Latest News

Sunday, December 23, 2018

အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ပေါက်ကွဲပြီး ဆူနာမီရေလှိုင်းများ မြင့်တက်၊ လူပေါင်း ၂၂၂ ဦးကျော် သေဆုံး

အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ပေါက်ကွဲပြီး ဆူနာမီရေလှိုင်းများ မြင့်တက်၊ လူပေါင်း ၂၂၂ ဦးကျော် သေဆုံး


ဂျကာတာ  ဒီဇင်ဘာ  ၂၃

အင်ဒိုနီးရှားနိုင်ငံ ကရာကာတိုရာ  မီးတောင် ပေါက်ကွဲပြီးနောက်  မိနစ် ၃ဝ အကြာတွင် ဆူနာမီရေလှိုင်းများ မြင့်တက်ကာ ဂျာဗားနှင့် ဆူမတ်တြား   ကမ်းရိုးတန်းဒေသများ၌ ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့သဖြင့် လူပေါင်း  ၂၂၂ ဦးကျော် သေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း ယနေ့ အေအက်ဖ်ပီ သတင်းတစ်ရပ်အရ သိရသည်။

ရေလွှမ်းမိုးမှု အများဆုံးခံရ

အဆိုပါ   မီးတောင်ပေါက်ကွဲမှုသည် ဒီဇင်ဘာ ၂၂ ရက် ည ၉ နာရီအချိန်တွင် ဖြစ်ပွား ကာ နာရီဝက်အကြာတွင် ဆူနာမီရေလှိုင်းများ မြင့်တက်ခဲ့ကြောင်း  သဘာဝဘေးအန္တရာယ် ထိန်းချုပ်ရေးအာဏာပိုင်များက  ဆိုသည်။ ဂျာဗားနှင့် ဆူမတ်တြားကျွန်းများအကြားရှိ ဆူဒါကမ်းမြောင်ဒေသသည်   ရေလွှမ်းမိုးမှု အများဆုံးခံခဲ့ရကြောင်း ¤င်းတို့က ဆက်လက် ပြောကြားခဲ့သည်။

မီးတောင်ပေါက်ကွဲပြီး       ထပ်ဆင့် ဖြစ်ပွားခဲ့သည့်    ရေလွှမ်းမိုးမှုများကြောင့် လူပေါင်း ၂၂၂  ဦးကျော် သေဆုံးကာ  ၈၄၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ၂၈ ဦး ပျောက်ဆုံး လျက်ရှိသည်ဟု အင်ဒိုနီးရှားအာဏာပိုင်များက ဆိုသည်။

ဆူနာမီရေလှိုင်းများ   မြင့်တက်လာမှု ကြောင့် မော်တော်ကားများ  ရေစီးနှင့်မျောပါ သွားပုံများကို အင်ဒိုနီးရှားအာဏာပိုင်များက တွစ်တာစာမျက်နှာတွင်   မှတ်တမ်းဗီဒီယို ရိုက်ကူးထားကြောင်း သိရသည်။

သတိပေးချက် ထုတ်ပြန်ခြင်းမရှိ

ဆူနာမီရေလှိုင်းများမြင့်တက်လာခြင်းနှင့် ပတ်သက်ပြီး  မည်သည့်သတိပေးချက်ကိုမျှ ထုတ်ပြန်ကြေညာခဲ့ခြင်း  မရှိခဲ့သည့်အတွက် လူသေဆုံးမှုနှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်မှုများရှိခဲ့သည်။

Seventeen  အမည်ရှိ ပေါ့အဆိုတော်များ သီဆိုဖြေဖျော်လျက်ရှိစဉ် ရေလှိုင်းနံရံများက ၄င်းတို့အား   ရိုက်ခတ်လာသဖြင့်   စင်ပေါ်မှ ပရိသတ်များထဲသို့ ရေစီးနှင့်အတူ မျောပါသွားပုံ ကို ရိုက်ကူးထားသည့်   ဗီဒီယိုဖိုင်သည် လူမှု ကွန်ရက်တွင် ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။

ရေလှိုင်းအမြင့်ပေ ၁၅-၂ဝ ရှိ

အလားတူ  ကရာကာတိုရာ  မီးတောင် ပေါက်ကွဲမှုကို   မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သော  ဓာတ်ပုံဆရာ  အိုစတိန်း အန်ဒါဆင်က ဆူနာမီရေလှိုင်းများ ရုတ်တရက် မြင့်တက်လာပုံနှင့်   ၄င်းတွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကို   သူ၏  ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားခဲ့ကြောင်း သိရသည်။

''ရေလှိုင်းတွေကို ကျွန်တော် မြင်လျင်မြင် ချင်းပဲ ဘေးလွတ်ရာကို ထွက်ပြေးတော့တာပဲ။ ရေလှိုင်းတွေက ကမ်းခြေကို ဖြတ်ကျော်လာပြီး လူနေအဆောက်အအုံတွေဆီ ဦးတည်လာနေ တယ်။ အမြင့်ပေ ၁၅-၂ဝ လောက်မြင့်တယ်''ဟု၎င်းက   အင်တာနက်စာမျက်နှာတွင် ရေးသားထားကြောင်း သိရသည်။ 

ရေလှိုင်းဒဏ်ကြောင့်  အဆောက်အအုံ အများအပြား ပြိုကျပျက်စီးကာ သစ်ပင်များနှင့် လမ်းမီးတိုင်များလည်း ယိုင်လဲကျခဲ့သည်။

အင်ဒိုနီးရှားအာဏာပိုင်များက ကယ်ဆယ် ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ  လုပ်ဆောင်ရန်  ဆူနာမီဒဏ် အဆိုးရွားဆုံးခံခဲ့ရသည့်နေရာများသို့   စက် ယန္တရားများ သယ်ယူပို့ဆောင်လျက်ရှိသည်။

လွန်ခဲ့သော စက်တင်ဘာလက ဆူလာ ဝီဆီကျွန်းပေါ်ရှိ  ပါလုမြို့တွင် ငလျင်တစ်ခု လှုပ်ခတ်ပြီးနောက်   ဆူနာမီရေလှိုင်းများ မြင့်တက်လာကာ   လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည်။

၂ဝဝ၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းရှိ ဆူမတ်တြား ကမ်းရိုးတန်းဒေသတွင်  အင်အား ၉ ဒသမ ၃ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီ ရေလှိုင်းများမြင့်တက်လာကာ အိန္ဒိယသမုဒ္ဒရာ ဝန်းကျင်နိုင်ငံများသို့ ရေလွှမ်းမိုးမှုများဖြစ်ပွား ခဲ့သည်။ အဆိုပါဘေးဒဏ်ကြောင့် အင်ဒိုနီးရှား နိုင်ငံတွင်  လူပေါင်း  ၁၆၈ဝဝဝ ခန့်သေဆုံးမှု အပါအဝင် လူပေါင်း ၂၂ဝဝဝဝ ခန့် သေဆုံးခဲ့ ကြောင်း သိရသည်။         

The Mirror

No comments:

Post a Comment