Latest News

Thursday, December 6, 2018

ဂျူဗင်တပ်စ်၊ ချယ်လ်ဆီးအသင်းတို့ ရေဒါထဲက ပီယာလိုလက်သစ်အကဲခတ်ကြည့်ခြင်း

ဂျူဗင်တပ်စ်၊ ချယ်လ်ဆီးအသင်းတို့ ရေဒါထဲက ပီယာလိုလက်သစ်အကဲခတ်ကြည့်ခြင်း

လူငယ်ကစားသမားတစ်ယောက်   ဥရောပရဲ့ ထိပ်တန်းအသင်းကြီး   တော်တော်များများက စိတ်ဝင်စားနေတယ်။ ထိပ်တန်းလိဂ်မှာ ကစားနေ တာမဟုတ်ပေမယ့်  သူ့ကို  ပီယာလိုလက်သစ် ဆိုပြီး လူတိုင်းက သိကြတယ်။ သူက စီးရီးဘီ ကလပ် ဘရက်စီကာအသင်းရဲ့ အသက် ၁၈ နှစ် အရွယ်ကွင်းလယ်ကစားသမား  တိုနာလီဖြစ်ပါတယ်။
ပီယာလိုဆိုတာဟာ  အီတလီပရိသတ်တွေသာမက  ကမ္ဘာ့ ဘောလုံး ပရိသတ်တွေကပါ ဂန္တဝင်ထိပ်တန်းကစားသမားတစ်ဦးအဖြစ် အသိအမှတ်ပြုထားခြင်းခံရသူ ဖြစ်တယ်။ သူဟာ အီတလီလက်ရွေးစင် အသင်းမှာ ၁၁၆ ပွဲပါဝင်ကစားပြီး ကမ္ဘာ့ဖလားရယူနိုင်ခဲ့တာကြောင့် လည်း အီတလီရဲ့ရွှေခေတ်ကစားသမားတွေလို့လည်းတင်စားခြင်း ခံထားခဲ့ရတဲ့ သူဖြစ်တယ်။  ၂ဝ၁၇ ခုနှစ်မှာတော့ သူဟာဘောလုံးလောကကနေ အနား ယူခဲ့ပြီ။ သူအနားယူပြီး တစ်နှစ်အကြာမှာ သူ့ရဲ့နေရာကို ဆက်ခံယူနိုင်မယ့် ပီယာလိုလက်သစ်ပေါ်လာပြီလို့ သတ်မှတ်ခြင်းခံလိုက်ရတယ်။
ဒါပေမယ့် အဲဒီလိုသတ်မှတ်ခြင်းဟာ လူငယ်ကစားသမားတိုနာလီ အတွက်တော့ ထိခိုက်မှုရှိတယ်လို့သူ့ရဲ့ အေးဂျင့်ဖြစ်သူက ထုတ်ဖော်ပြောဆို လိုက်တယ်။ တိုနာလီရဲ့အေးဂျင့်ဖြစ်သူ ဖလိုရီယိုက ''တိုနာလီဟာ တိုနာ လီပါ။ သူဟာ ပီယာလိုလက်သစ် မဟုတ်ပါဘူး။ သူ့ရဲ့ကစားပုံစံတွေ၊ စရိုက် လက္ခဏာတွေ၊  ပုံစံတွေဟာ  ပီယာလိုနဲ့တူပေမယ့်  ပီယာလိုလက်သစ်လို့ ပြောခြင်းဟာသူ့ကို ပိုမိုထိခိုက်စေပါတယ်''လို့ပြောဆိုခဲ့ပါတယ်။
ပီယာလိုဟာ တစ်ချိန်တုန်းက လက်ရှိလူငယ်ကစားသမား တိုနာလီ ကစားနေတဲ့    ဘရက်စီကာအသင်းကနေ   ဥရောပဘောလုံးဇာတ်ခုံပေါ် ကိုရောက်သွားခဲ့တဲ့သူလည်း ဖြစ်တယ်။ ဒါကြောင့်လည်း တူညီတဲ့အသင်း၊ တူညီတဲ့ဆံပင်ပုံစံတွေနဲ့ ကစားတဲ့နေရာတွေကြောင့်လည်း အခုလို ပြောဆို ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် တိုနာလီအနေနဲ့ ပီယာလိုကဲ့သို့ ကမ္ဘာ့ ဘောလုံးဇာတ်ခုံပေါ်မှာ   ထင်ပေါ်ချင်တယ်ဆိုရင်တော့  ဘရက်စီကာ အသင်းကိုစွန့် ခွာဖို့တော့လိုနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
ဘယ်အသင်းတွေစိတ်ဝင်စားနေတာလဲ
လက်ရှိအချိန်မှာ ပရီမီယာလိဂ်ကလပ် ချယ်လ်ဆီးအသင်းရဲ့မန်နေဂျာ ဆာရီက တိုနာလီကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်။ စီးရီးအေအသင်းတော် တော်များများကလည်း သူတို့တိုင်းပြည်ရဲ့ လူငယ်ကစားသမားကောင်း တစ်ဦးကို ပြည်တွင်းမှာပဲ ဆက်လက်ရှိနေစေချင်တဲ့အတွက် ခေါ်ယူဖို့ ကြိုးစားနေကြတယ်။ အဲဒီထဲမှာမှ ဂျူဗင်တပ်စ်အသင်းက ထိပ်ဆုံးကလို့ ပြောရမယ်။ အခြားအသင်းတွေက ရိုးမား၊ အင်တာ၊ နာပိုလီအသင်း တို့ဖြစ်တယ်။
တိုနာလီဟာအသက် ၁၈ နှစ်သာရှိနေသေးပေမယ့် သူ့ရဲ့ကောင်းမွန် လွန်းတဲ့      ခြေစွမ်းတွေ ကြောင့်    အီတလီ  လက် ရွေးစင်အသင်းနည်းပြ   မန်ချီနီ တောင်   သူ့ကို    လက်ရွေးစင် အသင်းမှာ    ကစားဖို့အတွက် ရွေးချယ်ထားခဲ့သေးတယ်။ သူဟာ         စီးရီးဘီကလပ် ဘရက်စီကာအသင်းမှာ ၂ဝ၁၇ခုနှစ် ကတည်းက ပွဲထွက်ကစားခွင့်ရရှိနေပြီး သူ့ရဲ့ခြေစွမ်းတွေကို သက်သေ ပြခွင့်ရရှိထားခဲ့သူ ဖြစ်ပါတယ်။ သူဟာ စတင်ကစားခွင့်ရတဲ့ ရာသီမှာပဲ အသင်းနဲ့အတူ ပွဲထွက်ကစားခွင့် ၁၂ ကြိမ်ရရှိထားခဲ့ပြီး  တစ်ဂိုးသွင်းယူကာ ဂိုးရရှိဖို့အတွက် လေးကြိမ်တိုင် ပံ့ပိုးပေးထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင်သူဟာ  အီတလီယူ-၁၉ အသင်းနဲ့အတူ ပြီးခဲ့တဲ့နွေရာသီမှာ ကစားခဲ့တဲ့   ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာတော့  သက်တူကစားသမား တွေကြားမှာ ထင်းထင်းကြီး ခြေစွမ်းပြကစားနိုင်ခဲ့သူ ဖြစ်ပါတယ်။ အထူး သဖြင့်သူ့ရဲ့ဘောလုံးပေးပို့ရာမှာ တိကျမှုတွေက  ထိပ်တန်းအသင်းကြီး တွေ ပိုမိုစိတ်ဝင်စားစေခဲ့တာ ဖြစ်ပါတယ်။
ပီယာလိုနဲ့ ကွဲပြားမှု
တိုနာလီကို ပီယာလိုလက်သစ်လို့တင်စားပြောဆိုခဲ့ပေမယ့် တကယ် တမ်းတော့ ကွဲပြားခြားနားမှုတွေကရှိပါတယ်။ သူဟာ ပီယာလိုထက် ကိုယ် ကာယပိုင်းပိုမိုတောင့်တင်းပြီး   အင်တိုက်အားတိုက်  ပိုကစားနိုင်သလို ကြမ်းကြမ်းတမ်းတမ်းလုယူကစားနိုင်စွမ်းရှိပါတယ်။
ထိပ်တန်းအသင်းတော်တော်များများက လာမယ့်ဇန်နဝါရီမှာသူ့ကို အရ ခေါ်ယူဖို့ ရည်ရွယ်ထားခဲ့ကြပေမယ့် တိုနာလီကိုယ်တိုင်က အသင်းမှာ သာ ဆက်လက်ရှိနေမယ်လို့ ကတိပြုပြောဆိုထားပါတယ်။ ဒါကြောင့် တိုနာလီကိုတော့ စီးရီးဘီမှာ ယခုနှစ်ရာသီကုန်အထိ တွေ့မြင်ရဖို့ရှိနေပါ တယ်။
ပီယာလိုနဲ့     တင်စားခံရခြင်းနဲ့     ပတ်သက်ပြီးလည်း    တိုနာလီက ''ကျွန်တော့်အနေနဲ့ အခုလိုတင်စားခံရတဲ့အတွက် ဖိအားလို မဖြစ်မိပါဘူး။ အဲဒီအတွက် ပျော်ရွှင်ရသလို ကျေးဇူးလည်းတင်ပါတယ်။ ဒါ့အပြင် အခြား တော့မပိုပါဘူး''လို့လည်း ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ စီးရီးဘီကလပ်  ဘရက်စီကာအသင်းမှာ  ကစားနေပေမယ့်အီတလီ လက်ရွေးစင်အသင်းရဲ့ လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်သလို ဥရောပ ထိပ်တန်းကလပ်အသင်းကြီးတွေရဲ့  စိတ်ဝင်စားခြင်းခံနေရတဲ့ တိုနာလီဟာ ပီယာလိုလက်သစ်လို့ဆိုပေမယ့်  မတူကွဲပြားမှုတွေနဲ့အတူ  တောက်ပ လာမယ့် သူလို့သာ ဆိုလိုက်ချင်ပါတယ်။          ။

အောင်က(မြန်မာ့အလင်း)

No comments:

Post a Comment