(၁)
ထွေးငယ်တစ်ယောက်တော့ စောစောစီးစီး စိတ်တိုနေလေရဲ့။ တိုလည်းတိုချင်စရာလေ။ သူ့လင် ကိုသာခေါင် လုပ်ပုံက ဟုတ်မှမဟုတ် တာ။ ထွေးငယ်မို့ငြိမ်ခံနေတာ။ မိငယ်တို့ကို ဒါမျိုးလာလုပ်လို့ကတော့ ဒင်းတို့နှစ်ယောက် လုံးကို အသေသတ်ပစ်မှာ။ အရင်ကတည်းက ချစ်လို့ယူထားကြတာပဲအေ။ မိဘတွေ အတင်း ပေးစားလို့လည်းမဟုတ်ဘူး။ ကိုယ့်အချင်းချင်း ချစ်ပါတယ်၊ ကြိုက်ပါတယ်ဆိုပြီး ခိုးပြေးကြ တာ။ ဘယ်သူမှ အတင်းပေးစားထားတာမှ မဟုတ်တာ။ ခုမှ ကိုသာခေါင် အချိုးတွေက ပြောင်းချင်နေတာ။
''ဟဲ့ ထွေးငယ် ညည်းယောက်ျားကို ညည်းမပြောတော့ဘူးလား။ ဒီလိုပဲ လက်ပိုက် ကြည့်နေတော့မှာလား''
''မိငယ်ရယ် ငါလည်းပြောချင်တာပေါ့။ ဒါပေမဲ့ တကယ့်တကယ် ဖြစ်လာတော့ အကြောင်းအမျိုးမျိုးထည့်စဉ်းစားရတယ်ဟ''
''တော်အေ မပြောနဲ့တော့ ဒီတိုင်းပဲ ကြည့်နေလိုက်တော့ ငါကအမြင်မတော်လို့ နင့်ဘက်ကမခံနိုင်လို့ ဝင်ပြောမိတာ''
တကတည်းအေ ကိုယ့်အပေါ် ဒီလို ဆက်ဆံနေတာ သူမို့လို့ ငြိမ်ခံနေတယ်။ ငါ့ပါးစပ်နဲ့များ တွေ့ပစ်လိုက်ချင်တယ်။ ဒင်းတို့ ယောက်ျားတွေကဘာမို့လို့လဲ။ လုပ်ချင်တိုင်း လုပ် နိုင်ချင်တိုင်းနိုင်နေတာ။ အခါတိုင်းငုံ့ခံနေ လို့ကတော့ ဘယ်ဖြစ်မလဲ။
ခုခေတ်က မိန်းမတွေလည်း ယောက်ျား တွေနဲ့ တန်းတူရင်ပေါင်တန်းနိုင်တဲ့ ခေတ်ကို ရောက်နေပြီတော့။ ထွေးငယ် နင်လည်းဘာဆို တာ ပြလိုက်စမ်းပါ။ ငုံ့ခံမနေစမ်းပါနဲ့။ ပြောလို့ သာပြောရတာ နင့်မလည်း အားမရှိပါဘူးဟာ။ အမြဲတမ်း အလျှော့ပေးနေတော့တာပဲ။
(၂)
ထွေးငယ် အိပ်ရာထကတည်းက တကုတ် ကုတ်နဲ့ ချက်ပြုတ်ပြီး မနက်စာပြင်ဆင်နေတာ ခုထိမနားရသေးဘူး။ နေတောင်အတော် မြင့်နေပြီ။ သူ့လင် ကိုသာခေါင်ကြီးကတော့ ရှစ်နာရီထိုးနေတာတောင် မထသေးဘူး။ ရုံးက ကိုးနာရီသွားရမှာ။ ခုထိအိပ်ကောင်း တုန်း။ ထွေးငယ်ကလည်း မနှိုးဘူး။ တအား ချစ်တာကိုး။ သူ့လင်စားဖို့ ထမင်းကြော်ရယ် ကြက်ဥကြော်လေးရယ်တောင် အဆင်သင့် ပြင်ထားလိုက်သေးတယ်။ ပါးစပ်ထဲထည့်ရုံပဲ ရှိတော့တာ။ အဲဒါနဲ့တင် သူ့အလုပ်က မပြီး သေးဘူး။ ကိုသာခေါင် ရုံးသွားရင် ဝတ်ဖို့ ဝတ်စုံ၊ နေ့လယ်စာ ထမင်းချိုင့်၊ စီးဖို့ဖိနပ်၊ ယူနေကျလက်ဆွဲအိတ် အကုန်အဆင်သင့် လုပ်ထားလိုက်သေးတယ်။ ကုန်းပိုးပြီးလိုက်ပို့ လို့ရရင် ပို့မလားတောင်မသိဘူး။ သူ့လင် တော်မောင် အိမ်ဦးနတ်ကြီးကို ချစ်တတ်လိုက် တာလွန်ရော။
ထွေးငယ်လိုမိန်းမမျိုးရထားတာ ဒင်း ကံကောင်းတယ်မှတ်။ ရွာလယ်က စွာကျယ် စွာကျယ် မအေးခိုင်လိုလူမျိုးနဲ့ တွေ့လို့ကတော့ မလွယ်ဘူး။ ထမင်းတောင် ကျိန်စာတိုက်ပြီးမှ ကျွေးတာ။ ဒီလိုအဆင်သင့် လုပ်ထားပေးဖို့က တော့ ဝေးပေါ့။
ခက်တာပဲ ယောက်ျားတွေကလည်း ကိုယ့်ကို ဂရုတစိုက်အရေးတယူရှိတဲ့ လူမျိုး ကိုကျ အလေးမထားချင်ကြဘူး။ အမြဲတမ်း ကျိန်ဆဲပြောဆို အနိုင်ယူနေတတ်တဲ့သူမျိုးကိုပဲ အလေးထား တန်ဖိုးထားတတ်ကြတာ။ ဘယ်လိုစိတ်ကူးမျိုးတွေလည်း မသိပါဘူး တော်။
(၃)
''ဟဲ့ ထွေးငယ် ခုချိန်ထိ ညည်းယောက်ျား ပြန်မလာသေးဘူးလား''
''မရောက်သေးပါဘူး မိငယ်ရယ်''
''ဟဲ့ မနက်ကတည်းက ဈေးဝယ်ဆိုပြီး ထွက်သွားတာလေ နေ့လယ်စာလည်းပြန်မစား ခုညနေစာစားချိန်တောင်ရောက်နေပေါ့''
ကိုသာခေါင် တစ်ယောက်တော့ ဘယ် မယားငယ်နဲ့ ပလူးနေတယ်မသိ။ ရုံးပိတ်ရက် လေး အိမ်မှာနေမယ် စိတ်ကူးမရှိဘူး။ မိုးလင်းကတည်းကထွက်သွားတာ အိမ်ကို တစ်ချက်လေးတောင် ပြန်လှည့်မကြည့်ဘူး။ မိန်းမကတော့ အိမ်မှာ အိမ်အလုပ်လည်း မလစ်ဟင်းရအောင်၊ စီးပွားရေးလည်း မလစ် ဟင်းရအောင် အကုန်သိမ်းကျုံးလုပ်ရတယ်။ သူကတော့ အပြင်မှာ ဖြစ်ချင်တိုင်းဖြစ်နေတော့ တာ။ ငါကလည်း ငါပါပဲ။ တစ်နေ့တစ်နေ့ ဘေးအိမ်က လင်မယားကိုကြည့်ပြီး အကုသိုလ် တွေယူနေတာ။ မဖြစ်သေးပါဘူး။ သူတို့ အကြောင်း ခေါင်းထဲက ထုတ်ထားမှပါ။ မဟုတ်ရင် ငါလည်းမလွယ်ဘူး။ ဒင်းတို့ လင်မယားနဲ့လည်း ခက်ပါတယ် ။
ကိုယ့်နောက်ပါမယ့် ဘုရားတရားအလုပ် လေး လုပ်အုံးမှ။
''သြကာသ သြကာသ''
''ဟဲ့ မိငယ်ရေ မိငယ်''
''တော် ဘာတုန်းဟ ဘုရားရှိခိုးလည်း ကောင်းကောင်းကို မခိုးရဘူး ညည်းနဲ့အေ''
''ကိုသာခေါင်လေ ကိုသာခေါင် ခုချိန်ထိ ပြန်မလာသေးဘူး။ တစ်ခုခုများ ဖြစ်နေလား လို့ပါ။ စိတ်ပူလို့ပါအေ။ ခါတိုင်း ဒီအချိန်ထိ သူမနေဘူးဟ ဘာတွေဖြစ်နေလဲ မသိပါဘူး အေ''
''ဟဲ့ အဲတာ ဖုန်းဆက်ကြည့်လိုက်လေ ဘယ်ရောက်နေလဲ ဘာလုပ်နေလဲ ပြန်မလာ သေးဘူးလား မေးလေ ရန်တွေ့သင့် တွေ့ပစ် လိုက်ပေါ့''
''ငါဆက်တယ်ဟ ဖုန်းကစက်ပိတ်ထား တယ်တဲ့ အားကုန်နေလို့နဲ့တူပါတယ်ဟယ်''
အရေးထဲ ဒင်းကဖြည့်တွေးပေးနေသေး။ ကျုပ်ဖြင့် စိတ်ထဲမှာ တနုံ့နုံ့နဲ့ ။
ပြောနေတုန်း မကြာပါဘူး။ ဆိုင်ကယ်သံ ကြားလာတာနဲ့ ''အဲတာငါ့ယောက်ျားဆိုင်ကယ် သံဟဲ့'' ဆိုပြီး သူ့အိမ်ကို တစ်ချိုးတည်းပြန်သွား လေရဲ့။ နောက်ဆုံးတော့ ကျုပ်ပဲ ဒေါသထွက် ပြီး ကျန်နေခဲ့တာပေါ့။ ခုန ဘုရားရှိခိုးမလို့ လုပ်နေတာလေးလည်း ဘယ်ရောက်သွားတယ် မသိ ။ ထွေးငယ်ရေ နင့်ရဲ့ဝဋ်ြေ<ွကးကလည်း မပေါ့ပါလားဟဲ့။
(၄)
ထွေးငယ်တို့ ယောက်ျားအပေါ် ဂရုစိုက် ပုံကတော့ လက်လန်တယ်။ ဒီနယ်တစ်ခွင်မှာ ရှာမှရှားပဲ။ ရုံးကပြန်လာတာနဲ့ ရေအဆင်သင့် ခပ်ပေးပြီးသား။
ထမင်းစားရင်လည်း ဘဲဥတစ်လုံးရှိရင် သူ့ယောက်ျားအတွက်ထားတယ်။ သူက ငါးပိရည်ကျိုနဲ့ စားတယ်။ ဟိုကမျိုမကျလို့ ပြန်ခွဲပေးရင်တော့တစ်မျိုးပေါ့။ အလိုက်မသိ တဲ့ အခါမျိုး ပြန်ခွဲမပေးရင်လည်း ဘာမှမပြော ဘူးနေတာပဲ။ ကျုပ်သာဆို မနေနိုင်ပါဘူး။ တစ်လုံးရှိ တစ်ယောက်တစ်ခြမ်းပေါ့။ ဒီလို ပြောရင် ''အဲဒါကြောင့် အပျိုကြီးဖြစ်နေတာ''လို့ ကျုပ်ကိုပြောဦးမယ်။ အဲဒီအပျိုကြီးက ညည်းတို့လို စိတ်မဆင်းရဲရဘူး။ စိတ်မပူရဘူး။ အချိန်တန်ရင် လယ်ကရတာလေးကို ဇိမ်နဲ့ ထိုင်စားရုံပဲ။ ဘယ်သူ့မျက်နှာမှလည်း ကြည့်နေ စရာမလိုဘူး။ ဘဲဥတစ်လုံးကို သူများပေးပြီး ငါးပိရည်ကျိုနဲ့လည်း စားစရာမလိုဘူး။ ဟို မယားငယ်နဲ့ရှိနေလား၊ ဒီမယားငယ်နဲ့ တွေ့နေ လားလို့လည်း စိတ်ပူစရာမလိုဘူး။ ဘုရား တရားအလုပ်ကို အေးအေးဆေးဆေးလုပ်ပြီး အေးအေးချမ်းချမ်းနေရုံပဲ။ တစ်နှစ်ကုန်လို့ ငွေလေးတွေပိုလျှံရင် အလှူတွေလှူမယ်။ ဘုရားဖူးတွေထွက်မယ်။ ခရီးတွေသွားမယ်။ ကဲ ကြည့်စမ်း အပျိုကြီးဘဝ ဘယ်လောက် ပျော်ဖို့ကောင်းလဲ။ အဲလိုဆို ထွေးငယ်က တစ်ခုခုကို ပြန်ပြောချင်တဲ့ပုံနဲ့ ကျုပ်ကိုကြည့် တယ်။ ဒါပေမဲ့ သူကျုပ်ကို ဘာမှပြန်မပြော နိုင်ပါဘူး။ လက်ရှိ သူဖြစ်နေတာတွေက သက်သေပဲလေ။ လိမ်လို့မှမရတာ။ စိတ်ချမ်း သာစရာတစ်ကွက်မှ မရှိတာ။ သူချည်းပဲ အနစ်နာခံ ပေါင်းသင်းနေရတာ။ ဘယ်နေရာ သွား သာယာမှာလဲ။ အဲတော့ ကျုပ်ကို ပြန်ပြောချင်ပေမယ့် ပြောမရဖြစ်နေတာပေါ့။ ကျုပ်ကလည်း ဒင်းကို မခံချင်အောင် ပြောတာ ပေါ့ ဘယ်ရမလဲ။
(၅)
အဲဒီနေ့က ဘုရားသခင်ပေးတဲ့ ကြည့်မှန် တစ်ချပ် ထွေးငယ်ရလိုက်တယ်ဆိုရမယ်။ ကြည့်မှန်ဆိုတာမျိုးက ကိုယ်ပြုံးရင် သူက လည်း ပြုံးပြမယ် ကိုယ်မဲ့ရင် သူကလည်း မဲ့ပြမယ် ဆိုတာမျိုးလေ။ ထွေးငယ်က အမြဲတမ်း သည်းခံပြီး စိတ်ကောင်းရှိတဲ့ သူတစ်ယောက် ဆိုတော့ သူ့ရဲ့ကြည့်မှန်ကြီးက ပကတိအပြုံး တွေ ဝေဆာနေတော့တာပေါ့ ။
ကျုပ်ဖြင့် မယုံနိုင်လို့ ကိုယ့်မျက်လုံးကိုယ် နှစ်ခါပြန် ပွတ်သပ်ကြည့်ရတယ်။ ထူးထူး ဆန်းဆန်း ဖြစ်နေတာကိုး။ ကိုသာခေါင် တစ်ယောက် စောစောစီးစီးထပြီး ခြံဝင်းထဲမှာ တံမြတ်စည်းတွေလှည်း၊ ပန်းပင်တွေ ရေလောင်းနေလေရဲ့။ ရုံးပိတ်ရက်ဆိုတော့ ထွေးငယ်နဲ့အတူ ဈေးထဲတောင်လိုက်သွား လိုက်သေးတယ်။ ပြန်လာတော့ ဟင်းတွေ လည်း အတူတူဝင်ချက်လို့။
''ဒင်းလိုကောင်မျိုး ခွေးရူးကောင်းစား တစ်မွန်းတည့်ပါအေ။ စောင့်ကြည့်နေလိုက် ဦးမယ်'' ဆိုပြီး စောင့်ကြည့်နေကြတဲ့သူတွေထဲ ကျုပ်လည်းအပါအဝင်ပေါ့။ ဒါပေမယ့် ကိုသာခေါင် အချိုးပြောင်းသွားပုံက ကျုပ်တို့ အတွက် အံ့လောက်စရာပါပဲ။ အရင်က တစ်နေ့လုံးအိမ်မကပ်တဲ့လူက ခုဆို အိမ်မြဲလို့။
ထွေးငယ်အပေါ်လည်း ကြင်ကြင်နာနာနဲ့။ မိန်းမရေ ယောက်ျားရေနဲ့ ကြည်နူးနေလိုက် ကြတာ ကျုပ်တို့ဖြင့် အမြင်တောင်ကပ်တယ်။
ကျုပ်ကို ထွေးငယ်က သူပြန်ပြောချင်တဲ့ စကားတွေအစား အလုပ်နဲ့ သက်သေပြ သွားတယ်ထင်ရဲ့။ ကျုပ်တို့က ထွေးငယ် ကိုသာခေါင်အပေါ် အရမ်းချစ်တယ်လို့ပဲ ထင်ကြတာ။ တကယ်တမ်းတော့ မယားလို တစ်မျိုး၊ အမေလိုတစ်သွယ် နှမလိုတစ်ဖုံ အမျိုးမျိုးသော မေတ္တာမျိုးနဲ့ စစ်စစ်မှန်မှန်ချစ်ခဲ့ လို့သာ ဘုရားသခင်က သူ့အတွက် ကြည့်မှန် တစ်ချပ် လက်ဆောင်ပေးလိုက်ခြင်းဖြစ်တယ် ဆိုတာ ကျုပ်တို့ခုမှ နားလည်သွားတော့တယ်။
မေမိုးမြင့်
No comments:
Post a Comment