Latest News

Thursday, November 29, 2018

အကျဉ်းထောင်အတွင်း ကျနော်ဖတ်ခဲ့ဖူးသော ကဗျာတပုဒ် ။(၁၃)


၁၉၉၄ မေနှင့် ဂျူလှိုင်လတွေမှာ အင်းစိန်သီးသန့် ထောင်ကနေ နိုင်ငံရေးအကျဉ်းသားတချို့ ကို နှစ်သုတ်ခွဲပြီးမှ နယ်ထောင်တွေကို ပြောင်းလိုက်သည်။ ထိုထောင်ပြောင်းနဲ့ အတူ အင်းစိန်ထောင်မကြီးက သီးသန့် ထောင်ကို ပြောင်းထားသော ရာဇ၀တ်လူဆိုး နှစ်ကြီးအကျဉ်းသားများပါ ပြောင်းရွေ့လိုက်သောကြောင့် သီးသန့် ထောင်အတွင်း ရှုပ်ထွေးနေသော အခြေများလဲ ရှင်းလင်းသွာတော့သည်။ ထောင်ပြောင်းရွေ့ ခံကြရသော နိုင်ငံရေးအကျဉ်းသားတွေထဲတွင် ဦးဇင်ဥူးဇ၀န၊ ဘိုးဘိုးကြီး(ထွန်မြင့်ထွေး)တို့  ပါသွားသဖြင့် အင်းစိန်သီးသန်ထောင် ကဗျာဥယျာဉ်စကားဝိုင်းအတွင်း သိသိသာသာ လူလျော့သွားသလို ဖြစ်ခဲ့ရသည်။ ခါတိုင်းဆို ဘိုးဘိုးကြီးတယောက် မျက်နှာသစ် ပါဝါလေး ပခုံးပေါ်တင်ပြီး သူအခန်းဖွင်တာနဲ့  အနောက်ဖက်ခြမ်းသို့ ပြေးလာတက်သည်။ ဦးဇင်းအခန်းမှာပဲဖြစ်ဖြစ်၊ ဦးကြည်တင်ဦးအခန်းမှာပဲဖြစ်ဖြစ် ၀ိုင်းစုစကားပြောသော တခန်းခန်းသို့ ရောက်လာပြီး သူရေးထားသော ကဗျာ၊ ၀တ္တုတို၊ သူ၏စိတ်ကူးစိတ်သန်းအသစ်များကို အားရပါရပြောဆိုနေကြဖြစ်သည်။ အခုတော့ ဦးဇင်းဥူးဇ၀နရော၊ သူလဲ ထောင်ပြောင်းပါသွားခဲ့ပြီးဖြစ်တာကြောင့် တိုက်ဆောင်(၂) အခန်း(၁၇) အခန်းထဲ မိန့် မိန့် ကြီးထိုင်းကာ စာပေအကြောင်း၊ ကဗျာအကြောင်း တွေကို ပြောနေသော ရွှေပြည်သာ စာသင်တိုက် ကျောင်းထိုင်ဘုန်းကြီး၊ အရှင်ဇ၀န(ကဗျာဆရာ-စိုမိုးသူ ဒိုက်ဦး)၏ အသံသြဇကောင်းကောင်း ပြုံးပြုံးနဲ့  ထောင်ဝင်စာပါသမျှ ချကျွေး ဧည့်ခံနေကြ လေထန်ကုန်းစာပေ ၀ိုင်းလဲ ပျောက်ကွယ်သွာပြီးဖြစ်သည်။ ဦးဇင်း၏ ဧည့်ခံကျွေးမွေး ရက်ရောပုံမှာလဲ သြချလောက်သည်။ သူအား မိသားစုနှင့် တပည့်တကာတော်များက အလှည့်ကျ ၁၄ ရက် တခါ ထောင်ဝင်စာလာတွေ့ ကြသည်။ သူကို လာတွေ့ ကြသူများက ထောင်ဝင်စာကို စုံနေအောင်ပါပြီး အထုတ်ကြီး အထုတ်ငယ်တို့ ဖြင့် လာတွေ့ ကြခြင်းဖြစ်သော်လည်း သူထောင်ဝင်စာထုတ်များက ၇ရက်ကျော်ရင် ကုန်သွားပြီးဖြစ်သည်။

ထောင်ဝင်စာ မလာကြသူများကိုလဲ ပေးကမ်း စွန့် ကျဲသည်။ အခန်းသို့ အလည်လာကြသောသူတိုင်းကို ဧည့်ခံကျွေးမွေးသည်။ ထောင်ဝင်စာကုန်ပြီဆိုရင် သူ၏ဘုန်းကြီးကျောင်းသို့  ထောင်ဝန်ထမ်းလွတ်ကာ စာသောက်စရာများကို သွားယူခိုင်းရသေးသည်။ ဆရာတော်က ထိုကျောင်း၏ ကျောင်းထိုင်ဘုန်းကြီးဖြစ်သောကြောင့် တကာ၊တကာမတို့ ကလဲ မညိုမငြင် ဘုန်းကြီး၏ လိုအပ်သမျှတို့ ကို ကူညီပံပိုးပေခဲ့ကြသည်။ အခုတော့ သူလဲမရှိ ၊ ဘိုးဘိုးကြီးလဲ မရှိကြတော့ပဲ ခြောက်ကပ်သွားတော့သည်။ အတော်ပျင်းစရာပင် ကောင်းသလို ဖြစ်ခဲ့ရပြန်သည်။ ဦးကြည်တင်ဦး၏ ကဗျာဥယျာဉ်တွင် ပုံမှန်ဆွေးနွေး ၀ိုင်းဖွဲသူက ကဗျာဆရာ အောင်ဂျမ်း၊ နေရိန်ကျော်တို့ သာ ဖြစ်တော့သည်။ ကျနော်နှင့် ရွှေကြီး(ခင်မောင်ရွှေ)တို့ က ရံဖန်ရံခါ သွားနာထောင်တက်ကြသည်။ ရဲရဲတောက်ကိုသိန်းအောင်က တခါတလေ သူကဗျာလေးများ လာရွတ်ပြတက်သည်။ ခါတိုင်းကဲ့သို့ အချိန်တိုအတွင်း ၀ိုင်းစုစကားပြောစရာလဲမလိုတော့ လူနည်းလာသဖြင့် အချိန်တိုးပြီးအောက်ဆင်းခွင့်ရကြသဖြင့်လဲ အခန်းတွင်း ၀ိုင်းဖွဲ့ စကားပြောခြင်းက ရံဖန်ရံခါ ၀ိုင်းဖွဲ့ ကြပြီး လမ်းလျှောက်စကားပြောရင်း စာအကြောင်း၊ပေအကြောင်း၊ နိုင်ငံရေးအကြောင်း၊ မိသာစုအကြောင်း အချိန်ပိုးများအတွင်း ပြောဖြစ်ကြတော့သည်။ ခါတိုင်းဆို အချိန်ပို ၁၀ မိနစ်၊ ၁၅ မိနစ်အတွင်း လူစုပြီး ထိုင်မည်ကြံယုံရှိသေးသည်၊ သော့ကိုင် ဘောက်ဆင်းး၏ ''''တက်မယ်။ အချိန်ပြည့်ပြီ'''''ဟုသော အသံကြာရသည်နှင့် လူစုခွဲပြီး ကိုယ်အခန်းကိုယ်ပြန်ခဲ့ကြရသည်။ အခုအခါ လူလဲနည်းသွားပြီး အချိန်ပို မိနစ်(၃၀)ကျော်ရကြသဖြင့် စကားဝိုင်းဖွဲ့ ပြောသည့်အခါပြော၊ လမ်းလျှောက်ပြောသည့်အခါပြောနဲ့  အကြောင်းအရားစုံလင်းအောင်ကို ပြောဖို့ အချိန်ရလာပြီးဖြစ်တော့သည်။ ထိုအခါမှ သူနဲ့ ကျနော်တို့ နှစ်ယောက် စကားအေးအေးဆေးဆေး ပြောခွင့် ရတော့သည်။

ကျနော်တို့ (၂)ယောက် အဆောင်ရှေ့  စိုက်ခင်းများ နှင့် ကင်မင်ချူးအိမ်သွားရာလမ်းကလေးပေါ်တွင် လမ်းလျှောက်စကားပြောရာတွင် တခါတလေ ရွှေကြီး(ခင်မောင်ရွှေ)၊ တခါတလေ ကိုကျော်သိုက်၊ တခါတလေဦးလေးဦးထွန်းမြင့်(ဗိုလ်ကျောက်)၊ ဦးသောင်းကြည်တို့ ပါ ပါကြသည်။ လမ်းအရှည် ပေ(၄၀)လောက်တွင် ခေါက်တုံ ခေါက်ပြန်လျှောက်ကြရင် ညှောင်လာသောအခါတွင် ရေချိုးကန်ဘေးရှိ ဇရပ်တဲထဲတွင် ထိုင်နားကြပြီး စကားဆက်ပြောကြပြန်သည်။ အချိန်စေ့မှသာ ကိုယ်အခန်းကိုယ်ပြန်တက်ကြတော့သည်။ သူနှဲ့ စကားပြောရသည့် အကြောင်းအရာကစုံလင်လှသည်။ သူက ဧရာဝတီတိုင်း ဇကာကြီးသားဖြစ်ပြီး ငယ်စဉ်အခါက ဇကာကြီးမှ ရန်ကုန်၊ ရန်ကုန်မှ ဇကာ ကို ခေါက်တုံခေါက်ပြန် သဘောင်္အသွားအပြန် စီးရသော ခရီးလမ်းကို သူအရမ်းပျော်ခဲ့ရပုံမှာအစ ဇကာကြီး ပဲကြော်ကောင်းကြောင်းနှင့် ထိုဇကာကြီးပဲကြော်ကို ဘယ်လိုကြော်ရကြောင်းများ မုန့် ဟင်းခါးကို ဇကာကြီးပဲကြော်နှင့် စားမည်ဆိုပါက တော်ယုံမုန့် ဟင်းခါးပင် လူကြိုက်များသွားရကြောင်းကို သူ့ဒေသအစွဲလန်းနှင့် သူမွေးဇာတိအပေါ် ဂုဏ်ယူစွာ သိုင်းဝိုင်းပြောဆိုတက်ပြန်သည်။ တခါတလေမှာ သူ့ ဇနီဒေါ်ရီဝေ၏ ထောင်ဝင်စာတွင်လဲ ဇကာကြီးပဲကြော်များပါလာတက်ပြီး ကျနော်တို့ အား ကျွေးရင်း ဇကာကြီးအရပ်၌ သူငယ်ဘ၀ကိုပြန်ပြောင်းသတိရ လွမ်းနေခဲ့ပြန်သည်။ သူက အရွယ်ရောက် ကာလသားပေါက်ဘ၀ သူကြီးပြင်ရာအရပ်တွေဖြစ်သည့် သမိုင်း၊ လှည်းတန်း၊ မြေနီဂုံတ၀ိုက် သူ၏ကျင်လည်ခဲ့ပုံများအကြောင်းရင်း မြေနီဂုံ၊ လှည်းတန်းတ၀ိုက်က မြင်းလှည်းတွေအကြောင်းကို အားရပါရပြောပြနေတက်ပြန်သည်။ ထိုတ၀ိုက် သူတို့ ခေတ်က လိုင်းကားများက အနည်းငယ်သာရှိပြီး နယ်အရပ်များကဲ့သို့  မြင်းလှည်းများပြေးဆွဲကြပုံနှင့် မြေနီဂုံအရပ်က လမ်းဘေးဈေးများ၊ ညဈေးများအကြောင်းစုံလင်လှသလို၊ မြင်းလှည်းသမားတွေနဲ့  ညငှက်မလေးများ၏ ဇာတ်လမ်းမျာပါမကျန်စေပဲ ငယ်ဘ၀၏ ပုံရိပ်တို့ ကို ပီပီပြင်ပြင် ပုံဖေါ်ပြောပြတက်သည်။

၁၉၆၂ ဇူလှိုင်(၇) သမဂ္ဂအဆောက်အဦးကြီးအား ဗုံးခွဲမခံရခင်အထိ ကျောင်းသားခေါင်ဆောင်တွေဖြစ်ကြသည့် ကိုသက်၊ ကိုညိုဝင်း၊ ကိုတင်မောင်ဝင်းတို့ နှင့်အတူ ခရိုင်ကျောင်းသားလေးဘ၀ လှုပ်ရှာခဲ့ပုံအစ စိုင်အောင်ဝင်း(ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုကော်မတီဖြစ်ခဲ့သူ)၊ မအီ(ကဗျာဆရာမ)၊ မစိမ်းပင်(ကဗျာဆရာမ) ဗမာပြည်ကွန်မြူနစ်ပါတီတောခိုသွားသူများနှင့် စာအကြောင်း၊ကဗျာအကြောင်း ဆွေးနွေးငြင်းခုံ၊ လှုပ်ရှာခဲ့သော ငယ်ဘ၀ပုံရိပ်မျာအကြောင်းတွေကို သူက တသသပြန်ပြောနေတက်သည်။ သူက သူ၏ငယ်ဘ၀ကို အတော်လေးခုံမင် မတ်မောသူတယောက်ဖြစ်သည်။ သူ၏ငယ်ဘ၀အကြောင်းများပြောနေချိန်တိုင်း သူ့ မျက်နှာတို့ က ကြည်လင်ဝင်းပ ရွှင်းလဲ့ပြီးနုပျိုနေတက်သည်။ သူတွင်ခံစားနေရသော သွေးတိုး၊နှလုံးရောဂါများကိုပင် မေ့ လျော့နေတက်ပြီး လက်ရှိခံနေရသော စစ်ကျွန်ခေတ် အကျဉ်းသားဘ၀ကိုပင် မေ့နေရောသလား ထင်မိရသည်။ သူငယ်စဉ်အခါက ကျောင်းသားဘ၀နဲ့ ထောင်ထဲရောက်ခဲ့သည်။ သူထောင်က လွတ်လာသောအခါ ထောက်လှမ်းရေးက သူ့ မိသာစုနေထိုင်ရာ ရပ်ကွက်ထိပ်တွင် ချပေးခဲ့၍ သူအားချန်ထားခဲ့ပြီး ထောက်လှမ်းရေးများထွက်သွားတဲ့အခါမှာ သူဘ၀အတွက် အရေးအကြီးဆုံး ကြင်ယာဖက်ဖြစ်လာမည့် ငယ်သူငယ်ချင်း မရီဝေ(ကဗျာဆရာမ)ကို စတွေ့ လိုက်ရပြီး သူရပ်ကွက်ထဲက ပျောက်သွားခဲ့ပြီး အခုပြန်တွေ့ ကြချိန်မှာ တယောက်ကိုတယောက် ပိုနှစ်သက်သွားကြရာမှ နောက်ပိုင်း ချစ်သူတွေ ဖြစ်ကာ အိမ်ထောင်သည်အဖြစ်ရောက်သွားခဲကြပြီး အခုထောင် တတိယအချိန်ကျချိန်မှာတော့  သားသမီး(၅)ယောက်ထွန်းကားခဲ့ပုံနှင့် သားဖြစ်သူကျော်ဇော၏ အကြောင်းများ ၊ အိမ်ထောင်သည်ဘ၀ စာအုပ်ဟောင်းရောင်းဝယ်သမားဘ၀နှင့်ရုန်ကန်လှုပ်ရှား ၀မ်စာရှာရပုံတို့ ကိုပါ မကျန်စေပဲ သူဘ၀၏ အတိတ်ခြေရာတို့ ကို သူလိုက်ကောက်နေတက်ပြန်သည်။

သူက စာအုပ်ဟောင်းရောင်းဝယ်ရေးသမား၊ ကဗျာဆရာဘ၀နဲ့  နယ်ထွက် စာအုပ်ဟောင်းရှာကြရင်း မိတ်ဆွေကောင်းများတွေခဲ့ရပုံ သူမိတ်ဆွေ စာပေသမားများရှိရာ ပျဉ်မနား၊ မန္တလေးမြိုးများသွားရောက်ပြီး စာပေး၊ကဗျာအကြောင်း ဆွေးနွေးခဲ့ပုံတွေက သူအတွက်တော့ အပျော်ဆုံး ခရီးများဖြစ်ပုံရသည်။ အင်းစိန်သီးသန့် ထောင်ရဲ့ စာပေစကားဝိုင်းတွေထဲတွင် ထိုမိတ်ဆွေများဖြစ်ကြသော ဇော်(ပျဉ်းမနား)၊ ဆရာအုန်းမြင့်လှိုင်(မန္တလေး)၊ မောင်ခိုင်မာ၊ မောင်ချောနွယ် ၊ အောင်ချိမ့် စသည့် ကဗျာဆရာများ၏ ကဗျားမျာအကြောင်း၊ ထိုသူများ၏ ဘ၀ဖြတ်သန်းပုံအပြင် စာပေဘ၀ဖြတ်သန်းပုံများပါ ပါအောင်ပြောတက်သည်။ ရံဖန်ရံခါ ထိုသူတို့ ၏ ကဗျာလေးများကို ရွတ်ပြတက်သေးသည်။ အစားကောင်းစာရချိန် မိတ်ဆွေကောင်းများကို သတိရနေတက်သော မိတ်ဆွေစစ်တို့၏ထုံစံအတိုင်း စကားဝိုင်းကောင်လျှင် မိမိ၏ မိတ်ေဆွရင်းများအကြောင်း ထည့်ပြောတက်ကြသော မိတ်ဆွေစစ်တို့ ၏ အလေ့အထကောင်းလေးလဲ သူတွင်တွေ့ ရသည်။ သူက လူချင်းခင်မင်ရင်းနှီးပေါင်းသင်း ဆက်ဆံခြင်းအပေါ် အတော်ကို အလေးထားပုံရသည်။ ကဗျာဆရာကိုချောနွယ်၊ ကဗျာဆရာကိုအောင်ချိမ့်တို့ ကို သူက အလွန်ခင်မင်ယုံမကာ သူတို့ ၏ ကဗျာမျာထဲက သူနှစ်သက်ရာ ကဗျာအစလေးများကိုပင် နုတ်မှ ရွတ်ဆိုပြတက်သေးသည်။

ထိပ်ပုတ်ခေါင်းပုတ်
ခလုတ်ပဲတိုက်တိုက်
လူမိုက်-ဒို့ ချင်းချင်းမို့ 
မာန်ကင်းတဲ့-ကျွန်ပ်။

လူလိမ္မာအသင်တို့ 
ယဉ်ကျေးပါ စကားလုံးကြီးတွေနဲ့ 
အထက်ဆီယူဆုံးရင်တော့
ဆံတပင် လေဟတ်လဲ
လူသတ်မဲ့ရုပ်။

အောင်ချိမ့်။

ကိုအောင်ချိမ့်၏ ထိုကဗျာလေးအား နုတ်မှရွတ်ပြကာ ကိုအောင်ချိမ့်၏ ဘ၀ရပ်တည်ပုံ အနေအထိုင် အပေါင်းအသင်းတို့ အပေါ်ထားသည့်စိတ်သဘောထား စသဖြင့် အကျယ်ချဲ့ပြောပြပြသေးသည်။

ကန်နာဗာရိုရေ----
မင်းအကောင်းဆုံး ကစားခဲ့ပေမဲ့
မင်း ဂိုးမရခဲ့ဘူး မဟုတ်လား
အေး---ငါတို့ လည်း မင်းလိုပဲ
ဂိုးမရခဲ့ကြဘူးလေ
သူတပါးရဲ့ ခြေကြိုခြေကြားက
ဘောလုံးတွေ
ငါတို့ တွေ ဖြစ်ခဲ့ကြလို့  နေမှာပေါ့ကွာ။

မောင်ချောနွယ်။

သူက ဆရာမောင်ချောနွယ်၏ ကဗျာတပိုဒ်ကို နုတ်မှရွတ်ပြရင်း တွေတွေဝေေ၀လေး စဉ်းစားနေပုံရသည်။ ကဗျာ၏ဒဿန အတိမ့်အနက်က လူတွေရဲ့ဘ၀တွေလိုပဲ အောင်မြင်သူတွေက ဟီရိုးဖြစ်သွားကြပြီး ရှုံးနိမ့်သူသူတို့ ၏ဘ၀များက သူများခြေကြိုခြေကြားက ဘောလုံးဘ၀မျိုး တဘ၀လုံး လှိမ့်ကန်ခံနေရခြင်းဆိုသော အနက်၏ သဘောကို သူစဉ်းစားနေပုံရတော့သည်။ ထိုနောက် သက်ပြင်းတချက် ခက်ပြင်းပြင်းလေချပြီးခါမှ ခပ်သောသော အရီလေးများဖြင့် ကိုယ်ယုံကြည်ရာကို ကိုယ်လုပ်ပြီး နှစ်သက်စရာအတွေများပြန်ဝင်လာပုံရသည်။ သူ၏ပင်ကိုယ်သဘောမှာလဲ ခပ်အေးအေးလေးနေတက်သလို စကားပြောရာမှာလဲ နုညံသိမ်မွေ့ လွန်သူတယောက်ဖြစ်သည်။ စကားပြောသည့်အခါတိုင်း အဓိပါယ်လေနက်သော စကာလုံးများကိုသာလျှင် ရွေးချယ်ကာ လေသံအေးအေးနှင့် သိမ်သိမ်မွေ့ မွေ့ ပြောဆိုတက်သော ကဗျာဆရာတယောက်ဖြစ်သည်။ မည်သူ၏ အယူအဆကိုမှ အကြောက်အကန် ငြင်းဆန်၍ ငြင်းခုံနေသူလဲမဟုတ် ငြိမ်းချမ်းစွာပင် လူလူချင်း ပေါင်းသင်းဆက်ဆံခြင်းကိုသာ အလေးထာသည်က သူ၏သဘာဝဖြစ်နေခဲ့သည်။

(ဆက်ရန်)

ထွန်းထွန်း(အရေးတော်ပုံတပ်သား)

၂၁-၁၁-၁၈

No comments:

Post a Comment