Latest News

Sunday, December 23, 2018

သမ္မတသက်တမ်း ဒုတိယနှစ်ဝက် ဒေါ်နယ်ထရန့်၏ ဆုံးဖြတ်ချက်များ

သမ္မတသက်တမ်း ဒုတိယနှစ်ဝက် ဒေါ်နယ်ထရန့်၏ ဆုံးဖြတ်ချက်များ

ပြီးခဲ့တဲ့   နှစ်နှစ်ကို    ပြန်ကြည့်လိုက်ရင် ကမ္ဘာလုံးဆိုင်ရာ  နိုင်ငံရေးမြင်ကွင်းကို ပုဂ္ဂိုလ်တစ်ဦးတည်းကပဲ   လွှမ်းမိုး ထားပါတယ်။ သမ္မတဒေါ်နယ်ထရန့်ဟာ အမေရိကန်ပြည်သူတွေကြား ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူ တွေ ဆိုပြီး နှစ်ပိုင်းကွဲပြားစေခဲ့သလို မျက်မှောက်နိုင်ငံရေးသမိုင်းမှာ ကမ္ဘာ့နိုင်ငံရေးမျက်နှာစာကို ဒေါ်နယ် ထရန့် လောက် လွှမ်းမိုးနိုင်ခဲ့တဲ့ အမေရိကန်သမ္မတဆိုတာ မရှိခဲ့ပါဘူး။ ပြောရရင် ဒါကတစ်စိတ်တစ်ပိုင်းအားဖြင့် ဒေါ်နယ်ထရန့်ရဲ့ ကိုယ်ပိုင်စတိုင်နဲ့  သက်ဆိုင်နေပါတယ်။

(ယခင်အပတ်မှအဆက်)
ပြောရရင် ထရန့်ဝါဒဆိုတာ နိုင်ငံတကာဆက်ဆံရေး  စနစ်ကို ဖြိုဖျက်မယ်ဆိုတဲ့  သဘောသက်သက်တော့   မဟုတ်ပါဘူး။  မူလသဘောတူညီချက်တစ်ခုလုံးအစား   သဘောတူညီချက်   အသေးလေးတွေ   အများကြီး ဖြစ်အောင် လုပ်လိုက်တာဟာ   ကိုယ့်ဘက် အသာရ     အောင်လုပ်တဲ့ မဟာဗျူဟာရဲ့    သက်သေအထောက် အထားပါပဲ။ ဒီလိုအသာရတာတွေကို  အောင်ပွဲအဖြစ် ကြေညာပြီး  ရှေ့ဆက်ချီတက်မယ်ဆိုတဲ့ သဘောပါ။ ဒီယူဆချက်သာ မှန်တယ်ဆိုရင် တရုတ်နိုင်ငံဟာ ဒီမဟာဗျူဟာရဲ့ အကြီးမားဆုံး စိန်ခေါ်ချက်ဖြစ်မှာပါ။ အဲဒီမဟာဗျူဟာရလဒ်က ၂၀၁၉ ခုနှစ်မှာ   ထွက်ပေါ် လာမှာဖြစ်ပါတယ်။ ထပ်ပြောရရင် အဲဒီမဟာဗျူဟာ   ရလဒ်က ထရန့်လုပ်ရပ်တွေဟာ ဖျက်ဆီးရေးသက်သက် ထက်ပိုတယ်၊ မပိုဘူးဆိုတာကို သက်သေထူမယ့်  တစ်ခုတည်းသော အကောင်းဆုံးအထောက်အထားလို့ ပြောရ မှာပါ။
အသစ်အသစ်သော ရွှေ့ကွက်များ
အခြေအနေ၊ အနေအထားတွေကတော့ ပြောင်းလဲ သွားမှာပါ။ ၂၀၁၉ ခုနှစ်မှာ  ဒေါ်နယ်ထရန့်ဟာ  ပိုကြီး မားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖို့ရှိပါတယ်။ ဒေါ်နယ် ထရန့်အတွက် ကံဖေးမလို့သက်သာရာရတယ်ဆိုတဲ့ အနေ အထားမျိုးကလည်း ပိုပိုနည်းလာဖို့ပဲ ရှိပါတယ်။
ဒီမိုကရက်တွေက အောက်လွှတ်တော်ကို ထိန်းချုပ် သွားနိုင်တဲ့အတွက် အစပိုင်းမှာကို သမ္မတ ဒေါ်နယ်ထရန့် အစိုးရအဖွဲ့ဟာ  သမ္မန်စာဆင့်ခေါ်နိုင်တဲ့  ပါဝါရှိတဲ့ အောက်လွှတ်တော် ကော်မတီတွေရဲ့ ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းတာကို ခံရတော့မှာပါ။ ဒေါ်နယ် ထရန့်ဟာ မီဒီယာနဲ့  ပြည်သူလူထုက သူ့ရဲ့ အခွန် ထမ်းဆောင် ငွေအပေါ်  အာရုံစိုက်လာမှာကို ကိုယ်တိုင် ကြုံတွေ့ရမှာပါ   (အခွန်အပြည့်အဝ မဆောင်တဲ့ကိစ္စ လည်း ပူးတွဲပါလာမှာ)။  သမ္မတလုပ်ပိုင်ခွင့်ကိုသုံးပြီး ထရန့်မိသားစုလုပ်ငန်းတွေ   အကျိုးအမြတ်ရှိအောင် လုပ်နေတာ က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှု    ရှိ၊ မရှိဆိုတာကိုလည်း  ဒေါ်နယ်ထရန့်က ရှင်းရမှာပါ။ ဒေါ်နယ်ထရန့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်အဖွဲ့နဲ့ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲအတွင်း ရုရှားစွက်ဖက်မှုကြား က ဆက်စပ်မှုကို စုံစမ်းစစ်ဆေးနေရတဲ့ အထူးစစ်ဆေး ရေးမှူး ရောဘတ်မူလာ (Robert Mueller)ကသာ ကိုင်လှုပ်နိုင် လောက်တဲ့ အထောက်အထားတွေ ရမလာ ခဲ့ရင် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တွေဟာ သမ္မတ ကို စွပ်စွဲပြစ်တင်မယ်   တကဲကဲလုပ်နေတဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဟန့်တားဖို့ပဲရှိပါတယ်။ ဒါပေမယ့် လည်း အောက် လွှတ်တော်က ထရန့်အစိုးရအဖွဲ့ကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိအောင် သန္နိဋ္ဌာန်ချထိုးစစ်ဆင် ဆောင်ရွက်မယ်ဆိုတာကတော့ သံသယရှိ စရာ မလိုပါဘူး။
အဲဒါတွေအပြင်  သမ္မတဒေါ်နယ်ထရန့်ရဲ့ စံပေတံ တစ်မျိုးဖြစ်တဲ့ စတော့ဈေးနှုန်းတွေဟာ ကျဆင်းလာပြီး ၂၀၁၉  ခုနှစ်အတွင်း အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဟာ စပြီး အားနည်းလာမှာပါ။ ဒီလိုစီးပွားရေး အားနည်းလာ တယ်ဆို တာကလည်း အခွန်ဖြတ်တောက်ပြီး ဖန်တီးပေး ထားတဲ့  မက်လုံးရဲ့ အကျိုးသက်ရောက်မှုကစပြီး အား ပျော့လာမှာကြောင့်လို့ ပြောနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ မြင့်မားတဲ့ အကောက်ခွန်နှုန်းထားနဲ့  အတိုးနှုန်း တွေက စီးပွားရေးဖွံ့ဖြိုးမှုကို  ဆုတ်ယုတ်စေမှာပါ။ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံတန်ဖိုးရှိတဲ့ တရုတ်ပို့ကုန်ပစ္စည်းတွေအပေါ်  ကောက်ခံ မယ့်အကောက်ခွန်နှုန်းထားကို ၁၀ ရာခိုင်နှုန်း ကနေ ၂၅ ရာခိုင်နှုန်းအထိ ဒေါ်နယ်ထရန့်အစိုးရအဖွဲ့က တိုးမြှင့် ကောက်တော့မှာပါ။ အမေရိကန်နိုင်ငံ ဗဟိုဘဏ်ကလည်း ငွေကြေးကို  တင်းတင်းကျပ်ကျပ် ထိန်းချုပ်ရမယ်ဆိုတဲ့ သူ့မူဝါဒကို   ဆက်လက်ကျင့်သုံးဖို့ပဲ ရှိပါတယ်။  ၂၀၁၉ ခုနှစ်အလယ်လောက်မှာ အတိုးနှုန်းကို သုည ဒသမ ၂၅ ရာခိုင်နှုန်းစီ နှစ်ကြိမ် လောက်တိုးတာမျိုး လုပ်နိုင်ပါတယ်။ ယခုအချိန်အထိတော့ အမေရိကန်အတိုးနှုန်း မြင့်မားတဲ့ဒဏ်ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေပဲ ခံရတာပါ။ လာမယ့်နှစ်မှာတော့ အတိုးနှုန်းမြင့်မားတဲ့ဒဏ်ကို အမေရိကန်နိုင်ငံအတွင်းမှာ ပိုပြီးခံစားလာရဖို့ ရှိပါတယ်။
ဒေါ်နယ်ထရန့်က ဘယ်လိုတုံ့ပြန်မလဲ။ ဆိုးကျိုးဒုက္ခ တွေကို ဖန်တီးတတ်တဲ့ ဒေါ်နယ်ထရန့်ဆိုတဲ့ ဝေါဟာရ သာမှန်ခဲ့ရင် ဒေါ်နယ်ထရန့်ဟာ ဒီပြဿနာတွေကနေ အာရုံလွှဲနိုင်အောင် ထိုးနှက်ဝေဖန်တဲ့ ခြေလှမ်းမျိုးကိုပဲ လှမ်းလာမှာပါ။ ရလဒ်ကတော့ ဒီမိုကရက်တွေကို ပစ်မှတ် ထားတဲ့ စာတိုတွေ၊ တွစ်တာစာမျက်နှာမှာ မရေမတွက် နိုင်လောက်အောင် ထွက်ပေါ်လာမှာပါ။ ဗဟိုဘဏ်အပေါ်တော့ ပိုပြီးပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ဖို့ ရှိပါ တယ်။ အုပ်ချုပ်ရေးအရလည်း ပြင်းပြင်းထန်ထန် အရေးယူမှုတွေ ပြုလုပ်လာမှာပါ။  အထူးသဖြင့်   အမေရိ ကန်လူထုက သူ့ကိုင်တွယ်ပုံအပေါ် ထောက်ခံနေတဲ့ လူဝင်မှုကြီးကြပ်ရေးလို ကိစ္စမျိုးမှာ ဒီလိုပြင်း ပြင်းထန်ထန်  အရေးယူမှုတွေက ပိုသိသာမှာပါ။ တိုင်းပြည်အတွင်း တိုက်ခိုက်နေတဲ့ ဒေါသ မုန်တိုင်းဟာ ပိုပိုပြင်းထန်လာဖို့ပဲ ရှိပါတယ်။ ပိုဆိုးတာက စီးပွားရေးကလည်း  တစ်စက်ကလေးတောင် အထောက် အပံ့ဖြစ်မှာ မဟုတ်ပါဘူး။
ဒီလိုအခြေအနေတွေကြောင့် အံ့အားသင့်တုန်လှုပ်စရာ ကွက်ကျော်ရွှေ့လေ့ရှိတဲ့    ဒေါ်နယ်ထရန့်ဟာ  မတူကွဲ ပြားတဲ့  ချဉ်းကပ်ပုံမျိုးကို   ကျင့်သုံးလာစရာ ရှိပါတယ်။ ဒေါ်နယ်ထရန့်ဟာ ဒီမိုကရက်တွေနဲ့ အပေးအယူလုပ်ပြီး အခွန်လျှော့တဲ့ မက်လုံးကို သက်တမ်းတိုးချဲ့နိုင်အောင် ကုလားဖန်ထိုးနိုင်ပါတယ်။ ဒီနည်းနဲ့ စီးပွားရေးကို ကျားကန် နိုင်အောင် ကြိုးစားမှာပါ။ သူဌေးတွေထက် အလုပ်သမား တွေအပေါ် ကောက်မယ့်အခွန်အကောက်ကို  လျှော့ချမယ်ဆိုတာ ဖြစ်နိုင်တဲ့နည်းလမ်းတစ်ခုပါ။ ပိုဖြစ်နိုင်တာက အမေရိကန်နိုင်ငံရဲ့ အခြေခံအ ဆောက် အအုံကို မြှင့်တင် ပေးမယ့် ဘက်စုံစီမံကိန်းတစ်ခုကို ချမှတ်တာမျိုးပါ။
အမေရိကန်နိုင်ငံရဲ့     စီးပွားရေးဘယ်လောက် ဆုတ်ယုတ်မယ်ဆိုတာကလည်း သမ္မတဒေါ်နယ်ထရန့်ရဲ့ အရေး အကြီးဆုံး နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ဆုံးဖြတ်ချက် အပေါ် မူတည်နေပါတယ်။ ဒါက တရုတ်နိုင်ငံနဲ့ ဘယ်လို ဆက်ဆံမလဲဆိုတဲ့ မူဝါဒဟာ ကိစ္စရပ်အတော်များများမှာ ဒေါ်နယ်ထရန့်က အခိုင်အမာအားသာတဲ့ အနေအထား မျိုးရှိနေပါတယ်။ အကောက်ခွန်အပြိုင်အဆိုင်တိုးမြှင့် ကောက်တဲ့တိုက်ပွဲမှာ အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံ လောက် အထိမနာပါဘူး။  ဒေါ်နယ်ထရန့်ဟာ တရုတ် ခေါင်းဆောင်ပိုင်းကို အငိုက်ဖမ်းတိုက်ခိုက်နိုင်ခဲ့ပါတယ်။ တရုတ်ခေါင်းဆောင်ပိုင်းဟာ အမေရိကန်နိုင်ငံက အကောက်ခွန်တိုက်ပွဲကို    ဒီလောက်ပြင်းပြင်းထန်ထန် တိုက်ခိုက်လိမ့်မယ်လို့     မျှော်လင့်မထားခဲ့ကြပါဘူး။ ဒါပေမယ့်   ဒေါ်နယ်ထရန့်ကလည်း  သူ့အားနည်းချက်နဲ့ သူ ဖြစ်နေပါတယ်။ အကောက်ခွန်တွေကို တိုးမြှင့်လိုက်တဲ့ ဆိုးကျိုးတွေဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာနိုင် ပါတယ်။ တစ်ဖက်မှာလည်း တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေဟာ ပြင်းထန်လာနိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေး အကျင့်စရိုက်တွေကို မဆိုစလောက်သာ ပြောင်းလဲစေတဲ့ ပြီးစလွယ်သဘောတူညီချက်မျိုး   ဒေါ်နယ်ထရန့်က ချုပ်လာခဲ့ရင် အမေရိကန်ပြည်တွင်းမှာ ဒေါ်နယ်ထရန့် အပေါ်မဟာရန်သူတရုတ်ကို ဒူး ထောက်အလျှော့ပေး တယ်ဆိုပြီး ဝေဖန်တိုက်ခိုက်လာကြမှာပါ။
တည်ဆောက်သူအဖြစ် ပုံဖော်ဖန်တီးပါ
ဒေါ်နယ်ထရန့်က ဘယ်လိုအပေးအယူ အလျှော့ အတင်းလုပ်မလဲဆိုတာက    သူ့ရဲ့  သမ္မတအဖြစ် စွမ်းဆောင်မှုကို ပိုင်းဖြတ်သွားမှာပါ။ အမြင်ကျယ်တဲ့ သမ္မတဆိုရင်တော့ ဒီအခြေအနေကို တရုတ်နိုင်ငံနဲ့ ကမ္ဘာကြီးအကြား ဆက်ဆံရေးကို ပြန်လည်ပုံဖော်ပေးနိုင် မယ့် သမိုင်းဝင်အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်မှာပါ။ ဒီလိုသမ္မတမျိုးက   ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO) ရဲ့   ဘောင်အတွင်းက ကမ္ဘာ့ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းတွေကို   ပြန်လည်ပုံဖော်ပေးမယ့် မဟာမိတ်တွေကို စုရုံးဖွဲ့စည်းမှာပါ။ တစ်ဖက်မှာလည်း မသိမသာနယ်ချဲ့ဖို့   ကြိုးပမ်းနေတဲ့  တရုတ်နိုင်ငံကို ရင်ဆိုင်ဖို့ အာရှဒေသမှာ စစ်ရေးမဟာမိတ်ကို ခိုင်မာလာ အောင် တည်ဆောက်ရမှာပါ။ နှစ်နှစ်ကျော် ဖျက်ဆီးရေး မဟာဗျူဟာ  ကျင့်သုံးရာကနေ ကမ္ဘာ့စနစ်သစ်ဖန်တီး နိုင်ရေးကို ဦးတည်ကြိုးပမ်းရမှာပါ။  ဒီကမ္ဘာ့စနစ်သစ်ဟာ ၂၁ ရာစုရဲ့ ပကတိအခြေအနေတွေကို ပိုမိုထင်ဟပ် နိုင်စွမ်းရှိရမှာဖြစ်ပြီး ဒီရာစုကို ပုံဖော်သတ်မှတ်ပေးမယ့် တရုတ်နဲ့ အမေရိကန်နိုင်ငံကြားက အားပြိုင်မှုကိုလည်း  စီမံခန့်ခွဲပေးနိုင်စွမ်းရှိရမှာပါ။    ဒီလိုအပ်ချက်တွေကို ဒေါ်နယ်ထရန့်က    ဖြည့်ဆည်းပေးဖို့ဆိုတာကတော့ မလွယ်လှပါဘူး။ စိတ်မကောင်းစရာကောင်းတာကတော့ ဒီလိုဖြည့်ဆည်းနိုင်စွမ်းရှိ၊   မရှိဆိုတဲ့ အချက်အပေါ် မူတည်ပြီး သမိုင်းက ဒေါ်နယ်ထရန့်ရဲ့ အခန်းကဏ္ဍကို သုံးသပ်ဆုံးဖြတ်ပေးသွားမှာပါ။
REF: The Trump show, Season Two By Zanny Minton Beddoes

ရဲရင့်လင်းလက်

No comments:

Post a Comment