Latest News

Thursday, November 29, 2018

ငြိမ်းချမ်းရေးညစာ အတူစားကြမယ်


ဒီနေ့ ဖဘကို ဖွင့်တော့ ဦးအောင်ပွင့် ဆုံးတယ်ဆိုတာ ဖတ်ရတယ်။ ကျမဘဝတလျှောက်လုံး ဆုံဆည်းခဲ့ရတဲ့အထဲမှာ မိသားစုလို ဂရုစိုက်ပြီး လက်တွဲခေါ်ယူ ဆိုဆုံးမစကားတွေဆိုခဲ့သူပါ။ သူပေးခဲ့တဲ့ ကလောင်နာမည်က ကြည်ခင်မ တဲ့။ အဲဒီကလောင်နာမည်နဲ့ ၁၉၉၅ ခုနှစ်က ရုပ်ရှင်တေးကဗျာမှာ ၂လဆက်တိုက် ကဗျာ ၂ပုဒ်ပါခဲ့ဖူးတယ်။

နောက် စစ်အစိုးရဆန့်ကျင်ရေးတွေမှာလဲ နီးနီးကပ်ကပ်။ ရန်ကုန်မှာ ကျမပြေးထွက်ခိုလှုံချိန်မှာလဲ အလုပ်ရအောင် ကအစ ကူညီခဲ့တယ်။ လက်ရှိ မီဒီယာမှာ လုပ်ဖို့ အစဦးဆုံး ဗွီဒီယိုကင်မရာ ကိုင်ဖို့ ထိ ဖြစ်လာအောင် လမ်းပြပေးခဲ့သူပါ။

ကျမ မီဒီယာလုပ်နေတော့ သူက ၀မ်းသာကြည်နူးလို့တဲ့။ တခါတလေကျမ ညည်းမိရင် ဒီအလုပ်က နင့်အတွက် ယုံကြည်မှုနဲ့ တွဲပြီး လုပ်လို့ရတဲ့ အကောင်းဆုံး အလုပ်ပါတဲ့။ မီဒီယာမှာ ကိုယ့်လူတွေ ရှိဖို့ လိုတယ်တဲ့။ ထွက်ဖို့ စဉ်းတောင်မစဉ်းစားပါနဲ့လို့ ဆုံးမစကားဆိုခဲ့တယ်။

ဖဘပေါ်မှာ နိုင်ငံရေးတွေရေးတုန်းက နင့်လေသံတွေ မာလိုက်တာ လျှော့ပါ ပျော့ပျော့ပြောင်းပြောင်းပြောပါတဲ့။ အားမရတာကတော့ အနည်းနဲ့အများပဲ ကွာပါတယ်။ သိပ်ပြီး မျှော်လင့်ရင် သိပ်ပြီးအားမရဖြစ်တာပေါ့တဲ့။ တကယ့်ကို ငြိမ်းချမ်းရေးစကားဆိုခဲ့တယ်။

သူ့သား သူ့သမီးတွေကို ကျမဆီ ယုံယုံကြည်ကြည်အပ်နှံခဲ့။ ကျမ လွိုင်ကော်က ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ နယ်မြေမှာ နေထိုင်တော့လဲ သူ့သားကို ကျမအမျိုးသားဆီမှာပဲ တော်လှန်ရေးရဲဘော်အဖြစ် အပ်နှံခဲ့ပါတယ်။

ဦးအောင်ပွင့်ရဲ့ သားအကြီး မောင်ကြီးငြိမ်းချမ်းဟာ အဲ့ဒီကတည်းက ကျမနဲ့ကိုမင်းဇော်ရဲ့ သားလို စောင့်ရှောက်ခဲ့ရသူပါ။ ကျမကို အန်တီလို့ ခေါ်ခဲ့ပြီး မဟုတ်မခံ ဇတ်ဇတ်ကြဲ သူ့ပြသနာမှန်သမျှ ကျမက ဒိုင်ခံဖြေရှင်းခဲ့သူဆိုပါတော့။

သမီးလုံမငြိမ်းချမ်း ၁၀တန်းအောင်ပြီးချိန်မှာလဲ ဆိုင်ထွက်ရင်း တချောင်းထိုး နှစ်ချောင်းထိုး တွေ ထိုးနေတတ်တဲ့ ကျမဆီ ယုံကြည်စွာ လာအပ်ခဲ့သေးတယ်။ မိန်းမတို့ တပ်အပ်တဲ့ ပညာတွေ သင်ပေးပါတဲ့။

သူနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရ တခုရှိသေးတယ်။ အဖမ်းမခံရခင် နောက်ဆုံးအခေါက် လွိုင်ကော်ရုံးကို ငှက်ဖျား ဖြစ်နေရင်း ရောက်လာတယ်။ ဘာမှမစားချင်အောင် အစားပျက်နေပြီး အိပ်ယာပေါ် လဲနေတဲ့ သူ့ကို ကျမက ခံတွင်းလိုက်အောင် လုပ်ပေးမယ်လို့ ပြောပြီး ထိုင်းကလာတဲ့ လိမ်မော်ရည်ဖျော်တဲ့ အမှုန့် (TANCHO တံဆိပ်လို့ ထင်တာပဲ)ကို ဖျော်တိုက်တယ်။ လွိုင်ကော်ဆိုတော့ ရာသီဥတုက အေးနေတဲ့ မြို့ကလေး။ မနက်စောစော လိမ်မော်ရေး အေးအေးလေး သောက်ပြီး သူက လန်းဆန်းလာတယ်။ နောက်ဆို သူနေမကောင်းတိုင်း ကြည်ကြည်ခင်တိုက်တဲ့ လိမ်မော်ရည်ကို တမ်းတမ်းတတပြောတတ်တယ်တဲ့။

ကျမ မင်္ဂလာဆောင်ကို သူလာတက်ခဲ့သလို ကျမ ကလေးတလခွဲနဲ့ ပုသိမ်ကို ပြန်တော့လဲ အိမ်အရောက်လာကြည့်ခဲ့တယ်။ ကလေးလေး ချီထားတဲ့ ကျမကို ကြည့်ပြီး အသက်ငယ်ငယ်နဲ့ လောကဓံတွေက ကြမ်းလွန်းပါတယ်လို့ ညည်းတွားမှတ်ချက်ပြုတယ်။ ကျမ အဖမ်းခံရတော့ ကလေးကို လာကြည့်ကြ၊ အမေထောင်ထဲ ၀င်နေလို့ နို့ဗူးတိုက်ဖို့ ကြိုးစားကြတဲ့ ရဲဘော်မိတ်ဆွေတွေထဲ ဦးအောင်ပွင့် ပါတယ်။

နောက်တော့ ကျမကို ကလေးကြီးလာရင် မင်းဇော်နောက်ကို ငါလိုက်ပို့ပါ့မယ်တဲ့။ မိခင်ပျောက်ရှာခဲ့တဲ့ သူမို့ မိသားစု ခွဲခွာနေရတဲ့ အဖြစ်ကို သူက မခံစားနိုင်ဘူး။ ကလေးဆိုတာ မိဘနဲ့ အတူရှိသင့်တာ ဒါသူ့အခွင့်အရေးလို့ ပြောဖူးတယ်။ နင်တို့သားအမိကို ငါကိုယ်တိုင်လိုက်ပို့မယ်လို့ ပြောပြီး သိပ်မကြာဘူး အဖမ်းခံရတယ်။ ထောင်နှစ်ရှည်ကျခဲ့တယ်။ စစ်ကြောရေးမှာ ကျမတို့နဲ့ ပတ်သက်ဆက်နွယ်မှုတွေ လုံးဝမထွက်ဆိုခဲ့တဲ့အတွက် ကျမ အဖမ်းမခံခဲ့ရဘူး။ အဲ့ဒီအချိန်က အတော်များများ အဖမ်းခံခဲ့ရသူတွေရဲ့ နှုတ်လုံမှုက အံ့မခန်း။ သတင်းစာထဲ ငါတို့နာမည် ဘယ်နေ့ ပါမလဲ လို့ ရင်တထိတ်ထိတ်နဲ့ နေခဲ့ရတဲ့ ရက်တွေ လွန်မြောက်အောင် သူတို့ အားလုံး နှုတ်လုံခဲ့ကြတယ်။

ကျမသားကို ဖေထူးအံ့ လို့ နာမည်ပေးတယ်။ အဲဒီနာမည်မပေးခင်က ငြိမ်းချမ်းရေး ကို ချစ်တဲ့ ဦးအောင်ပွင့်က ပုညငြိမ်းချမ်း လို့ ပေးတယ်။ ယောက်ျားလေး နာမည်လေးလုံးမကြိုက်ဘူးဆိုတော့ ဖေထူးအံ့တဲ့ ။ အီဖေကိုယ်ထူးပေအံ့ လို့ စာချိုးနဲ့ လာပေးတာ။ ကျမကလဲ နည်းနည်းတော့ ပြင်လိုက်ရမှ ဆိုတဲ့ လူမျိုး။ ဖေက ရင့်တယ်လို့ ပိုင်ဆိုင်မှုတွေ ထူးပေအံ့ ဆိုပြီး ပိုင်ထူးအံ့လို့ နာမည်မှည့်လိုက်တာ ဒီနေ့ထိ အတည်ပဲ။

ဦးအောင်ပွင့် ထောင်ကလွတ်လာတော့ အင်တာဗျူးတွေမှာ အပြန်လမ်းမှာ မြင်ရတဲ့ ကောက်စိုက်သမတွေ အကြောင်းနဲ့ ဆက်စပ်ပြောသွားတာမျိုးတွေ နားထောင်ပြီး အင်မတန်တွေ့ချင်ခဲ့တယ်။

ကျမတို့ ပထမဆုံး မြန်မာပြည်ပြန်တော့ သူ့ဆီသွားလည်တယ်။ အဲ့အချိန်မှာ အခု ဖြစ်နေတဲ့ ပါကင်ဆွန်လိုစဖြစ်နေပြီ။ ကင်ဆာဖြစ်နေတဲ့ ကျမအဖေမဆုံးခင် သူကိုယ်တိုင် လာကြည့်သေးတယ်။ ဒီလိုနဲ့ ကျန်းမာရေး တစစလျော့ရဲလာတာပါပဲ။

အမနန်းအရင်ဆုံးသွားတော့ ဦးအောင်ပွင့်တော့ သိပ်ကြာမယ်မထင်ဘူးလို့။ သူက သူ့မိန်းမကို အရမ်းချစ်တာလို့ ပြောခဲ့သေးတယ်။ ပုသိမ်သွားတိုင်း သူ့ဆီဝင်ပြီး နိုင်ငံရေးနဲ့ ပတ်သက်ပြီး မကျေနပ်တာတွေ ကို ပြောဖြစ်တယ်။ ထုံးစံအတိုင်း သူကတော့ ပြုံးပြီး နားထောင်နေမယ် ပြီးရင် ပြေရာပြေကြောင်း ပြောမယ်။ ကျမကို ကဗျာတွေ စာတွေ ရေးဖို့ ပြောမယ်။

ဒီဘဝတော့ ဒီလောက်ပါပဲ။ ဆုံဆည်းဖို့ ရေစက်ပါခဲ့တဲ့ သက်တမ်းတလျှောက်မှာ ကျမက အကိုကြီးလို့ ခေါ်ခဲ့တယ်။ တကယ့်မိသားစုလို နေထိုင်ဆက်ဆံခဲ့ကြတယ်။ အေးအတူပူအမျှ ကျမတို့နဲ့ အတူလိုက်ပါခံစားတတ်တဲ့ အကိုကြီး ဦးအောင်ပွင့် အမနန်းနဲ့ ဆုံနေလောက်ပါပြီ။

ငြိမ်းချမ်းရေးညစာ အတူစားနေပြီထင်ရဲ့။
တနေ့တော့ကျမတို့လဲ ငြိမ်းချမ်းရေးညစာ အတူလာစားပါ့မယ်။
စောင့်ကြိုလင့်ပါ အကိုကြီး။

ချစ်ခင်ခြင်းများစွာနှင့်
ခင်မင်းဇော်

No comments:

Post a Comment

Blog Archive

Recent Post