Latest News

Thursday, November 29, 2018

ငြိမ်းချမ်းရေးက မငြိမ်းချမ်းသေးဘူး _ မောင်အောင်ပွင့်



သမီးဆယ်တန်းအောင်တော့
အဖေကြီးသမီးအနားမှာမရှိဘူး
သမီးဘွဲ့ရတော့
အဖေကြီးသမီးအနားမှာမရှိဘူး
သမီးလက်ထပ်မင်္ဂလာပွဲမှာ
အဖေကြီးသမီးအနားမှာမရှိဘူး
သမီးသားဦးလေးမွေးတော့လည်း
အဖေကြီးသမီးအနားမှာမရှိဘူး
သမီးရေ . . .
ငြိမ်းချမ်းရေးကိုသွားပြော ။

အမေပျောက်ကိုအဖေရှာ
အဖေပျောက်ကိုကျနော်ရှာ
ကျနော်ပျောက်ကိုအဖေရှာ
သံသရာလည်တဲ့ နှစ်ပေါင်း ၆၀ ကျော်
အခုလည်းပဲ ဝဲလည်နေဆဲပါအဖေတဲ့
သားရေ . . .
ငြိမ်းချမ်းရေးကိုသွားပြော ။

အိမ်ထောင်သက် အနှစ် ၄၀ မှာ
(မြို့ပြေးတိုင်းပြေး အပါအဝင်)
သက်တမ်းတစ်ဝက်နီးပါး
အတူမနေကြရဘူးတဲ့
တောင်ဇလပ်ဖြူရေ . . .
ငြိမ်းချမ်းရေးကိုသွားပြော ။

မောင်သွားပြောလည်းမောင်ပြောပဲ
မယ်သွားပြောလည်းမယ်ပြောပဲ
ငြိမ်းချမ်းရေးကမငြိမ်းချမ်းသေးဘူး ။

ငြိမ်းချမ်းရေးကမငြိမ်းချမ်းသေးလို့
ပြည်တွင်းစစ်ကြီးရေရပ်ပါတော့ ။
စောဖိုးခွါးတို့ရဲ့ သီချင်းစာသား
တပ်တပ်ကြားစေချင်လွန်းလို့
ပြည်တွင်းစစ်ကြီးရေရပ်ပါတော့
ပြည်တွင်းစစ်ကြီးရေရပ်ပါတော့
ပြည်တွင်းစစ်ကြီးရေရပ်ပါတော့ ။ ။

မောင်အောင်ပွင့်

No comments:

Post a Comment