တနင်္သာရီကမ်းနီးရေပြင်တွင် ကမ်းဝေး တရွတ်ဆွဲ ငါးဖမ်းလှေများ ဥပဒေမဲ့ဝင်ရောက်ဖမ်းဆီးမှုများရှိနေ
မြိတ် ဇန်နဝါရီ ၁၇
တနင်္သာရီကမ်းရိုးတန်းရေပြင်သည် ရေမိုင် ၈ဝဝ ရှည်လျားကာ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလှေများဖြင့် ရေလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြပြီး ဒေသခံပြည်သူများက စားဝတ်နေရေးအတွက် မိရိုးဖလာ တံငါလုပ်ငန်းဖြင့် ဝမ်းစာရှာဖွေလုပ်ကိုင်နေကြသော ကမ်းနီးရေပြင်တွင် ကမ်းဝေးတရွတ်ဆွဲ ငါးဖမ်းလှေများမှ လှေနာမည်နှင့် နံပါတ်များကိုပိတ်၍ ဥပဒေမဲ့ ဝင်ရောက်ဖမ်းဆီးမှုများရှိနေကြောင်း သိရသည်။
ကမ်းဝေးတရွတ်ဆွဲ ငါးဖမ်းလှေ များက ဥပဒေမဲ့ ဝင်ရောက် ငါးဖမ်းဆီးလာ ကြသဖြင့် ဒေသခံများ အလုပ်အကိုင် အခက်အခဲ ဖြစ်လာကြသည်ကို သက်ဆိုင်ရာသို့ လွှတ်တော်ကိုယ်စား လှယ်များက တင်ပြကြသော်လည်း အောက်ခြေတွင် ငါးခိုးဖမ်းခြင်းကိစ္စ ပျောက်ကွယ်သွားခြင်း မရှိသဖြင့် ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်းက နိုဝင်ဘာလတွင် ရေပြင်ကွင်းဆင်း၍ ဥပဒေမဲ့ ငါးခိုးဖမ်းခဲ့ကြသည့် ကမ်းဝေး တရွတ်ဆွဲ ငါးဖမ်းလှေ ၁ဝ စင်းကို ဒုံးညောင်မှိုင်းကျေးရွာအနီး၊ ဒိုမယ်ကျွန်း အနီးနှင့် မလိကျွန်းအရှေ့ ကမ်းနီးရေပြင် တို့တွင် မှတ်တမ်းများ ရယူနိုင်ခဲ့ကာ သက်ဆိုင်ရာသို့ အချက်အလက်များနှင့် တကွ တင်ပြခဲ့ကြောင်း သိရသည်။
''ကျွန်းစုမြို့နယ်မှာ အဓိကကတော့ ကမ်းနီးရေလုပ်သားတွေ များပါတယ်။ ကမ်းနီးရေလုပ်သားထဲမှာ ဝါလတ်လှေကို ပိုင်ဆိုင်တဲ့သူ မရှိသလောက်ပဲ။ တခြား နေရာကလာပြီး ဝင်ရောက်ဖမ်းဆီးပါ တယ်။ ဒီဒေသမှာ တရားမဝင် ငါးခိုးဖမ်း လှေကြီးတွေ ငါးခိုးဖမ်းတဲ့အတွက် ကြောင့် ပြည်သူတွေ စားဝတ်နေရေး ခက်ခဲနေပါတယ်။ ဒီဒေသမှာ ရေရှည် ရပ်တည်ဖို့ မရနိုင်တော့ပါဘူး။ စီးပွား ရေးကလည်း အင်မတန်ထိခိုက်နေတယ် လို့ တင်ပြကြတယ်။ လွှတ်တော်ထဲမှာ လည်း ကျွန်တော် အကြိမ်ကြိမ်တင်ပြ တယ်။ ဒါပေမယ့် အောက်ခြေမြေပြင်မှာ ထိရောက်စွာအရေးယူနိုင်မှု အားနည်း ပါတယ်။ အဲဒီလို အခြေအနေမျိုးဖြစ်တဲ့ အတွက် ကျွန်တော်ကိုယ်တိုင် နိုဝင်ဘာ ၃ ရက်ကနေ ၁ဝ ရက်အထိ ကွင်းဆင်းပြီး အထောက်အထား ရယူခဲ့ပါတယ်''ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောသည်။
တရွတ်ဆွဲ ကမ်းဝေးငါးဖမ်းလှေ (ဝါလတ်) လှေကြီး ၁ဝ စင်းသည် ကမ်းနီး ရေပြင်သို့ ဥပဒေမဲ့ဝင်ရောက် ဖမ်းဆီးခဲ့ ခြင်းအပေါ် ထိရောက်စွာအရေးယူပေးရန် တိုင်ကြားလာခြင်းကိစ္စနှင့် ပတ်သက်၍ ဇန်နဝါရီ ၁၄ ရက်က မြိတ်ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနတွင် လွှတ်တော်ကိုယ်စားလှယ် များ၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးလုပ်ငန်း အဖွဲ့ချုပ်၊ ရေလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ နှင့် ရေယာဉ်ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဥပဒေမဲ့ ဝင်ရောက်ဖမ်းဆီးခဲ့သည့် တရွတ်ဆွဲ ကမ်းဝေးငါးဖမ်းလှေ(ဝါလတ်) လှေကြီး ၁ဝ စင်းသည် အထောက်အထား များဖြင့် အမြန်ဆုံးစိစစ်အရေးယူနိုင်ရေး အတွက် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ တိုင်းဒေသကြီး ဦးစီးမှူး ဦးဆောင်သော အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
'' တင်ပြထားတဲ့ နေရာတွေက ဥပဒေမဲ့ဝင်ရောက် ဖမ်းဆီးခဲ့တဲ့ ကမ်းဝေး လှေတွေဟာ ကမ်းနီးဧရိယာထဲ ရောက်နေတယ်ဆိုတာ သေချာပါတယ်။ ဘယ်အကြောင်းပြချက်နဲ့မှ နာမည်တွေ နံပါတ်တွေ မဖုံးအုပ်ဖို့ òန်ကြားထားတာ ဖြစ်တဲ့အတွက် ဒါလည်းပဲ တရားမဝင်ဘူး ဆိုတာ ပေါ်ပေါက်တယ်။ ဖော်ထုတ်ဖို့ ဆောင်ရွက်နေတာက ဘယ်လှေတွေလဲ၊ ပိုင်ရှင်က ဘယ်သူလဲ၊ လိုင်စင်နံပါတ်က ဘယ်လောက်လဲဖော်ထုတ်မှာပါ။အကြမ်း ဖျင်းတော့ရနေပါပြီ။ ပြန်တိုက်ဆိုင် စစ်ဆေးပြီး တစ်စင်းချင်းစစ်ဆေးမယ်''ဟု ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်း ဒေသကြီး ဦးစီးမှူး ဦးမြင့်ရွှေက ပြော သည်။
ကမ်းဝေးငါးဖမ်းစက်လှေများတွင် (Vessel Monitoring System - VMS )ရေယာဉ်စောင့်ကြည့်ထိန်းချုပ် ရေးကိရိယာ တပ်ဆင်နိုင်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနမှ VMS ကိရိယာ တပ်ဆင်ခြင်း စီမံကိန်းလုပ်ငန်းကို ၂ဝ၁၉- ၂ဝ၂ဝ ခုနှစ် ငါးဖမ်းရာသီတွင် တပ်ဆင်နိုင်ရန်နှင့် ပင်လယ်ပြင်သို့ ထွက်ခွာမည့် တရွတ်ဆွဲကမ်းဝေးငါးဖမ်းလှေများကို OSS မြိတ်စစ်ဆေးရေးစခန်း တွင် ငါးဖမ်းလှေပဲ့နင်းများ၊ သက်ဆိုင်ရာ ကုမ္ပဏီ/ အေးဂျင့်များကို တာဝန်ရှိသူ များက မြန်မာ့ပင်လယ်ငါးဖမ်းလုပ်ငန်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်း သတ်မှတ်ချက်များအား ချပြရှင်းလင်း၍ ပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်း လုပ် ကိုင်စဉ် ရေယာဉ်၏ အမည်နှင့်နံပါတ်ပြား များကို ဖုံးအုပ်၍ ကမ်းနီးရေပြင်သို့ ဝင်ရောက်ငါးဖမ်းဆီးခြင်း မပြုလုပ်ကြရန် ပဲ့နင်းများအား ဒီဇင်ဘာလမှ စတင်ကာ ခံဝန်ကတိပြုချက်များ ရယူဆောင်ရွက် လျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
''ကမ်းနီးကမ်းဝေး သတ်မှတ်ချက် မှာ ကျွန်းတွေရဲ့ အဝေးဆုံးကျွန်းမှ ပင်လယ်ပြင်ဘက်ကို ကမ်းဝေးသတ်မှတ် စေချင်တယ်။ လက်ရှိ ဥပဒေမှာကျတော့ ကျွန်းတွေကို ပတ်ဝိုင်းပြီး တချို့ကျွန်း တွေက ကမ်းဝေးထဲရောက်နေတယ်။ ပြည်သူတွေ အထင်အမြင်မှားစေတဲ့ ကမ်းနီးကမ်းဝေးပြဿနာဖြစ်ပေါ်စေနိုင် ပါတယ်။ ဖမ်းဆီးရမိတဲ့ စည်းကမ်းပျက် လှေတွေမှာ လှေသားတွေ အဖမ်းခံရတာ အကျိုးမရှိဘူး။ အပြစ်ရှိတဲ့ ပဲ့နင်းတွေကို ပြစ်ဒဏ်များများနဲ့ လှေပိုင်ရှင်တွေ ဒဏ်ကြေးဆောင်တာကို ခေတ်နဲ့လျော် ညီစွာ မြှင့်တင်သင့်ပါတယ်။ ဥပဒေထဲမှာ ငါးဖမ်းလှေတွေကိုVMS ခြေရာခံစနစ် ထည့်ထားမယ်ဆိုရင် ဒီပြဿနာရဲ့ ၇ဝ ရာခိုင်နှုန်း ဖြေရှင်းပြီးသားဖြစ်သွားမှာပါ''ဟု ဦးတင်ကိုကိုဦး (ငါတို့အနာဂတ်ရှေ့ ဆောင်) က ပြောသည်။
မြိတ်ခရိုင်တွင် ငါးဖမ်းလိုင်စင်ဖြင့် ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလုပ်ငန်း ဆောင် ရွက်နေသည့် ငါးဖမ်းလှေများတွင် ကမ်းနီးငါးဖမ်းစက်လှေ ၂၅ဝဝ ခန့်နှင့် ကမ်းဝေးငါးဖမ်းစက်လှေ ၈ဝဝ ခန့်ရှိကာ ရေလုပ်သား ၁၆ဝဝဝ ကျော်ရှိပြီး တနင်္သာရီ ကမ်းရိုးတန်းရေပြင်သည် ရေထွက်ပစ္စည်းလုပ်ငန်းဖြင့် နိုင်ငံခြား ဝင်ငွေ အဓိကရှာဖွေပေးနေသော ဒေသ တစ်ခုဖြစ်ကြောင်း သိရသည်။
ခိုင်ထူး( ပြန်/ဆက် )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment