Latest News

Sunday, December 2, 2018

သီပေါမင်း၏ဆွေတော်မျိုးတော်များ ပါတော်မူနေ့ကျင်းပ

သီပေါမင်း၏ဆွေတော်မျိုးတော်များ ပါတော်မူနေ့ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၁

၁၃၈ဝ ပြည့်နှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့သည် သီပေါမင်းနှင့် မိဖုရားခေါင်ကြီး စုဖုရားလတ် အရှင်နှစ်ပါးတို့ ပါတော်မူသည့် (၁၃၃) နှစ်ပြည့် အခမ်းအနားကို ရွှေတိဂုံစေတီတောင်ဘက် ခြင်္သေ့ကြီးနှစ်ကောင်ရှေ့ တန့်တော်မူကျောင်းတိုက်၌ကျင်းပရာ သီပေါမင်း၏ ဆွေတော် မျိုးတော်များက ဆရာတော်သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး ရေစက်ချအမျှပေးဝေသည်။

''နှစ်စဉ် နှစ်တိုင်း ဒီနေ့ဒီအချိန်မှာ အရှင်နှစ်ပါး ပါတော်မူတဲ့ အောက်မေ့ဖွယ်အထိမ်းအမှတ်နဲ့ သီပေါမင်းရဲ့ ဆွေတော်မျိုးတော်တွေက စုပေါင်းပြီးတော့ သံဃာတော်တွေကို ဆွမ်းဆက်ကပ်  လှူဒါန်းပြီး ရေစက်ချ အမျှပေး ဝေလေ့ရှိပါတယ်။ညနေပိုင်းမှာ မိဖုရားခေါင်ကြီး စုဖုရားလတ် အုတ်နန်းပြာသာဒ်တော်မှာ ဆီမီး
ထွန်းညှိပူဇော်ကြမှာဖြစ်ပါတယ်။

သီပေါမင်းပါတော်မူပြီးနောက် မြေးတော်ခုနစ်ပါးဟာ မိဖုရားခေါင်ကြီးနဲ့အတူ မြန်မာနိုင်ငံကိုပြန် လည်ရောက်ရှိခဲ့ ပါတယ်။ သူတို့ကနေ မွေးမွားလာတဲ့ မြစ်တော် ၁၉ ပါးရှိပါတယ်။ ယခုအခါမှာတော့ လေးပါးကွယ်လွန်ခဲ့ပြီဖြစ်လို့ မြစ်တော် ၁၅ ပါးသာ ကျန်ရှိပါတော့တယ်'' ဟု အသက် ၇၁ နှစ်ရှိ သီပေါမင်း၏ မြစ်တော် ဦးမျိုးနိုင်ခေါ် စူလစန္ဒ ကုမာရက ပြောသည်။

မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက် သီပေါမင်းနှင့် မိဖုရားခေါင်ကြီး စုဖုရားလတ်တို့မှ သမီး ရတနာ လေးပါး ထွန်းကားခဲ့သည်။ ၎င်းတို့မှာ ပထမသမီးတော် အရှင်ထိပ်စုမြတ်ဖုရားကြီး၊ ဒုတိယ သမီးတော် အရှင်ထိပ် စုမြတ် ဖုရားလတ်၊ တတိယသမီးတော် အရှင်ထိပ်စုမြတ်ဖုရားနှင့် စတုတ္ထသမီးတော် အရှင်ထိပ်စုမြတ်ဖုရားလေးတို့ဖြစ်ကြပြီး ယင်းတို့အနက် တတိယနှင့် စတုတ္ထသမီးတော်တို့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းသိရသည်။

မိဖုရားခေါင်ကြီး စုဖုရားလတ်သည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ၁၂၈၇ ခုနှစ်တွင် ရန်ကုန်မြို့၌ နတ်ရွာစံခဲ့ကာ ယခုအခါ အုတ်နန်းပြာသာဒ်ဖြင့် ရွှေတိဂုံဘုရားတောင်ဘက် ရွှေတိဂုံဘုရားလမ်းတွင် ကုလသ မဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ဗိမာန်၊ သခင်ကိုယ်တော်မှိုင်းအုတ်ဂူနှင့် ဒေါ်ခင်ကြည်အုတ်ဂူတို့နှင့်အတူ တစ်တန်းတည်း ထားရှိပေးထားသည်။

မြင့်မောင်စိုး(ကြေးမှုံ)

No comments:

Post a Comment