Latest News

Sunday, December 23, 2018

ထောင်ထဲတွင် လူ့ချေး(ချီး)ရည်လောင်းထားသည့် အပင်များ စားခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ


✿ ဝမ်းကိုက်ရောဂါကို ခံစားနေရတဲ့ ကျနော့်အနေနဲ့ သတိပေးချင်တာနဲ့ ဒီစာကို ရေးပါတယ်..။ နိုင်ငံရေးအကျဉ်းသားဟောင်း (နိုင်ကျဉ်းဟောင်း) တွေအနေနဲ့ ကူးစက်နိုင်တဲ့ ရောဂါတွေအတွက် စိတ်ပူလာမိလို့ ရေးတာပါ..။

✿ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ နိုင်ငံရေးမှုနဲ့ ထောင်ကျတော့ အင်းစိန်ထောင်၊ အထူးတိုက် အဆောင်၂ ပေါ်ကို ရောက်သွားပါတယ်.။
ရောက်ရောက်ချင်းမှာ ကျွေးတဲ့ ထမင်းနီကြမ်းနဲ့ ကဇွန်းရွက်ရေလုံပြုတ်၊ ငပိက ဘယ်လိုမှ စားလို့ မဝင်ဘူး..။ မသေအောင် စားရမယ်ဆိုပြီး အတင်းကြိတ်မှိတ် မြိုချခဲ့ရတယ်..။ ထောင်ထဲ မရောက်ခင်မှာတော့ ကျောင်းပြီးခါစ အင်ဂျင်နီယာကျောင်းဆရာလေးပေါက်စအနေနဲ့ ဝင်ငွေကောင်းတော့ စားကောင်းသောက်ကောင်းတွေ စိတ်တိုင်းကျစားနိုင်တဲ့ဘဝကနေ အစားအသောက်ဆင်းရဲလှတဲ့ ပြိတ္တာဘဝကို အရှင်လတ်လတ်ရောက်သွားတော့တာပဲ..။ ထောင်ဝင်စာကလဲ ၂လလောက် ပိတ်ခံထားရတော့ ထောင်က ကျွေးတာနဲ့ပဲ စားဝင်အောင် ကြိုးစားရတယ်.။

✿ အဆောင်၂ ပေါ်က လှမ်းကြည့်ရင် ထောင်ဝင်းထဲက စိုက်ခင်းတွေကို အကျဉ်းသားတွေ ရေတွေလောင်းနေတာ တွေ့ရတယ်..။ တစ်ရက်မှာ အနံ့ဆိုးတွေရတော့ ဝါရင့်နိုင်ငံရေးသမားအကိုကို မေးကြည့်တယ်။ ဘာတွေ လောင်းနေတာလဲ ဆိုတော့ မြေသြဇာရအောင် လူ့ချေး(ချီး)ရည်တွေလောင်းနေတာတဲ့..။ ချက်ချင်းပဲ ရင်ထဲက ပြို့တက်လာတယ်..။ ထိုအကိုက "မင်းကလဲ အထဲတောင် ရောက်နေပြီ။ အသက်ရှင်အောင် စိတ်ကိုမွေး" တဲ့..။ ဒီလိုနဲ့ ကျနော်တို့လဲ လူ့ချေး(ချီး)ရည်လောင်းထားသည့် အပင်များကို ရေလုံပြုတ်စားခဲ့ရတယ်.။ ထောင်ကတော့ ပြောတာပဲ လူ့ချေး(ချီး)ရည်လောင်းပြီးရင် အပင်တွေကို (၇)ရက်လောက် မခူးပဲ ပိုးသေအောင် ထားတယ်တဲ့..။ ဘယ်လိုယုံရမလဲတော့မသိ.။ ရေလုံပြုတ်ချက်တာကလဲ လူအင်အားက များတော့ အပင်လိုက်ကို သေချာမခြွေပဲ ဓားနဲ့ တောက်တောက်စင်း၊ ရေကို ဝုန်းဝုန်းနဲ့ ဆေး၊ ရေနွေးကျိုထားတာထဲ ပစ်ထည့်၊ ငပိထည့်၊ ဆားထည့်နဲ့ ဟင်းရည် ဖြစ်လာကော..။ ငပိရည်ဆို ကျဲနေပြီး အနံ့က မကောင်းဘူး..။ ငပိထောင်းလဲ ဒီလိုပဲ..။ ဒန်ပန်းကန်ပြားအစွန်းမှာ တကော်စာသုတ်ပေးလိုက်တာပဲ..။

✿ နောက်တော့ အကျင့်ပါလာတော့ အသက်ရှင်ဖို့ အရေးကြီးတယ်ဆိုပြီး ထောင်က ဟင်းရွက်တွေတောင်းပြီး ကိုယ်တိုင်ချက်စားဖို့ ကြံရတော့တာပဲ.။ အရွက်တွေ၊ ကြက်သွန်၊ ဆား၊ အသားတွေကို ရေနဲ့ရော ပလတ်စတစ်အိတ်ထဲထည့်၊ ထိုအိတ်ထဲကို စတီးဇွန်း ၂ချောင်းကို ပြားနေအောင်ထု ကြားက သစ်သားခံပြီး လျှပ်စစ်နဲ့ လျှော့ရိုက်အပူပေးတဲ့ နည်းနဲ့ ချက်စားတတ်လာကြတယ်..။ ရေနွေးကျိုချင်ရင်လဲ ဒီလိုပဲ ပလတ်စတစ်အိတ်နဲ့ စတီးဇွန်း ၂ချောင်း လျှော့ရိုက်အပူပေးတာနဲ့ ကျိုရတာပါပဲ..။

✿ ထောင်ဝင်စာက တစ်လ တစ်ခါလောက်ပဲ လာတွေ့တော့ အရွက်စိမ်းစားရအောင် ကြံရတာပါပဲ..။ ထောင်မကြီးရောက်တော့ ထောင်သားတွေ ပြောတာက မြေပေါ် ကပ်ပေါက် လဲနေတဲ့ အရွက်ကို "လဲရွက်" လို့ မှတ်စား၊ ထောင်နေတဲ့ အရွက်ကို "ထောင်ရွက်" လို့ မှတ်စား ဘာမှ မဖြစ်ဘူးတဲ့..။ စာကလေးခြေထောက်ရွက်လဲ စားခဲ့ရတယ်..။ ငါးမွေးကန်ထဲက ခူးလာတဲ့ ဗေဒါညွှန့်တွေ၊ ဗေဒါဖူးတွေလဲ ရေနွေးဖျောပြီး စားခဲ့ရတယ်..။ အသားက တစ်ပတ်ကို ၂ကြိမ် ကျွေးတယ်..။ တစ်ခါက ထောင်ထဲက မွေးတဲ့ ငါးတွေကို ဖော်ပြီး ကျွေးတာ ဝက်ချေးနံ့တွေ နံနေလို့ ကြိတ်မှိတ်စားခဲ့ရသေးတယ်..။ ငါးကန်ပေါ်မှာ ဝက်တွေ မွေးပြီး ငါးတွေက ဝက်ချေးတွေ စားတာကိုး..။ ငါးတွေ ဆေးတာ မစင်တော့ ဝက်ချေးနံ့တွေက တသင်းသင်းနဲ့ပေါ့..။

✿ အနှစ်ချုပ်ပြောချင်တာက လူ့ချေး(ချီး)ရည်ကနေ ပါလာတဲ့ ကူးစက်ရောဂါတွေ ကျနော်တို့ ခန္ဓာကိုယ်ထဲမှာ ဘယ်လောက် ကူးစက်နေပြီလဲ ဆိုတာပါ..။ ထောင်ထဲမှာ ကျနော် စပြီး ဝမ်းကိုက်ရောဂါခံစားရတယ်..။ Metro တွေ ပေးတိုက်လို့ သက်သာလာတော့ အေးဆေးနေလိုက်တာပေါ့..။ Course ပြည့် မပြည့်လဲ သိပ်မသိဘူးလေ..။ ထောင်က ပြန်ထွက်လာပြီး ဆေးစစ်တော့ ဘာမှ မတွေ့တော့ အေးဆေးနေလိုက်တယ်..။ ၂၀၁၄ မှာ တစ်ခါ ထပ်ဖြစ်တယ်..။ Metro တွေ Course ပြည့်အောင် သောက်တာပဲ..။ အခု ၂၀၁၈ မှာ အဆိုးဆုံးအနေနဲ့ ဝမ်းကိုက်ရောဂါခံစားရတယ်..။ Metro 100ml (၆) လုံးကို ၃ရက်နဲ့ အကြောထဲကို သွင်းခဲ့ရတယ်..။ ဒါနဲ့ ဆေးရုံက ဆင်းတော့ စိတ်မချလို့ နောက်ဆရာဝန်ကြီးတစ်ယောက် ထပ်ပြတော့ Metro ထက် Generation ပိုမြင့်တဲ့ ပိုးသတ်ဆေးတွေ အခုစသောက်နေရပြီ.။ ကျနော်က ပိုက်ဆံ နည်းနည်းတတ်နိုင်လို့ တော်သေးတယ်.။ ပိုက်ဆံမတတ်နိုင်တဲ့ နိုင်ကျဉ်းဟောင်းတွေကို စိတ်ပူတယ်.။ ဝမ်းကိုက်ပိုးက အသည်းထဲ ရောက်သွားရင် အသည်းပြည်တည်နာ၊ အသည်းခြောက်တာ၊ နောက်ဆုံး အသည်းကင်ဆာပါ ဖြစ်နိုင်တယ်တဲ့..။

✿ ထောင်ထဲမှာ ရက်ရှည်၊ လရှည် သိုလှောင်စားရတဲ့ ငပိကြော်၊ အသားကြော်တွေက မှိုတွေကြောင့် အသည်းရောဂါဖြစ်တယ် ပြောကြတာ အခု နောက်တစ်ချက် တိုးလာပါပြီ..။ ဝမ်းကိုက်ရောဂါပိုးကလဲ ကြောက်စရာကောင်းလာပါပြီ.။ ဝမ်းကိုက်ရောဂါဖြစ်ဖူးတဲ့ နိုင်ကျဉ်းဟောင်းတွေ သေချာ ဆေးစစ်ဖို့ လိုနေပါပြီ။

✿ နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးစောင့်ရှောက်မှုစင်တာ (HCPP) တော့ ပေါ်လာပါပြီ.။ ဒါပေမယ့် စင်တာသာ ရှိနေပြီး စစ်ဆေးစရာ စက်တွေက မရှိ၊ ဆေးတွေက မလုံလောက်၊ ဆရာဝန် မလုံလောက်နဲ့ ပိုက်ဆံမတတ်နိုင်တဲ့ နိုင်ကျဉ်းဟောင်းတွေရဲ့ ကျန်းမာရေးကို ကိုယ်ခံစားရမှ ပိုစိတ်ပူလာမိတယ်..။ ခေတ်ပြောင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအရ နိုင်ကျဉ်းဟောင်းတွေကို နိုင်ငံတော်အဆင့်အနေနဲ့ အသိအမှတ်မပြုသေးရင်တောင် ကျန်းမာရေးအတွက် နိုင်ကျဉ်းဟောင်းတွေကို ကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်..။ စစ်အာဏာရှင်ဟောင်းတွေ သောက်နေတဲ့ အရက်ပုလင်းဖိုးတွေလောက် ကျနော်တို့ နိုင်ကျဉ်းဟောင်းတွေရဲ့ ဆေးကုသမှုကိုလဲ ထည့်သွင်းစဉ်းစားပေးကြပါလို့ တိုက်တွန်းရင်းနဲ့....။

ရဲဝင်း (၂၀၁၈)

No comments:

Post a Comment