Latest News

Sunday, December 23, 2018

အစကကြိုသိခဲ့ရင်

အစကကြိုသိခဲ့ရင်

''မုန်းတယ်၊ မုန်းတယ် ခင်ဗျားကြီးကို မုန်းတယ်''

''သား သား ဘာတွေဖြစ်နေတာလဲ'' စိုးရိမ်မှု၊ ကြင်နာ မှုတို့ဖြင့် ခေါ်လိုက်တဲ့ အမေ့ရဲ့စကားသံကြားလိုက်ချိန်မှာ အိပ်မက်ဆိုးကြားက ကျွန်တော် နိုးလာခဲ့သည်။ မျက်လုံး ဖွင့်ဖွင့်ချင်း ပထမဆုံး မြင်မိတာ အမေ့မျက်နှာပါ။ အမေ့ရဲ့ နောက်နားမှာတော့       ချောင်းတဟွတ်ဟွတ်ဆိုးနေတဲ့ လူတစ်ယောက် ခုတင်ပေါ်တွင် ရှိနေသည်။ သူကား တခြား သူမဟုတ်။ ကျွန်တော် အလွန်မုန်းတီးနေသော အဖေပင် ဖြစ်သည်။ အဖေ့ကို မုန်းတီးရသောအကြောင်း များစွာ ရှိသည်။

ကျွန်တော်ကျောင်းစနေစဉ်အချိန်မှာပင်  အဖေသည် မူးယစ်ဆေး လက်ဝယ်တွေ့ရှိမှုဖြင့် ထောင်ကျနေပြီဖြစ် သည်။ အတန်းဖော်သူငယ်ချင်းတို့သည် ကျွန်တော့်ကို အပေါင်းအသင်း မလုပ်ကြပါ။

''ဆေးသမားသား၊ ဘိန်းသမားသား''ဟု   အမြဲနှိမ်ချ ပြောဆိုလေသည်။

ပတ်ဝန်းကျင်၏ အထင်သေးကဲ့ရဲ့မှုတွေကြားတွင် ကျွန်တော် ကြီးပြင်းလာခဲ့ရသည်။ အမေကတော့ သုံးနှစ် သာသာရှိသေးတဲ့ ညီလေးနှင့် ငါးနှစ်သား ကျွန်တော့်ကို ဈေးရောင်းရင်း ကျောင်းထားရှာသည်။  အမေ လွန်စွာ ပင်ပန်းရသည်။ သို့သော် အမေမညည်းခဲ့ပါဘူး။

''သားတို့ ပညာတတ်ကြီးဖြစ်အောင် ကြိုးစားနော်''ဆိုတဲ့ စကားကိုတော့ ခဏခဏ ပြောကြားခဲ့သည်။ ထိုသို့ ရုန်းကန်ရင်း  ကျောင်းထားခဲ့တာ  ကျွန်တော်  ကိုးတန်း စာမေးပွဲ ဖြေပြီးခဲ့လေပြီ။ ပင်ပန်းတဲ့အမေ့ကို မကြည့်ရက်လို့ အလုပ်လုပ်ချင်ကြောင်း ပြောမိတော့ အမေက ခွင့်မပြုပါ ဘူး။

''သား ပညာရေးပဲကြိုးစား၊ အမေ လုပ်ကျွေးနိုင်ပါ တယ်''တဲ့။ ကျွန်တော်ကလည်း အလျှော့မပေးဘဲ ''သား အလုပ်မလုပ်ရရင်  လာမယ့်နှစ် ကျောင်းမတက်ဘူး''လို့ ပြောတော့

''ဒါဆိုလည်း သားသဘောပါ။ သား လုပ်ကြည့်ဦးပေါ့၊ အမေကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သား အလုပ်လုပ်တာ မကြည့်ရက်ပါဘူး'' အမေ ခွင့်မပြုချင်ဘဲ ခွင့်ပြုလိုက်ရသည်။

နောက်တစ်နေ့မနက်မှာ ဈေးထဲသွားပြီး ဈေးဆိုင် တွေမှာ အလုပ်လျှောက်မေးတော့ ဆိုင်တိုင်းလိုလိုက

''ဆေးသမားသားကများ ရာရာစစ အလုပ်လိုချင်ရ တယ်လို့။ ရမယ်အားကြီး သွား သွား ထွက်သွား'' စသည် အားဖြင့် ပြောဆိုနှင်ထုတ်ကြလေသည်။ အဖေရဲ့ အရိပ်ဆိုး က ကျွန်တော်တို့  မိသားစုအပေါ်   အမြဲထိုးခဲ့တာပေါ့။နောက်ဆုံးတော့ ကံကောင်းထောက်မစွာ ဆန်ဆိုင်တစ်ဆိုင် မှာ အလုပ်ရခဲ့သည်။   ဆန်ကားလာလျှင်  ဆန်အိတ်များ ထမ်းချရ၍ အခြားအချိန်များတွင် ဈေးကူရောင်းရသည်။

အလုပ်လုပ်ပြီး ၁၇ ရက်မြောက်တဲ့နေ့မှာ ပြဿနာ စတက်ပါတော့တယ်။  ဆိုင်ရှင်ဒေါ်ကြီးရဲ့  ပိုက်ဆံအိတ် ပျောက်သွားခြင်းပါ။ မြေနိမ့်ရာလှံစိုက်ဆိုတဲ့ စကားအတိုင်း ကျွန်တော့်ကို စွပ်စွဲကြတော့သည်။

''ဆေးသမားသား ဒီကောင်ခိုးတာပဲဖြစ်မှာ ရုပ်ကို ကြည့် သူ့အဖေရုပ်နဲ့''   ဘေးနားက  ဆိုင်ရှင်များကပါ ဝိုင်းဝန်းပြောဆိုကြလေသည်။ ဆိုင်ရှင်ဒေါ်ကြီးကလည်း လက်ညှိုးငေါက်ငေါက်ထိုးပြီး   ''နင်ယူတာမို့လား ဆေး သမားသား၊   ကုန်စိမ်းသည်မသား    နင့်ကိုတိုင်မယ်''ပြောပြောဆိုဆိုနှင့် သက်ဆိုင်ရာကို ဖုန်းဆက်လေသည်။

ကျွန်တော် ရှက်ရွံ့ခြင်းများစွာနှင့် ''ကျွန်တော် မယူ ဘူး မယူဘူး''ဟု        အဆက်မပြတ်ငြင်းနေမိသည်။ ဆယ်မိနစ်လောက်ကြာတော့ ရဲအရာရှိများ ရောက်လာပြီး အမှုစစ်ရန်ဆိုပြီး စခန်းသို့ ခေါ်ဆောင်သွားသည်။လမ်း တစ်လျှောက်မှာတော့ ပတ်ဝန်းကျင်က အထင်သေး ရွံမုန်း ခြင်းနဲ့ ကြည့်နေတဲ့ မျက်လုံးတွေကို တွေ့လိုက်ရသည်။

ရှက်ရွံ့မှုများစွာနဲ့ ကျွန်တော် ခေါင်းငုံ့လိုက်မိတယ်။

''ခင်ဗျားကို မုန်းတယ်၊ မုန်းတယ်'' ရင်ထဲမှာ အဖေ့ကို ပြောလိုက်မိတယ်။ ကျွန်တော့်ရဲ့ အာဃာတတွေ ပိုမို တောက်လောင်လာခဲ့တယ်။ အဲဒီနေ့က မျက်ရည်စက်လက် နဲ့ အမေရောက်လာပြီး ရှိခိုးတောင်းပန်ပါတယ်လို့ ပြောနေ တာမြင်တော့ ကျွန်တော့် ရင်တွေကွဲမတတ် ခံစားရသည်။

စခန်းမှူးက ''အမှုမှန်မပေါ်သေးလို့ ခဏထိန်းထား တာပါ။     သူ ခိုးတာမဟုတ်ရင် ပြန်လွှတ်ပေးမှာပါ''လို့ နှစ်သိမ့်လေသည်။

နောက်နေ့မနက်တွင် ပိုက်ဆံအိတ်သူခိုးက ဆိုင်ရှင် အဒေါ်ကြီး၏ယောက်ျား ဖဲသမားဖြစ်ကြောင်း သိလိုက်ရ သည်။   အသရေဖျက်မှုဖြင့်   တရားစွဲ၍ရသော်လည်း အမေက မစွဲခဲ့ပေ။

ဇွန်လကျောင်းတွေဖွင့်တော့ ကျွန်တော်က ဆယ်တန်း။ ညီလေးက ခုနစ်တန်းတက်ရသည်။ ဒီစာသင်နှစ်မှာ အမေ ပိုပြီး ရုန်းကန်ခဲ့ရတယ်။ မနက်ပိုင်း ကုန်ဈေးရောင်း၊ ညပိုင်း ပဲဒိုင်မှာ ပဲရွေးရသည်။ အလုပ်တအားလုပ်ရတော့ အမေ အရွယ်ကျတာပေါ့။    သားနှစ်ယောက်အတွက်တော့ ကျောင်းစိမ်းဝတ်စုံ မလစ်ဟင်းစေရပါဘူး။ သူများတန်းတူ ဆင်ပေးခဲ့တယ်။ စာတော်တဲ့ ကျွန်တော် ဆယ်တန်းစာမေး ပွဲကို ကောင်းစွာ ဖြေဆိုနိုင်ခဲ့သည်။

အောင်စာရင်းတွေထွက်တော့    သင်္ချာ၊ ဘောဂ နှစ်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့သည်။  ထိုနေ့သည် တိုက်တိုက်ဆိုင်ဆိုင် အဖေ ထောင်က လွတ်လာတဲ့နေ့ဖြစ် သည်။ အမေကတော့ အတိုင်းမသိပျော်နေလေ၏။

''သားတို့ရေ ဒီနေ့ အမေ့အတွက် အပျော်ဆုံးနေ့ပဲ''

အဖေကလည်း ပြုံးပြီး ''ငါ့သားတွေက သိပ်တော်တာ ပဲ။ အဖေ့ဆီလာပါဦး'' ကျွန်တော် မသွားခဲ့ပါ။   ညီလေးက အဖေ့ကို သိပ်မှတ်မိဟန်မတူ။ အဖေ အရင်ကလိုမဟုတ်  အလွန်ပိန်ပြီး    တော်တော်လေး   အရွယ်ကျနေပြီ။ ကျွန်တော် ဘာမှမပြောဘဲ အိမ်အပြင် ထွက်လာခဲ့သည်။အိမ်မှာဘာတွေဆက်ဖြစ်မယ် ကျွန်တော်မပြောတတ်။ထိုနေ့မှစပြီး ကျွန်တော် အဖေ့ကို အဖေလို့ မခေါ်ခဲ့တဲ့အပြင် စကားလည်း တစ်ခွန်းမှ မပြောခဲ့ပါ။ အိပ်မက်ဆိုးတွေထဲ မှာတော့ ''ခင်ဗျားကို မုန်းတယ်၊ မုန်းတယ်''ဟု အခါခါ ပြောနေမိသည်။ အစပိုင်းတွင် အဖေက စကားစမြည်ပြော သော်လည်း ကျွန်တော့်ဆီမှ တုံ့ပြန်မှုမရသည့်နောက်ပိုင်း မပြောတော့ပါ။

ထောင်ထဲမှာစွဲကပ်ခဲ့သော အဖေ့၏တီဘီရောဂါ ကလည်း အခြေအနေဆိုးလာခဲ့သည်။ နိုင်ငံတော်မှ အခမဲ့ ထုတ်ပေးသော တီဘီဆေးများကလည်း လွန်နေပြီဖြစ်သော အဖေ့ရောဂါကို ပျောက်ရန် မစွမ်းသာတော့။ ဒီနေ့ဆိုလျှင် အဖေထောင်မှ လွတ်လာခဲ့သည်မှာ နှစ်နှစ်နီးပါးရှိနေပြီ။ ကျွန်တော်ကလည်း  စာပေးစာယူတက်ရင်း   ပထမနှစ် အောင်မြင်ခဲ့ပြီးဖြစ်သည်။ ညက အိပ်မက်ဆိုးတွေ မက်တာ ကတစ်ကြောင်း၊ အတိတ်ကိုပြန်တွေးမိတာက တစ်ကြောင်း ကျွန်တော့်စိတ်သည်လည်း ကြည်လင်ခြင်းမရှိ။အဖေက လည်း ညကတည်းက ချောင်းဆိုးတာ ခုထိမရပ်။

သူ့အနားမှာတော့ မျက်ရည်တွေရစ်ဝဲနေတဲ့ အမေ ''အစ်ကို အစ်ကို နေသာထိုင်သာရှိရဲ့လား အငယ်ကောင်က လည်း  ဆရာသွားပင့်တာ   ခုထိပြန်မလာသေးဘူး''ဟု တတွတ်တွတ် ပြောနေသည်။ ချောင်းမပြတ်ဆိုးနေရင်း အဖေ ကျွန်တော့်ကို လက်ယပ်ခေါ်နေပြီ။ ကျွန်တော့် ခြေလှမ်းတွေ ဘာမျှမစဉ်းစားတော့ဘဲ အဖေ့ဆီ လျှောက်လှမ်း လာခဲ့မိသည်။

အဖေ့မျက်နှာလေး ပြုံးရောင်သန်းသွားသလို နှုတ်မှ လည်း ''သားရယ် အဖေ့ကိုခွင့်လွှတ်ပါ။ သားမှာ အပြစ် တွေရှိရင်လည်း အဖေခွင့်လွှတ်ပါတယ်''

''သြော် အစ်ကိုရယ် နောက်မှပြော  မောနေမယ်''အမေကြားထဲကဖြတ်ပြောတယ်။ အဖေခေါင်းခါပြပြီးတော့ ကျွန်တော့်ဘက် ခေါင်းလှည့်ကာ ''သား သား အဖေ့ကို အဖေလို့ ခေါ်ပါလားကွာ'' ကျွန်တော့်ရင်တွေ ကွဲမတတ် ခံစားလိုက်ရတယ်။ ကျွန်တော့်ပါးစပ်က ''အဖေ''လို့ ဆို့နင့် ကြေကွဲစွာ ခေါ်လိုက်မိတယ်။ အဖေပြုံးပြုံးကြီး ကျွန်တော့် ကို စိုက်ကြည့်နေတယ် အဲဒီအကြည့်က အဖေ့ရဲ့နောက်ဆုံး အကြည့်ပါ။

''အစ်ကို အစ်ကို''အမေလှုပ်ပြီး ခေါ်တယ်။ အဖေက ပြန်မထူးနိုင်တော့။ အမေသည်းထန်စွာ ငိြုေ<ွကးပါတော့ သည်။ ကျွန်တော့်ပါးပြင်မှာလည်း မျက်ရည်တို့က တလိမ့် လိမ့်စီးကျလာပါတော့တယ်။

''အမယ်လေး အစ်ကိုရဲ့ ကျွန်မတို့မိသားစုကို ထားခဲ့ ပြီလား မေတ္တာရှင်ကြီးရဲ့။ အမှန်တရားတွေကို ဖုံးကွယ်ထား ပြီး သားရဲ့အမုန်းတွေခံခဲ့တယ်။ ခုတော့ အဖေဆိုတဲ့ သား ရဲ့ စကားလေးတစ်ခွန်းနဲ့ ကျေနပ်ခဲ့ပြီပေါ့ ဟီး ဟီး''အမေ့ရဲ့ငိုသံက ကျွန်တော့်ကို ချောက်ချားစေသည်။ အမှန် တရားကို ဖုံးကွယ်ထားတယ်တဲ့။

''အမေ အမှန်တရားကို ဖုံးကွယ်ထားတယ်'' ဆိုတာ ဘာလဲ အလောတကြီး မေးလိုက်မိတယ်။

''အစ်ကိုရေ အကိုသားမေးနေပြီ။ အစ်ကိုမပြောနဲ့ဆို လို့ မပြောခဲ့တာ။ ခုပြောတော့မယ် ဟီးဟီး'' ငိုရင်း အမေ ပြောပြပါတော့သည်။

ဦးထွန်းစိန်သည် အသောက်အစား အရှုပ်အယှက် ကင်းသော လူရိုးတစ်ယောက်ဖြစ်သည်။ တစ်မြို့တည်းသား အမေနှင့်အကြောင်းပါပြီး သားဦးကလေး မွေးဖွားခဲ့သည်။နောက်နှစ်နှစ်ခန့်ကြာတော့ သားတစ်ယောက် ထပ်မွေးခဲ့ သည်။ သားနှစ်ယောက်စလုံးကို ငုံထားမတတ်ချစ်ခဲ့သည်။အမည်ကိုပင်မခေါ်ဘဲ ''သားကြီး၊ သားငယ်''ဟု ချစ်စနိုး ခေါ်ခဲ့ကြသည်။ မိသားစုကို ဆိုက်ကားနင်းပြီး ရှာကျွေးခဲ့ သည်။ ဇနီးသည်ကို အပြင်အလုပ်မလုပ်စေဘဲ အိမ်မှုကိစ္စ သာ လုပ်စေခဲ့သည်။

ဤသို့ သာယာနေသောဘဝလေးသည် တစ်နေ့တွင် ကံဆိုးမိုးမှောင်ကျခဲ့သည်။   သားကြီးသည်   မွေးရာပါ နှလုံးရောဂါ ဆိုးရွားလာသဖြင့် ဆေးရုံတက်ရသည်။ခွဲစိတ် ကုသရမည်တဲ့ မိဘနှစ်ပါးလုံး ယူကျုံးမရဖြစ်ရရှာပြီ။

''မိန်းမရေ တို့သားလေးကို  ဘယ်လိုကယ်ရမလဲ''မိန်းမဖြစ်သူမှာလည်း   ငိုရုံအပြင် ဘာမှမတတ်နိုင်ရှာ။အိပ်မပျော်နိုင်သော  ဦးထွန်းစိန်သည်  မျက်လုံးထဲတွင် သူငယ်ချင်းတင်မောင်မျက်နှာ ပေါ်လာသည်။ ''ဟုတ်တယ် ငါဒီကောင်ဆီ သွားရမယ်''ဟု ဆုံးဖြတ်လိုက်သည်။

နောက်နေ့မနက် ကိုတင်မောင်ထိုင်နေကျ မဟာနွယ် ကဖီးသို့ ထွက်ခဲ့သည်။ အခန့်သင့်စွာတွေ့၍ ''ဟာ ထွန်းစိန် လာထိုင်။ မျက်နှာလည်းမကောင်းပါလား ဘာဖြစ်လာတာလဲ''

''မကောင်းဆို ငါ့သားကြီး ဆေးရုံတက်ရတယ်။ နှလုံး ရောဂါလေ။ ခွဲစိတ်ရမယ်တဲ့''

''စိတ်မကောင်းဘူးကွာ။ ငါ ဘာကူညီရမလဲ''

''မင်း အရင်က ပြောတဲ့အလုပ်လေ  ငါလုပ်မယ်ကွာ ပိုက်ဆံတော့ အရင်ဖန်တီးပေး''

''အဆင်သင့်လိုက်လေ။  ငါလည်း  လူလိုနေတာ ပိုက်ဆံဘယ်လောက်ယူမလဲ''

''သိန်း၂ဝ လောက်''

''အိုကေ ရမယ်။ မနက် ငါ ဆေးရုံလာခဲ့မယ်''ထိုကဲ့ သို့ အပြန်အလှန်ပြောပြီး ကိုထွန်းစိန် ပြန်ခဲ့သည်။

ပြောသည့်အတိုင်း မနက် ၇ နာရီတွင် တင်မောင် ရောက်လာပြီး ငွေသိန်း ၂ဝ ပေးပြီး ''ငါ ကတိတည်ပါတယ်''ပြောလေသည်။ ''မိန်းမရေ ဒီငွေတွေ ယူထား ဘာမှပြော မနေနဲ့။ ငါတင်မောင်နဲ့ လိုက်သွားလိုက်ဦးမယ်'' ပြောပြော ဆိုဆိုနှင့် ထွက်သွားသည်။   ထိုငွေများနှင့် သားကြီးကို ခွဲစိတ်နိုင်ခဲ့သည်။ ကိုထွန်းစိန်က  ငါးရက်ကြာသည်ထိ ပေါ်မလာပေ။  ခြောက်ရက်မြောက်တွင်   ကိုထွန်းစိန် တစ်ယောက် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် အဖမ်း ခံခဲ့ရကြောင်း ကြားခဲ့သည်။ ကြားကြားချင်းလိုက်သွားရာ

''မိန်းမရယ် နင်ဒီမလာပါနဲ့။   ဒီအကြောင်းတွေ သားကြီးသိရင် တစ်သက်လုံး စိတ်မကောင်း ဖြစ်နေ လိမ့်မယ်'' ဟု ပြောရှာသည်။ ထိုအချိန်မှစပြီး ဇနီးသည်ကို အတွေ့မခံတော့ချေ။

အမေပြောသည်ကို နားထောင်ရင်း မျက်ရည်များ စီးကျကာ ဇာတ်လမ်းအဆုံးတွင် ကျွန်တော်အသည်းတွေ ကျွမ်းထိုးမှောက်ခုံဖြစ်သလို ခံစားရသည်။ ''သားမှားပြီ မှားပြီအဖေ ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့ဗျာ၊ ခွင့်မလွှတ် ပါနဲ့''ဟု နောင်တများနှင့် ရေရွတ်ရင်း ဒီအဖြစ်အပျက်တွေ ကို အစကကြိုသိခဲ့ရင် ကောင်းမှာဟု ညည်းတွားနေမိပါ တော့သည်။

သူရိန်လင်း(မြန်မာစာ)

No comments:

Post a Comment