျိုးစိတ်ဖြစ်နေကြောင်း  စိုက်ပျိုးရေးဌာနမှ  စစ်ဆေးတွေ့ရှိထားသည်။
 
 "ပိုးကျတဲ့ပြောင်းခင်း ဘေးက မြေပဲ တို့ စပါးတို့မှာပိုးမကျဘူး၊ တောင်သူတွေနဲ့ ကျွန်မတို့ ၀န်ထမ်းတွေပူးပေါင်းနှိမ်နင်းတဲ့အခါသက်ကြီးကောင်ဆို လက်နဲ့ကောက်တာ၊သတ်မှတ်ထားတဲ့ ပိုးသတ်ဆေးဖြန်းတာ လုပ်တာ၊ ပြောင်းခင်းက သက်တမ်းအလိုက်မတူညီတော့ အဖူးတွေပျက်စီးတဲ့ထိ မဖြစ်သေးဘူး "ဟု ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှကြိုင်ကပြောသည်။

     ယခု ဇန်န၀ါရီလ အတွင်း စစ်ကိုင်းတိုင်းရှိ  ကလေး၊ကနီ၊ချောင်းဦး၊မြောင် မြို့နယ်တို့ရှိ အစေ့ထုတ်ပြောင်းခင်းများတွင်လည်း ငမြှောင်တောင်ပိုးများ ကျရောက်နေကြောင်း သက်ဆိုင်ရာမြို့နယ်မှ သတင်းပေးပို့သဖြင့် ကွင်းဆင်းနှိမ်နင်းမှုများဆောင်ရွက်နေသည်ဟု တိုင်းစိုက်ပျိုးရေးဌာန ကပြောသည်။

  "ဒီနှစ်မှ ပြောင်းဖူး စစိုက်တာ၊အရင်နှစ်က ပဲစဥ်းငုံစိုက်တာ ဈေးမကောင်းလို့ ပြောင်းစိုက်ခါမှ ၁၄ဧက စလုးံပိုးကျတယ်၊ဆေးဖျန်းမယ့်လုပ်သားကလည်း ခေါ်ဖို့ခက်တယ် "ဟု ကျွန်းလှမြို့နယ် သဖန်းဆိပ်ရွာမှ တောင်သူ ဦးကျော်ထွန်ဝင်း ကပြောသည်။

    ကမ္ဘာ့နိုင်ငံများတွင် ငမြှောင်တောင်ပိုး ပြန့်နှံ့ကူးစက်နေသဖြင့်  မြန်မာနိုင်ငံတွင်လည်းသတိထားကာကွယ်ခြင်းများ လုပ်ဆောင်ရန်  ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ FAO မှ  ၂၀၁၈ ခုနှစ်အတွင်းက  သတိပေးထုတ်ပြန်ထားသည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment