ရန်ကုန် ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲ၏ အစီအစဉ်တစ်ရပ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၆ နာရီက ငွေဆောင်မြို့ရှိ ငွေဆောင်အပန်းဖြေကမ်းခြေတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည်။
လမ်းလျှောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုတို့နှင့်အတူ တိုင်းဒေသကြီးများမှ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ သံတမန်များ၊ ပြည်တွင်း ပြည်ပစီးပွားရေးလုပ်ငန်းရှင် များ၊ ကမ္ဘာလှည့်ခရီးသွားများ၊ ဒေသခံပြည်သူများ ပါဝင်ဆင်နွှဲကြသည်။
အဆိုပါလမ်းလျှောက်ပွဲကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး နံနက် ၆ နာရီတွင် အဆိုပါကမ်းခြေရှိ ယမုံနာဦးဟိုတယ်မှ စတင်ထွက်ခွာခဲ့ကြပြီး ချစ်သူများကျွန်းအနီးတွင် ဧရာဝတီတိုင်းဒေသကြီး အေရိုးဗစ်အဖွဲ့နှင့်အတူ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်ကာ တာထွက်နေရာသို့ ပြန်လည်စုပေါင်းလမ်းလျှောက်ကြသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်က "ငွေဆောင်ကမ်းခြေမှာ လူထုစုပေါင်းလမ်းလျှောက်ပွဲပြုလုပ်တာ ပထမဆုံးအကြိမ်ပါ။ ဒေသခံတွေလည်း အများကြီးပါဝင်တယ်။ အားလုံးချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးပါဝင်ဆင်နွှဲကြတာ တွေ့ရတယ်။ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်သလို အချင်းချင်းညီညွတ်ပြီး ကူညီလိုတဲ့ စိတ်တွေလည်း ပိုတိုးလာစေမှာဖြစ်ပါတယ်" ဟု ပြောသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲ၏ ဒုတိယနေ့ အစီအစဉ်အရ တိုင်းဒေသကြီးအတွင်း လေ့လာရေးခရီးစဉ် အဖြစ် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူများ၊ JICA နှင့် JETRO တို့မှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီတို့မှ ခွင့်ပြုပေးထားသော ဟိုတယ်နှင့် အပန်းဖြေစခန်းများ၊ အိမ်ရာစီမံကိန်းများ၊ ငွေဆောင်အနီးရှိ ယုဇနပုစွန်မွေးမြူရေးနှင့် ငါးမွေးကန်တို့ကို သွားရောက်ကြည့်ရှုလေ့လာ ကြသည်။
ထိုမှတစ်ဆင့် ပုသိမ်မြို့ရှိ စက်မှုဥယျာဉ်မြို့တော်သို့ သွားရောက်ကာ ဆက်လက်ဆောင်ရွက်သွားမည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြကျွန်းသာအိမ်ရာစီမံကိန်းကိုလည်းကောင်း သွားရောက်လေ့လာကြသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အရင်းအမြစ်များ၊ စီမံကိန်းများနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များသိရှိပြီး ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ယင်းကဲ့သို့ စီစဉ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်(ကြေးမှုံ)
No comments:
Post a Comment