မြန်မာနိုင်ငံတွင် ရှေးကာလက ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များမှလွဲ၍ အခြားနေ့ကြီးရက်ကြီးများ မပေါ်ပေါက်သေးချေ။ သင်္ကြန်အခါတော်နေ့၊ သီတင်းကျွတ်အခါတော်နေ့၊ လပြည့်နေ့၊ အဖိတ်နေ့စသည်ဖြင့် ဘာသာရေး ဆိုင်ရာ နေ့ထူးနေ့မြတ်များသာရှိသည်။ ထိုမှ ကိုလိုနီခေတ်တွင် မြန်မာလူထု တစ်ရပ်လုံးက အသိအမှတ်ပြုကြသော နိုင်ငံရေးဆိုင်ရာ နေ့တစ်နေ့ ပေါ်ပေါက်လာခဲ့သည်။ ထိုနေ့မှာ ''အမျိုးသားအောင်ပွဲနေ့'' ဖြစ်သည်။
ထိုနေ့တွင် မြန်မာတစ်မျိုးသားလုံး ပျော်မဆုံး၊ မော်မဆုံး တက်ကြွသည့် အားမာန်များဖြင့် အုန်းအုန်းကျွက်ကျွက် ဆင်နွှဲခဲ့ကြသည်။ ထိုအပျော်များ၊ တက်ကြွမှုများသည် မြန်မာတို့၏ ဇာတိသွေး၊ ဇာတိမာန်ကို ထက်သန် နိုးကြားစေသော အပျော်များ၊ အားမာန်များဖြစ်ခဲ့သည်။ ထိုအားမာန်များ နှစ်စဉ်နှစ်စဉ် အရှိန်မပျက် တွန်းတက်နိုင်ခဲ့သောကြောင့် လွတ်လပ်ရေး အောင်ပန်းကို ဆွတ်ချူစွဲကိုင်နိုင်သည့်တွန်းအားများကို ဖြစ်စေခဲ့သည်။
အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံသည် မြန်မာတစ်မျိုးသားလုံး အမျိုးသားရေး စိတ်ဓာတ်ထက်သန်လာသည်ကို ဖော်ညွှန်းသည်ဆိုရာ၌ အနောက်နိုင်ငံများ၏ အမျိုးသားအောင်ပွဲများနှင့် သဘောသွားတူသည်လားဟု ထင်မှတ်ဖွယ်ရှိသည်။ ပြည်သူများအား မတရားအကျဉ်းချထားသည့် ပြင်သစ် နိုင်ငံမှ ဘတ်စတီး အကျဉ်းထောင်ကြီးကို ၁၈၇၉ ခုနှစ်က ဖြိုဖျက်နိုင်သည့် အောင်ပွဲ။ ၁၉၁၈ ခုနှစ် ပထမကမ္ဘာစစ်ကြီးပြီးခါစက မြန်မာနိုင်ငံအနှံ့အပြား တွင် ကျင်းပခဲ့သည့် ဗြိတိသျှအစိုးရစစ်နိုင်ကြောင်း၊ အောင်ပွဲရကြောင်း၊ တန်ခိုးကြီးသည်ထက် ကြီးလာကြောင်း ပြသလိုသည့် အာဝါဒေးခေါ် ငါတို့အောင်ပွဲတို့နှင့် သဘောသွားတူဟန်ရှိသည်။
ထိုအောင်ပွဲအတွက် ပြည်သူများ ပျော်ရွှင်စွာအောင်ပွဲခံသည်ကို အမျိုးသား အောင်ပွဲနေ့အဖြစ် သတ်မှတ်ဟန်လည်း ဖြစ်ဟန်တူသည်။ မည်သို့ပင်ဖြစ်စေ မြန်မာတို့၏ အမျိုးသားအောင်ပွဲနေ့သည် မြန်မာ့မူ၊ မြန်မာ့ ဟန်၊ မြန်မာ ဆန်ဆန်၊ မြန်မာ့စိတ်ကြိုက် အောင်ပွဲခံခဲ့ကြသည်ဟု ပြောရ မည်ဖြစ်သည်။
ကိုလိုနီခေတ်ကာလ ၁၉၃၆ ခုနှစ် (၁၆) ကြိမ်မြောက် အမျိုးသားအောင်ပွဲ နေ့ အခါသမယ၏ သရုပ်သကန်နှင့်မြင်ကွင်းကို ဆရာဇော်ဂျီက ဤသို့ သရုပ်ဖော်ရေးသားထားသည်။
''ရှုလော့၊ အမျိုးသားနေ့ နံနက်ခင်း၊ နေခြည်ဝါဝင်းလာသောအခါ စည်တော်သံများကို ကြားရပြီ။ ရှေ့ဆုံးက ဘားမင်းနီးယားခေါ် အမိ မြန်မာပြည်သဏ္ဌာန်ဝတ်ဆင်ထားသော အမျိုးသမီးများသည် ပန်းရထားနှင့် ထွက်လာပြီး ပန်းရထားတွင် ဒေါင်းလံထိုးထားသည်။ ထို့နောက်မှ လွတ်လပ် ရေးစာပန်းကြီး ပါလာသည်။ အိုးစည်ဗုံမောင်း အက၊ အခုန်များ ပါလာသည်။ ကျောင်းသူ ကျောင်းသားများ ပါလာကြသည်။ တစ်ခါတစ်ရံ အမျိုးသားနေ့ လူတန်းကို ရဲတပ်က ဘင်ခရာဖြင့် ခေါင်းဆောင်လာသည်။ ထို့နောက် ဘုရားတစ်ဆူဆူမှာ သွားရောက်စုဝေးကြသည်။ ဒေါင်းလံကို လွှင့်ထူကြ သည်။ ဒေါင်းလံကို အလေးပြုကြသည်။ ထို့နောက် လွတ်လပ်ရေးရစေကြောင်း ဆုတောင်းကြသည်။
ဤအမျိုးသားနေ့အောင်ပွဲ မြင်ကွင်းသည်ကား မြန်မာတို့အကြိုက်၊ မြန်မာတို့စရိုက်ဖြစ်သည်။ထိုကဲ့သို့သော အမျိုးသားအားမာန်များဖြင့် နှစ်စဉ် နှစ်တိုင်း အောင်ပွဲခံခဲ့ကြခြင်းဖြင့် အမျိုးသားအောင်ပွဲနေ့သည် လွတ်လပ် ရေးသို့ ရှေးရှုတက်လှမ်းနိုင်ခဲ့သည်။ (၁၅)နှစ်မြောက်ကျင်းပခဲ့သည့် ၁၉၃၅ ခုနှစ် အမျိုးသားအောင်ပွဲနေ့အခါကာလတွင် ဆရာကြီးမင်းသုဝဏ် ရေးသားဖွဲ့စပ်ခဲ့သော ၁၉၃၅ ခုနှစ် နိုဝင်ဘာလထုတ် ကြီးပွားရေးမဂ္ဂဇင်းမှ အမျိုးသားအောင်ပွဲနေ့ မင်္ဂလာနှုတ်ခွန်းဆက်ကဗျာသည်လည်း ဇာတိသွေး၊ ဇာတိမာန် ထက်သန်စေသည့် မြန်မာတို့၏ အမျိုးသားအောင်ပွဲကို ထင်ဟပ်ဖော်ပြစေခဲ့သည်။
အိုးဝေတဲ့ တညံညံ၊
ရွှေဒေါင်းပျို တောင်ညိုဦးမှာ
ကျူးရင့်အောင်သံ။
အောင်ပွဲရယ်ခံ
နိုင်ငံတဲ့ သာရေး၊
မင်္ဂလာစည်တော် ရွမ်းချိန်မို့
ခွန်းချိုဆက်တေး ။ ။
(မင်းသုဝဏ်)
ရှေးခေတ်မြန်မာတို့၏ အမျိုးသားအောင်ပွဲနေ့သည် မြန်မာတို့၏ ယဉ်ကျေးမှုဓလေ့စရိုက်နှင့် ပေါင်းစပ်ကာ လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်ကို ဆရာကြီး မင်းသုဝဏ်၏ ကဗျာတွင် ဖော်ညွှန်းထားသည်။ ရှေးခေတ်က မြန်မာတို့သည် သင်္ကြန်အခါကာလများတွင် အိုးစည်ဗုံမောင်းများဖြင့် အရပ်တကာ၊ ရွာတကာ လှည့်ခဲ့ကြသည်။ သင်္ကြန်နှစ်ဆန်းကာလ နွားလွှတ်ပွဲ၊ ငါးလွှတ်ပွဲ၊ ဘေးမဲ့လွှတ်ပွဲများတွင်လည်း ထိုကဲ့သို့ပင် ပျော်ရွှင်စွာ လှည့်လည် ခဲ့ကြသည်။
ကဆုန်ညောင်ရေသွန်းပွဲတော်များတွင်လည်း ကျေးလက်ပျိုမေ
တို့မှာ ရေအိုးကိုယ်စီရွက်၍ ဆိုင်းနှင့် ဗုံနှင့် အကပဒေသာများဖြင့် ပျော်ရွှင်စွာ လှည့်လည်ခဲ့ကြသည်။ ဝါတွင်းကာလ လပြည့်၊ လကွယ်၊ အဖိတ်နေ့များတွင်လည်း ဆွမ်းတော်ကြီးပွဲများ လှည့်ရာတွင် အလား
တူပင်။ ရှေ့ဆုံးမှ ဦးရွှေရိုးနှင့် ဒေါ်မိုးကဲ့သို့၊ နတ်ဗြဟ္မာတွေကဲ့သို့ ဝတ်စားဆင်ယင်ပြီး လှည့်လည်ချင်ကြ သည်။ ဆွမ်းအုပ်၊ ဆွမ်းအစ်များ
ကို ထီးမိုးကာ လှည့်ချင်ကြသည်။ အက၊ အခုန်များ သာမကသံချပ်ထိုးကာ လှည့်ခဲ့ကြသည်။ ဤရိုးရာဓလေ့ထုံးတမ်း စဉ်လာများမှာ ရှေးရှေးမြန်မာ
တို့၏ အစဉ်အလာမပျက် ဆင်နွှဲကြသည့် ပျော်ရွှင်စရာ၊ ကြည်နူးစရာ အလေ့အထများပင် ဖြစ်သည်။ ဤအလေ့အထများမှာ မြန်မာတို့အဖို့ မမေ့မပျောက်၊ မပစ်ပယ်နိုင်လောက်အောင် စွဲလမ်းခဲ့သည့် ဓလေ့စရိုက်များ ဖြစ်သည်။
ကိုလိုနီခေတ် အမျိုးသားအောင်ပွဲနေ့တွင်လည်း မြန်မာတို့၏စွဲလမ်းခဲ့ သော ဓလေ့စရိုက်များနှင့် ပေါင်းစပ်၍ ပျော်ရွှင်ခဲ့ကြဟန်တူသည်။ ဘာသာရေး ပွဲတော်များမှ ထည့်သွင်းဆင်နွှဲသည့် အသုံးအဆောင်များအစား လွတ်လပ်ရေး စာပန်းကြီးများ၊ ဒေါင်းလံများ၊ ဘင်ခရာများနှင့် ပျော်ရွှင်တက်ကြွစွာ လှုပ်ရှားချီတက်ခဲ့ကြသည်။ ဆရာဇော်ဂျီက အမျိုးသားအောင်ပွဲနေ့တွင် ရှေးမြန်မာများ ဇာတိသွေး၊ ဇာတိမာန် ထက်သန်စွာဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့ ဟန်ကို မမေ့နိုင်စေရန် လွတ်လပ်ရေးရပြီးနောက် ၁၉၆၁ ခုနှစ် ဒီဇင်ဘာလ ထုတ် ငွေတာရီမဂ္ဂဇင်းတွင် ဤသို့ အသိပေးနှိုးဆော်ခဲ့သည်။
''ရဲဘော်၊ ရဲဘော်မတို့ . . .ပင်နီအင်္ကျီကို သတိရကြပါသေးသလော၊ ယောလုံချည်၊ ယောထဘီတို့ကို သတိရကြပါသေးသလော၊ ဆံရှည်ထား ခဲ့သည်ကို သတိရကြပါသေးသလော၊ ဒေါင်းလံကိုင်ခဲ့သည်ကို သတိရကြပါ သေးသလော၊ စည်တော်က ကခဲ့ကြသည်ကို သတိရကြပါသေးသလော၊ သံချပ်ထိုးခဲ့ကြသည်ကို သတိရကြပါသေးသလော၊ ဘင်ခရာဖြင့် ရဲတပ် လှည့်ခဲ့ကြသည်ကို သတိရကြပါသေးသလော။ ပျော်စရာကြီး မဟုတ်ပါ လော၊ လွမ်းစရာလည်း မဟုတ်ပါလော၊ တစ်ဖန် အမြင်အားဖြင့် ပျော်စရာ၊ လွမ်းစရာဖြစ်သော်လည်း ထိုပျော်စရာ၊ လွမ်းစရာတို့နှင့်ရော၍ လွတ်လပ် လိုဇောလည်း ကိုယ်မှာတွယ်ကပ်ပါလာခဲ့ကြသည် မဟုတ်ပါလော။ ယခု အခါ လွတ်လပ်ရေးလည်း ရပြီဖြစ်နေသဖြင့် အံ့သြစရာလည်း မဟုတ်ပါတုံ လော'' ဟု ရေးသားဖော်ပြခဲ့သည်။
အမျိုးသားအောင်ပွဲနေ့သည် လွပ်လပ်ရေးပန်းတိုင်သို့ တက်လှမ်းနိုင်ရန် အတွက် လိုအပ်သောတွန်းအားများကို မွေးဖွားပေးလိုက်ခြင်းဖြစ်သည်။ ကျွန်ပညာရေးကိုဖြိုဖျက်ရန် အကြောင်းခံလာသည်ဆိုသော်လည်း ထိုနေ့ ထိုရက်မှ သန္ဓေတည်ပေးလိုက်သော မြန်မာတို့၏ ဇာတိသွေး၊ ဇာတိမာန် သည် အောင်ပွဲအမှန်ကို ဖြစ်စေခဲ့သည်။ နိုင်ငံရပ်ခြားမှ အမျိုးသားနေ့၊ အမျိုးသားအောင်ပွဲနေ့များသည် သူ့နိုင်ငံ၊ သူ့လူမျိုးတို့၏ ဓလေ့စရိုက်များ နှင့်အညီ လုံးဝလွတ်မြောက်ခြင်း၊ လုံးဝအောင်မြင်ခြင်းဆီသို့ တက်လှမ်းခဲ့ ကြသည်။ ထိုသို့တက်လှမ်းရာတွင် သူ့နိုင်ငံ၊ သူ့လူမျိုး၊ သူ့အမျိုးသားအားမာန် တို့ကို ထက်သန်အောင် အစွမ်းပြခဲ့ကြသည်။ အောင်မြင်မှုမှတ်တိုင်ကို ခိုင်သည်ထက်ခိုင်အောင် ဖော်ထုတ်ခဲ့ကြသည်။
မြန်မာလူမျိုးများအနေဖြင့် မြန်မာတို့၏ အမျိုးသားအားမာန်များ ထက်သန်ခိုင်ကျည်လာအောင် မြန်မာ့ရိုးရာဓလေ့စရိုက်နှင့်အညီ ထုတ်ဖော် ပြသခဲ့ကြသည်။ အောင်ပွဲခံခဲ့ကြသည်။ ပျော်ရွှင်ဖွယ်၊ ကြည်နူးဖွယ်၊ လွမ်းမောဖွယ်၊ တက်ကြွဖွယ်ရာများသာ ဖြစ်သည်။ လွပ်လပ်ရေးအတွက် အမျိုးသားအောင်ပွဲနေ့မှတစ်ဆင့် အားမာန်များကို ရိုးရာယဉ်ကျေးမှုဓလေ့နှင့် ယှဉ်တွဲကာ ထုတ်ဖော်လှစ်ဟပြသခဲ့ကြသည်။ လွတ်လပ်ရေးရပြီးသော် လည်း ရရှိပြီးသည့်လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ခိုင်မာအောင်၊ အချုပ် အခြာအာဏာပိုင်နိုင်ငံအဖြစ် ခိုင်ခိုင်မြဲမြဲဝင့်ကြွားစွာ ရပ်တည်နိုင်အောင်၊ သူတစ်ပါး အနှောင်အဖွဲ့အောက်သို့ ပြန်လည်မကျရောက်သွားအောင်၊ အမျိုးသားနေ့တွင် မြန်မာတို့၏ အမျိုးသားအားမာန်များကို ပြန်လည် အောက်မေ့သတိရလျက် ဆက်လက်ထိန်းသိမ်းမြှင့်တင်ကြရမည်ဖြစ်သည်။
အမျိုးသားအောင်ပွဲနေ့သည် အမျိုးသား ဇာတိသွေး၊ ဇာတိမာန်များ စတင်နိုးကြားထက်သန်လာပြီး မိမိတို့ရည်မှန်းရာပန်းတိုင်သို့ တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းနိုင်ရန် မိမိတို့နှင့်ဆိုင်ရာ အမျိုးသားဟန်ပန်များနှင့် တညီတညွတ်တည်း ပျော်ရွှင်တက်ကြွစွာ လှမ်းတက်ချီခဲ့ကြခြင်းဖြစ်သည်။ အောင်မြင်မှုပန်းတိုင်ကို လှမ်းဆွတ်မကိုင်နိုင်သေးမီ ပြင်းပြသောဆန္ဒများကို ပျော်ရွှင်စွာထုတ်ဖော်ပြသခဲ့ကြခြင်းသာ ဖြစ်သည်။ အမျိုးသားအောင်ပွဲနေ့ သည် ရည်မှန်းချက်ပန်းတိုင်သို့ရောက်အောင် အရှိန်အဟုန်ပြင်းပြင်း တွန်းအားပေးနိုင်ခြင်းကို အောက်မေ့သတိရ ဂုဏ်ပြုကြသောအားဖြင့် ကျင်းပသည့် အထိမ်းအမှတ်ပွဲသဘင်ဖြစ်သည်။
ထို့ကြောင့် ''အမျိုးသားအောင်ပွဲနေ့'' သည် ဇာတိသွေး၊ ဇာတိမာန်တို့ကို ထုတ်ဖော်ပြသသည့် အသွင်သဏ္ဌာန်။ ''အမျိုးသားအောင်ပွဲနေ့'' သည် ဇာတိသွေး၊ ဇာတိမာန်တို့၏ တွန်းအားများကြောင့် အောင်မြင်မှုပန်းတိုင်ကို လှမ်းဆွတ်ချူနိုင်သည်ကို မမေ့မလျော့ အသိအမှတ်ပြုကြသော အနှစ်သာ ရဟု ဆိုရမည်ဖြစ်ပါကြောင်း။ ။
ကိုးကားချက်
- ဆရာကြီးသခင်ကိုယ်တော်မှိုင်းပြောကြားသည့် (၁၅) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ မိန့်ခွန်း၊
- သမိုင်းဝင်စာချုပ်စာတမ်းများ (မောင်လှမျိုး) ၁၉၆၁ ခုနှစ်ထုတ်၊
- ဆရာဇော်ဂျီ၏ သူတို့ညီနောင်နှင့် ကျွန်တော် ရသစာတမ်းများ။
မောင်ငြိမ်းအေး
No comments:
Post a Comment