Latest News

Saturday, December 1, 2018

တစ်နိုင်ငံလုံးအမျိုးသားအုံကြွမှုကြီး(သို့မဟုတ်)အမျိုးသားအောင်ပွဲနေ့

တစ်နိုင်ငံလုံးအမျိုးသားအုံကြွမှုကြီး(သို့မဟုတ်)အမျိုးသားအောင်ပွဲနေ့

''ကျောင်းသားသပိတ်ဟာကျွန်ပညာရေးဆန့်ကျင်လှုပ်ရှားမှုကြီးတစ်ခုကနေ အမျိုးသားအုံကြွမှုကြီးအထိ ဖြစ်စေခဲ့တယ်''ဟု ဆရာကြီး ဦးတင်မောင်ထွန်း ပြောခဲ့သည်ကို အမှတ်ရမိသည်။

လွန်ခဲ့သော ၁ဝ နှစ်လောက်က ဖြစ်သည်။ ကျွန်တော်သည် အမျိုးသား အောင်ပွဲနေ့မတိုင်မီ ရန်ကုန်မြို့ရှိ မြို့မကျောင်းကို ပုံမှန်ရောက်ဖြစ်ခဲ့သည်။ အမျိုးသားအောင်ပွဲနေ့အကြောင်း    ဆောင်းပါးရေးရန်   ဆရာကြီးနှင့်  စကားပြောဖြစ်ခဲ့သည်။

''ပညာရေးလှုပ်ရှားမှုကနေ အမျိုးသားလှုပ်ရှားမှုကို စတင်မွေးဖွား ပေးခဲ့တဲ့ နေ့ရက်လို့ ဆိုနိုင်တယ်။ ဒီလှုပ်ရှားမှုကနေ လွတ်လပ်ရေးရယူ လိုစိတ်တွေကို အစပျိုးပေးလိုက်တာပဲ''   ဆရာကြီး  ဦးတင်မောင်ထွန်း ပြောခဲ့သည်။

ဆရာကြီး ဦးတင်မောင်ထွန်းသည် ထိုအချိန်က   မြို့မကျောင်းအုပ် ဆရာကြီးဖြစ်သည်။ ယခု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဖြစ်သည်။

အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကျဉ်း

မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝရက် (၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်) နေ့တွင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများက  သပိတ်မှောက်ဆန့်ကျင်ခဲ့ရာမှ   စသည်။ မြန်မာနိုင်ငံ၌ ၁၉၂ဝ ပြည့်နှစ်အထိ တက္ကသိုလ်အဆင့် မရှိသေးပေ။ ရန်ကုန် ကောလိပ်နှင့် ဂျပ်ဆင် (ယခင် ယုဒသန်ကောလိပ်) ကောလိပ်သာရှိသည်။ ယင်းတို့မှာ   ကာလကတ္တားယူနီဗာစီတီ၏လက်အောက်ခံ   ကောလိပ် ကျောင်းခွဲမျှသာ ဖြစ်သည်။ ဝိုင်အမ်ဘီအေက မြန်မာပြည်တွင် ယူနီဗာစီတီ (တက္ကသိုလ်) သီးခြားရှိရမည်ဟု တိုက်တွန်းပြောဆိုခဲ့သည်။

ပညာမင်းကြီး မစ္စတာ မက်သယူးဟန်တား  ဦးစီးသည့် ယူနီဗာစီတီ အက်ဥပဒေရေးဆွဲရေး ကော်မတီတစ်ရပ်ကို ၁၉၁၈ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီသည် တက္ကသိုလ်ဥပဒေတစ်ရပ်ကိုရေးဆွဲပြီး ၁၉၂ဝ ပြည့်နှစ် စက်တင်ဘာလတွင်  ဥပဒေတင်သွင်းခဲ့သည်။ ယင်းနောက် ဥပဒေပြုကောင်စီက အတည်ပြုခဲ့သည်။ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဒုတိယဘုရင်ခံချုပ်ကလည်းကောင်း၊  အောက်တိုဘာလ  ၂၄  ရက်နေ့တွင် ဘုရင်ခံချုပ်ကလည်းကောင်း သဘောတူလိုက်သည်။ ဒီဇင်ဘာလ ၁ ရက်နေ့ တွင် အာဏာတည်ခဲ့သည်။

ထိုဥပဒေတွင် ယူနီဗာစီတီဟူ၍ မြန်မာနိုင်ငံတွင် ဤတစ်ကျောင်းသာ ရှိရမည်ဟုလည်းကောင်း၊  ယင်းယူနီဗာစီတီ၏အောက်တွင်လည်း ကောလိပ် တစ်ကျောင်းသာ ရှိရမည်ဟုလည်းကောင်း၊ ယင်းကောလိပ်နှင့် တက္ကသိုလ် တည်နေရာသည်လည်း   ရန်ကုန်တွင်သာ  ဖြစ်ရမည်ဟုလည်းကောင်း၊ သင်ကြားရမည့်သူများ၏ အရည်အချင်းများတွင် ကျောင်းအိပ် ကျောင်းစား များသာ  ဖြစ်စေရမည်ဟုလည်းကောင်း   ကန့်သတ်ချုပ်ချယ်ချက်ပေါင်း များစွာပါဝင်နေသော အက်ဥပဒေ ဖြစ်သည်။

ယင်းယူနီဗာစီတီအက်ဥပဒေသည် ငွေကုန်ကြေးကျခံနိုင်သော မြေရှင်၊ ဓနရှင် လူတန်းစားနှင့် ဗျူရိုကရက် အရာရှိကြီးတို့၏ အနွယ်များမှတစ်ပါး သာမန်ပြည်သူတို့နှင့် မအပ်စပ်သောဥပဒေ ဖြစ်သည်။ ထို့ကြောင့်လည်း ဥပဒေကြမ်း ထွက်လာသည်နှင့်တစ်ပြိုင်နက်   ပြင်းထန်စွာ   ပြစ်တင်ဝေဖန် ကြသည်။ ကျောင်းသားမိဘများကလည်း မကျေမနပ် ဖြစ်လာကြသည်။ ၁၉၂ဝ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်ဥပဒေသည် အုပ်စိုးသူဗြိတိသျှတို့အကြိုက် ပုံစံမျိုးသာ
ဖြစ်သည်။ ယင်းတို့၏ ဗျူရိုကရေစီယန္တရား လည်ပတ်နိုင်ရေးအတွက် ဖြစ်သည်။  မြန်မာတို့က ထိုပညာရေးကို ကျွန်ပညာရေးဟု ခေါ်ဆိုကြသည်။

၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထိုယူနီဗာစီတီအက်ဥပဒေ နှင့်အညီ ရန်ကုန်ကောလိပ်အား ယူနီဗာစီတီအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်တော့ မည်ဟု ဘုရင်ခံက ကြေညာသည်။ (နောက်တွင် ကျောင်းသားသပိတ်ကြောင့် မူလကြေညာထားသော   ယူနီဗာစီတီဖွင့်ပွဲကို  ဘုရင်ခံသည်  ရက်ပြောင်း၍ ဒီဇင်ဘာလ ၇ ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့သည်) ရန်ကုန်ကောလိပ်မှ ကျောင်းသား ကြီးများသည်   ရန်ကုန်တက္ကသိုလ်ဥပဒေပျက်စီးရန်၊   ရန်ကုန်တက္ကသိုလ် မဖွင့်လှစ်နိုင်ရန် တိုင်ပင်ကြသည်။ ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ်  ၈ ရက် (၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်)နေ့လယ်တွင် ရန်ကုန်ကောလိပ်မှ ကျောင်းသားကြီး ၁၁ ဦးတို့သည် ရွှေတိဂုံအနောက်တောင်ထောင့် (စနေ ထောင့်)တွင် သပိတ်မှောက်ရေး လျှို့ဝှက်ဆွေးနွေးခဲ့သည်။

ထိုကျောင်းသား ၁၁ ဦးမှာ ကိုဘရှင်၊ ကိုညီိပိတ်၊ ကိုဖိုးကွန်း၊ ကိုအေး၊ ကိုလှတင်၊ ကိုဖေသိန်း၊ ကိုထွန်းဝင်း၊ ကိုဘရှင်၊ ကိုဘခင်၊ ကိုအောင်ဒင်၊ ကိုဘဦးတို့ ဖြစ်သည်။ (ယခုအခါ ထိုနေရာတွင် အထိမ်းအမှတ်ကျောက်စာ တိုင် စိုက်ထူထားသည်)။ အမိနိုင်ငံ၏ ဂုဏ်သိက္ခာကို ကယ်တင်နိုင်ရေးအတွက် ကောလိပ်ကျောင်းများကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။   ဒီဇင်ဘာလ ၄ ရက်နေ့တွင်  ရန်ကုန်ကောလိပ်နှင့်  ယုဒသန်ကောလိပ်  ကောလိပ်နှစ်ခုမှ ကျောင်းသား ၆ဝဝ ခန့် စည်းဝေးကြသည်။

အစည်းအဝေးတွင် ဆုံးဖြတ်ချက် သုံးခုချမှတ်ခဲ့သည်။ (၁) ၁၉၂ဝ ပြည့် နှစ် ဒီဇင်ဘာလ ၇ ရက် (အင်္ဂါနေ့)တွင်   မြန်မာနိုင်ငံ   ဒုတိယဘုရင်ခံချုပ် ရန်ကုန်ကောလိပ်ကျောင်းသို့လာရောက်ပြီး ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်ကြောင်း ကြေညာသောအခါ ကျောင်းသားကြီးများသည် မိမိတို့စာအုပ်များကိုပိုက်၍ ရန်ကုန်တက္ကသိုလ်ကို သပိတ်မှောက်ပြီ  ဟုအော်ဟစ်ကာ ကျောင်းများမှ ထွက်လာရန်၊ (၂) သပိတ်မှောက်ပြီးမှ  ထိုရန်ကုန်တက္ကသိုလ်ဥပဒေသည် မြန်မာများ အထက်တန်းပညာသင်ကြားရေးအတွက် နစ်နာအောင် ချုပ်ချယ် သည့်ဥပဒေသများဖြစ်၍ ယင်းတို့ကိုပြုပြင်ပေးရန် အင်္ဂလိပ်ဗျူရိုကရက်အစိုးရ သို့ အရေးဆိုရန်နှင့် (၃) ပြုပြင်ပေးရန် တောင်းဆိုသောအချက်များကို ပြုပြင် ၍ မပေးသမျှကာလပတ်လုံး ကျောင်းပြန်၍မတက်ရန်တို့ ဖြစ်သည်။

သပိတ်မှောက်ကိစ္စနှင့်ပတ်သက်ပြီး ကိစ္စအဝဝကို ဆောင်ရွက်သွားရန် ၂၆ ဦး ကော်မတီကို  ဖွဲ့စည်းခဲ့သည်။ ယူနီဗာစီတီအက်ဥပဒေ ပျက်စီးပါစေ၊ ဆာရယ်ဂျီနယ်ကရက်ဒေါက် ပြန်သွား ဆိုသည့် လှုံ့ဆော်စာများဖြန့်ဝေခဲ့သည်။ ကျောင်းသားများ ကျောင်းပြန်မတက်ရေး၊ စည်းလုံးညီညွတ်ရေးတရားများကို ကျောင်းသားခေါင်းဆောင်များက ဟောကြားကြသည်။

ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကောလိပ်နှစ်ခုတွင် ကျောင်းသားများ  မရှိသလောက်   နည်းပါးသွားခဲ့သည်။  သပိတ်မှောက်လှုပ်ရှားမှုသည် အောင်မြင်ခဲ့သည်။ သပိတ်မှောက်ကောင်စီသည် ဒီဇင်ဘာလ ၈ ရက်နေ့တွင် တိုင်းပြည်သို့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

''ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်ရှိ ကျွန်တော်တို့ ကျောင်းသား အားလုံးတို့သည် အဆုံး၌ ဘယ်လိုဖြစ်မည်ကို သေချာမသိသေးရသေးသော ကိစ္စတစ်ခုကို စတင်၍ ပြုလုပ်ကြပါသည်။ သို့ရာတွင် ကျွန်တော်တို့သည် တရားနည်းလမ်း မှန်ကန်ကြောင်းကို ကောင်းမွန်ခိုင်မြဲစွာ သိရှိပါသည်။ ကျွန်တော်တို့သည်   တစ်တိုင်းပြည်လုံး  ကျွန်တွင်းက  မည်သည့်အခါမှ မလွတ်ကင်းမည့် ဗျူရိုကရက်တို့၏ သိပ္ပံကျောင်းဥပဒေကို ထုချေဖျက်ဆီးရန် အကြံရှိပါသည်။  ကျွန်တော်တို့သည်  တိုင်းသူပြည်သားတို့၏  စိတ်အား ထက်သန်သော အကူအညီအားဖြင့် လူငယ်များတို့က ခုခံဖြိုဖျက်ခြင်းမှတစ်ပါး အခြားသောနည်းဖြင့် တိုင်းပြည်ကို ကယ်ဆယ်ဖို့ရာ နည်းလမ်းမရှိပြီဟု ယုံကြည်ပါ၏။ ကျွန်တော်တို့သည် မြန်မာနိုင်ငံရှိ လူအများစုတို့၏ အဆီ အနှစ်ဖြင့်ပြည့်စုံသော ကျောင်းသားများဖြစ်မည်ကို ရည်သန်၍ ကူညီ စောင်မဖို့ရာ တောင်းပန်ပြောကြားပါသည်။ ကျွန်တော်တို့စိတ်ထဲ၌ စွဲမြဲစွာ ယုံကြည်သော ဤလုပ်ငန်းကြီးသည် တိုင်းပြည်၌ လိုအပ်သောအချက်ကြီး တစ်ခုကို ထုတ်ဖော်ပြောဆိုခြင်းပင်မည်ပါသည်။ (ဤကား အခြားမဟုတ် အမျိုးသားသိပ္ပံကျောင်းကြီးပေတည်း)  ထိုကျောင်းကြီးမှာ မြန်မာနိုင်ငံ၏ သားသမီးများနှင့်သင့်လျော်သော  ပညာရပ်များကို   ရနိုင်ပေရာသည်။ အိန္ဒိယနိုင်ငံ၌ အမျိုးသားကျောင်းတွေ အလိုအလျောက် ပေါ်လာကြပေရာ မြန်မာနိုင်ငံကလည်း နောက်မကျရအောင် မြန်မာတို့သည် နိုင်ငံသားစစ်၍   ချစ်ခဲ့ပါလျှင် ဘယ်နံရောအခါမျှ မတည်ထောင်နိုင်ဘဲ ရှိလိမ့်မည်မဟုတ်ပါ။ စိတ်ပါလက်ပါလုပ်လျှင် မုချဖြစ်ပါလိမ့်မည်။''

ထိုကြေညာချက်ထုတ်ပြန်ပြီးနောက် ကျောင်းသားခေါင်းဆောင်များ သည် သပိတ်မှောက်ကျောင်းသားများအတွင်း စည်းကမ်းထိန်းသိမ်းရေး၊ ပြည်သူပြည်သားများထံမှ ထောက်ခံအားပေးမှုရယူရေး အစရှိသည့် လုပ်ငန်း များကို လုပ်ကိုင်ကြသည်။

ဤသို့ဖြင့် ရန်ကုန်မြို့ပေါ်ရှိ ကျောင်းများအားလုံးသည်လည်း  သပိတ် မှောက်ကြလေသည်။ ရန်ကုန်တက္ကသိုလ်သပိတ်သည် ရန်ကုန်ကျောင်းပေါင်းစုံ ပါဝင်သော သပိတ်အထိ ကျယ်ပြန့်လာခဲ့သည်။

ဗြိတိသျှကိုလိုနီပညာရေးလက်အောက်တွင်    တက္ကသိုလ်ပညာ၏ အမြင့်ဆုံးအတန်းဖြစ်သော ဘီအေ၊ ဘီအက်စ်စီ၊ နောက်ဆုံးတန်းမှ မူလတန်း အထိဖြစ်သော ကျောင်းသား ကျောင်းသူများပါဝင်သည့် သပိတ်အဖြစ် လှုပ်ရှားပေါ်ပေါက်လာခဲ့သည်။    ထိုမှ    မြန်မာတစ်နိုင်ငံလုံးသို့    ပျံ့နှံ့သွား ခဲ့သည်။

မန္တလေးကျောင်းသားများသပိတ်က ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် စတင်သည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ ၁ဝ ရက်တာကာလအတွင်း မန္တလေး၊ မော်လမြိုင်၊ ပြည်၊ ပုသိမ်၊ ပဲခူး၊ လက်ပံတန်း၊ သာယာဝတီ၊ ညောင်တုန်း၊ သထုံ၊ ပျဉ်းမနား၊ စစ်ကိုင်း၊ ရွှေတောင်၊ မြင်းခြံ၊ ဟင်္သာတ၊ သုံးခွ၊ မင်းဘူး၊ မြန်အောင်မြို့တို့သို့ သပိတ်ကူးစက်သွားပြီး ကျောင်းပေါင်း ၄၄ ကျောင်း သပိတ်မှောက်ခဲ့ကြသည်။

ယူနီဗာစီတီဥပဒေများသည် အမျိုးသားအပေါင်းတို့အား သခင်ဖြစ်ရန် ပညာမျိုးမဟုတ်။ ''ကျွန်''ဖြစ်ရန် ပညာဟု ယုံကြည်ကြသောကြောင့် သပိတ် မှောက်ခြင်းဖြစ်သည်ဟု မိဘပြည်သူများကို ရှင်းပြခဲ့သည်။

ထိုကျောင်းသားလှုပ်ရှားမှုသပိတ်အရေးတော်ပုံသည် တစ်မျိုးသားလုံး ၏ အရေးတော်ပုံကြီးအဖြစ် တစ်ဟုန်ထိုးကြီးထွားလာခဲ့သည်။ ပြည်သူလူထု၏ အြုံ<ွကမှုအရေးတော်ပုံကြီး ဖြစ်လာခဲ့သည်။

ဗြိတိသျှဗျူရိုကရက် ကိုလိုနီဆန့်ကျင်ရေး အမျိုးသားလှုပ်ရှားမှုကြီးအထိ ကျယ်ပြန့်နက်ရှိုင်းစွာ ဖြစ်ပေါ်လာခဲ့သည်။ ထိုအရေးတော်ပုံသည် မြန်မာနိုင်ငံ သူ့ကျွန်ဘဝသို့ကျရောက်ပြီးနောက်  ပထမဆုံးသော အကြမ်းမဖက်သော ကိုလိုနီဆန့်ကျင်ရေးအမျိုးသားလှုပ်ရှားမှုကြီး စတင်ပေါ်ထွန်းခဲ့ခြင်းဖြစ်သည်။ ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးခံစားနေရသော     ပြည်သူပြည်သားတို့အား အမျိုးသားရေးစိတ်ဓာတ်များ  နိုးကြားလာစေခဲ့သည်။   ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ်ကျောင်းသားသပိတ်သည် အမျိုးသားပညာရေးလှုပ်ရှားမှုတစ်ခု ဖြစ်ခဲ့သည်။ ပညာရေးအဆင်မပြေမှုကို အခြေခံခဲ့သော်လည်း တစ်မျိုးသားလုံး နှင့်သက်ဆိုင်သော အမျိုးသားလှုပ်ရှားမှုအဆင့်အထိ ပြောင်းလဲသွားခဲ့သည်။

၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလမှ ၁၉၂၁ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာတစ်နိုင်ငံလုံးတွင် အမျိုးသားကျောင်းများ တည်ထောင်ခဲ့ကြသည်။ အမျိုးသားကျောင်းများ  တည်ထောင်ခဲ့ကြပြီးနောက်  ထိုကျောင်းများမှ အောင်မြင်လာသည့် ကျောင်းသားများ ဆက်လက်ပညာသင်နိုင်ရေးအတွက် အမျိုးသားကောလိပ်ကို တည်ထောင်ဖွင့်လှစ်ရန် ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ကပြုလုပ်သည့် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

၁၉၂၁ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့တွင်  ရန်ကုန်မြို့  ဗဟန်းရပ် ရွှေကျင်ကျောင်းတိုက်ကြီးအတွင်းတွင် အမျိုးသားကောလိပ်ကို ဖွင့်လှစ် ခဲ့သည်။

အမျိုးသားပညာရေးကောင်စီဟုလည်း ပေါ်ပေါက်လာကာ   မြန်မာနိုင်ငံ တစ်ဝန်းလုံး၌  အမျိုးသားကျောင်းများ အများအပြား ပေါ်ထွက်လာခဲ့သည်။

အမျိုးသားအောင်ပွဲနေ့သတ်မှတ်ခြင်း

၁၉၂၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်မှောက်ကျောင်းသားများ၏ ကွန်ဖရင့်က ရန်ကုန်တက္ကသိုလ်ဥပဒေကို ကျောင်းသားများ သပိတ်မှောက်သော တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် နေ့ကို အမှတ်တရဂုဏ်ပြုသည့်အနေဖြင့်  ကျောင်းများပိတ်ပေးရန် အမျိုးသား ပညာရေးအဖွဲ့ချုပ်ထံတင်ပြရန် အတည်ပြုခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် မန္တလေး၌ကျင်းပသော  နဝမအကြိမ်မြောက်  ဂျီစီဘီအေကွန်ဖရင့်က အမျိုးသားနေ့ သတ်မှတ်နိုင်ရေးကို စတင်ဆွေးနွေးခဲ့သည်။ သီပေါမင်း နန်းကျသည့် ပါတော်မူနေ့၊ ဦးဥတ္တမထောင်ကျသောနေ့၊   ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို သပိတ်မှောက်သည့်နေ့ တစ်နေ့နေ့ကို အမျိုးသားအောင်ပွဲနေ့ အဖြစ် သတ်မှတ်ရန် အကြမ်းသဘောတူကြသည်။

ထို့နောက်   ၁၉၂၂  ခုနှစ်  ဇွန်လ  ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ကျင်းပသော ဂျီစီဘီအေအသင်းချုပ်ကြီးကွန်ဖရင့်က ၁၉၂ဝ ပြည့် ရန်ကုန်တက္ကသိုလ်ဥပဒေကို ကျောင်းသားများ သပိတ်မှောက်သော တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့ဟု သတ်မှတ် ကြောင်း ဆုံးဖြတ်ခဲ့သည်။ ထိုနေ့သည် ဗြိတိသျှအစိုးရကို  တော်လှန်သောနေ့၊ ရန်ကုန်တက္ကသိုလ်ဥပဒေကို  သပိတ်မှောက်သည့်နေ့၊ အမျိုးသားတော်လှန်ရေး စတင်သည့်နေ့ဖြစ်ခြင်းတို့ကြောင့်  အမျိုးသားအောင်ပွဲနေ့အဖြစ်  တညီ  တညွတ်တည်း ဆုံးဖြတ်အတည်ပြုခဲ့ကြခြင်းဖြစ်သည်။

ရက်သတ်မှတ်ရာတွင်ပင်  အမျိုးသားအောင်ပွဲနေ့၏   အဓိပ္ပာယ် ပြည့်စုံပေါ်လွင်ပီပြင်စေရန် တက္ကသိုလ်ဥပဒေကို သပိတ်မှောက်သော    အင်္ဂလိပ်ရက်ဖြစ်သည့်   ဒီဇင်ဘာလ  ၅  ရက်နေ့ဟု မသတ်မှတ်ဘဲ မြန်မာရက် ဖြစ်သော တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ဟု တမင်သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြင့် အမျိုးသားရေးလက္ခဏာသည် ပို၍ပေါ်လွင်ထင်ရှား စေခဲ့သည်။

အမျိုးသားအောင်ပွဲနေ့ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့တွင်   ကျင်းပပြုလုပ်လေ့ရှိသည်။    တို့ဗမာအစည်းအရုံးကာလတွင် ကျင်းပသည့် အမျိုးသားအောင်ပွဲနေ့သည် လူသိများလာခဲ့သည်။  ''ကျွန်တော် တို့ လွတ်လပ်ရေးရတာဟာ ဒီနေ့ကြောင့်ပဲ''ဟု   ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့သည်။  မြန်မာနိုင်ငံတွင်  နှစ်စဉ်မပြတ်  ကျင်းပလာခဲ့သော အမျိုးသားအောင်ပွဲနေ့သည် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင်  ၉၈  နှစ်ပြည့်ပြီ။   နောက်လာမည့် နှစ်နှစ်အကြာ ၂ဝ၂ဝ ပြည့်နှစ်တွင် နှစ် ၁ဝဝ  ပြည့်တော့မည်။

ဆိုရသော် လွန်ခဲ့သော  ၉၈ နှစ်၊ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ (၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်)။ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို  တက္ကသိုလ်ကျောင်းသားများက  သပိတ်မှောက်ဆန့်ကျင်ခဲ့ရာမှ အမျိုးသားလှုပ်ရှားမှုမှသည် လွတ်လပ်ရေးရယူ လိုစိတ်များ  မွေးဖွားပေးလိုက်သည့်  မြန်မာတစ်မျိုးသားလုံးနှင့်ဆိုင်သည့် အမျိုးသားအောင်ပွဲနေ့ပင် ဖြစ်ပေတော့သည်။

ကိုးကား 
၁။ မြန်မာနိုင်ငံသမိုင်း
၂။ အမျိုးသားနေ့နှင့် အမျိုးသားပညာရေးလှုပ်ရှားမှုသမိုင်း (အမျိုးသားနေ့ ရွှေရတုသဘင်အထူးထုတ်)

ကျော်စွာမင်း

No comments:

Post a Comment