Latest News

Friday, November 30, 2018

မောင်အောင်ပွင့်(သို့)ဧရာဝတီတိုင်းရဲ့ငြိမ်းချမ်းရေးအလံတော်



#ဘယ်ဖက်ရင်အုံထဲ နှလုံးသား ရှိနေခဲ့တဲ့အမှု
#မျိုးဆွေသန်း

နေ့ခင်းကြီးမှာနိုးလာခဲ့ ချစ်သောကဗျာဆရာ ကိုတွေ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ရေးထားတဲ့ ကဗျာဆရာ ကိုအောင်ပွင့်အကြောင်းကိုကွန်မင့်အသစ်
တွေနဲ့တွေ့ရတော့ ကိုယ်တိုင်လည်း သတိရ၊ ပြောစရာတွေကလည်း ကိုပွင့်နဲ့က
များစွာ၊ ဒါ့ကြောင့် နောက်တစ်ခါ။

ကဗျာဆရာကိုအောင်ပွင့်က စစ်အစိုးရလက်ထက်မှာ အကြိမ်ကြိမ် အဖမ်းခံရပါတယ်။
ဘာအမှုလည်းဆိုတော့ ဘယ်ဖက်ရင်အုံထဲ နှလုံးသားရှိနေတဲ့အမှုတဲ့။

သူအခု ပုသိမ်မှာ အသက်ကြီးပြီ ထောင်ထဲအကြိမ်ကြိမ်ဆိုတော့လည်း လူက န ပြီပေါ့၊
နောက်ဆုံး သူ့စာဖတ်ထားမိတာ ပိတောက်ပွင့်သစ်မှာ ပါတဲ့စာပါ။
ကဗျာကခံနိုင်အားကြီးလွန်းတယ် တဲ့၊

ချောင်းသာကမ်းခြေမှာ တစ်ယောက်တည်း ထီးဆောင်းပြီး လမ်းလျောက်နေတဲ့ ပုံလေးနဲ့
ဖတ်ပြီးပြီးခြင်း မျက်ရည်ကျရတယ်၊ နူးညံ့သိမ်မွေ့လွန်တဲ့ လူတစ်ယောက်လို့ ကိုယ့်ကို
မေးရင် ဦးအောင်ပွင့်ပဲ၊ ကိုအောင်ပွင့်ပဲ၊ မောင်အောင်ပွင့်ဆိုတဲ့ကဗျာဆရာပဲ လို့ မဆိုင်း
မတွ ပြောနိုင်ပါတယ်၊ အဲဒီမောင်အောင်ပွင့်နဲ့ထောင်နဲ့ ဘယ်လိုမှဆက်စပ်လို့ ရမယ်
မထင်မိဘူး၊ အသက်ရှင်လျက် ပြန်ထွက်လာသေးတာ ကျေးဇူးတောင်တင်သေးရဲ့။

သူ ထောင်ထဲက အေးစက် သမံတလင်းတွေရဲ့ ဒဏ်ကို သေမလောက်ခံခဲ့ရတယ်
အဲဒီဒဏ်ကို သူခုခံခဲ့ပုံကို ရိုးရိုးလေး ရေးထားတာပါ၊ ကဗျာတွေရွတ်တယ်တဲ့၊
သူရွတ်တဲ့ကဗျာလေးတွေကိုလည်း ပြောပြထားပါတယ်၊ ကျွန်တော်ပြောမပြချင်ဘူး
အဲဒါ သူ့ဆီကပဲသိရမယ့် အကြောင်းအရာအသစ်ပါပဲ၊ ကြာလာတော့ သူကကဗျာတွေ
ရွတ်ရင်းနဲ့ အေးစက်နေ့ရက်တွေကို ကျော်လွှားနိုင်ခဲ့တယ်တဲ့။

ဟုတ်တယ် သူ့စာကိုဖတ်နေရင်း သူရွတ်တဲ့ ကဗျာလေးတွေကို လိုက်ဖတ်နေရင်း
ကိုအောင်ပွင့်ရဲ့ အေးစက်နေတဲ့ သာမိုမီတာမှာ အနီရောင် နွေးထွေးမှုလေးတဖြည်းဖြည်း
မြင့်တက်လာနေတာကို ကိုယ်တိုင် မြင်ယောင်ခံစားမိလာရမိပြီး တစ်ဖက်က သူနေထိုင်ခဲ့
ရတဲ့ အေးစက်နေ့ရက်တွေက သူ့ သက်သာလာမှုလေးကို ကိုယ့်စိတ်မှာပါ လုံခြုံလာပြီး
သူ့ကိုယ်စား စိတ်မှာ နွေးထွေးကျနပ်ခဲ့ရသေးတယ်။

ဦးအောင်ပွင့်က ကျွန်တော့်အဖေအရွယ်၊ ဦးလေးအရွယ်ပါ၊ ကဗျာရေးတော့ ကလောင်
နာမည်က မောင်အောင်ပွင့်ပါ၊ စာပေအသိုက်အဝန်းကကိုအောင်ပွင့်၊ မောင်အောင်ပွင့်၊
ဦးပွင့်၊ ကိုပွင့်တဲ့ခေါ်ကြတယ် သူ့မေတ္တာတရားကသူ့နာမည်ကို အများကခေါ်ကြပုံမှာကို
ပေါ်နေတယ်၊ ရန်ကုန်မြို့ပြ တိုက်ခေါင်မိုးတွေပေါ်က တီဗီအင်တင်နာတိုင်တွေ ခေတ်စား
ကာစ အချိန်က ကိုအောင်ပွင့်က အဲဒီ အင်တင်နာတိုင်တွေကြားကနေ မြင်တွေ့ရတဲ့
လမင်းကို ငါးရိုးနင်တဲ့ငွေလမင်းဆိုတဲ့ကဗျာလေးကို လူတွေကြိုက်နှစ်သက်ကြတယ်၊
လရောင်တွေကို တွင်းထဲ ကဲ့ကဲ့ပြီး ထည့်နေတဲ့ ပုရွက်ဆိပ်ကြီး မောင်အောင်ပွင့်ကို မှတ်မိ
နေကြတယ်၊

သူ ကျွန်တော့်ကိုပြောနေကြစကားရှိတယ်၊
မျိုးဆွေသန်းရယ် ငါ( ၂၂ )နှစ်မှာ အဖမ်းခံရတယ်၊ (၃၃) နှစ်မှာ အဖမ်းခံရတယ်၊
(၄၄) နှစ်မှာအဖမ်းခံရတယ်၊ အခု( ၅၅ ) ရောက်တော့ငါကြောက်ပြီကွာတဲ့။
မကြာပါဘူး အင်းဝက ကဗျာဆရာဦးကြည်အောင်နဲ့ အတူပါသွားတော့တာပါပဲ။
နောက်ထပ်ပါပြန်တယ်။ အင်းဝက ကဗျာဆရာ ဦးကြည်အောင်နဲ့ ဦးအောင်ပွင့် ဘာလို့
အဖမ်းခံရတာလည်း ကဗျာဆရာတွေမှာ ဘာအပြစ်ရှိလို့လည်း၊ အဲဒီကိစ္စဖြစ်ပျက်ပြီး
ဦးအောင်ပွင့် တံတားဦးကနေ ပြန်ရောက်ရောက်ခြင်း ကျွန်တော့်အိမ်ရောက်လာပါတယ်၊
သူက အဲဒီတုန်းက T&T လို့ ခေါ်တဲ့ ဝင်းတင်ဝင်း မီဒီယာမှာ ဒေါက်ခယူမန်ထရီခေါ်တဲ့
မှတ်တမ်းဗီဒီယိုတွေထုတ်လုပ်တဲ့မီဒီယာမှာ ပရောဒတ်ရှင်းမန်နေဂျာ လုပ်နေတယ်၊
Who's Who in Burma တို့ Ode de Ayeyarwady တို့က ဦးပွင့် ထုတ်လုပ်ခဲ့တာပေါ့၊
အများကြီးစောပါတယ်၊ ဗီဒီယို တိပ် တွေ ဘဝနဲ့ပေါ့၊ အဲဒီလိုအစီအစဉ်တွေထဲက တစ်ခု
အနေနဲ့ အင်းဝက ကဗျာဆရာဦးကြည်အောင်ကို ဗီဒီယိုမှတ်တမ်းသွားရိုက်တာပဲ။

ကိုပွင့် ပြန်ပြောပြပုံက ဟေ့ကောင်ရယ် ဦးကြည်အောင် လူပျိုကြီး တစ်ကိုယ်တည်း
ကဗျာဆရာ၊ ထမင်းချက်လည်း သူ၊ အဲဒါဈေးခြင်းတောင်းကြီးဆွဲပြီး ဈေးထဲသွားတာ
ငါက သူ့နောက်ကနေ ဗီဒီယိုလိုက်ရိုက်တာ အဖမ်းခံရတာပဲတဲ့၊ ကျွန်တော်က သူ့ကို
နောက်ချင်တာနဲ့ပဲ ကိုပွင့်ကလည်း စစ်အစိုးရအကဲတော့ ဆတ်ပါတယ်၊ ဒါပေမယ့်
ဈေးဝယ်တာ ဗီဒီယိုရိုက်ယုံနဲ့တော့ မဖမ်းလောက်ပါဘူး၊ ခင်ဗျားလျှို့ဝှက်အဖွဲ့အစည်း
တွေနဲ့ ဆက်သွယ် လို့နေမှာပါလို့ ပြောတော့ မင့်နှယ်ကြံကြံဖန်ဖန် ဘယ်ကလာ
လျှို့ဝှက်ရ မှာလည်း တို့လုပ်တာကိုက ထင်ပေါ်ချင်လွန်းလို့ကွာ၊ ဟုတ်တယ် ငါသွားနေ
ကြက ဝင်းတင်ဝင်းရယ်၊ လေထန်ကုန်းရယ်၊ မင်းရယ်၊ ကေအေတီရယ် ဘယ်မတုန်း
လျှို့ဝှက် အဖွဲ့အစည်းတဲ့။

အဲဒါပဲ ဘယ်ဖက်ရင်အုံထဲ နှလုံးသားရှိတဲ့အမှုဆိုတာ။
အဲဒါမျိုးတွေ အချိန်မှန်မှန်ထောင်ကျနေတဲ့ သူ့မှတ်တမ်းနဲ့ပဲ ထပ်ကာထပ်ကာ
ကြောက်လန့်စရာလို့ ဟောဒီကဗျာဆရာမောင်အောင်ပွင့်ကို သတ်မှတ်ထားပြီး
ဘယ်ဖက်ရင်အုံထဲ နှလုံးသားရှိတဲ့အမှုနဲ့ တရားခံဖြစ်ရတဲ့ကဗျာဆရာ။

သူ့ဖက်ကတော့ဖြင့် ဘယ်သူဘယ်ဝါရယ်လို့တောင် ဒီလောက်ခါးသီးတဲ့အမှုတွေက
ဘယ်သူ့စနက်၊ ဘယ်သူ့လက်ချက်လို့ တစ်ခါမှ ဆဲဆို ငြည်းတွားတာ မကြားဖူးပါဘူး၊
ဒီမောင်တွေကွာတဲ့၊ ဒါအလွန်ဆုံးကြားဖူးတာပဲ၊ ကဗျာဆရာဦးကြည်အောင်နဲ့အတူ
အချုပ်ထဲကအကြောင်းတွေကို တစ်ညလုံးကိုယ့်ကို ပြန်ပြောပြနေတာ မိုးတောင်လင်း
သွားပါသေးရဲ့ သူ့ဒုက္ခမပါပါဘူး၊ ဆိုးလိုက်တာကွာ ဒီကောင်တွေနွားခိုးတာ ခြေရာခံ မရ
အောင်လို့ နွားကို ခြေထောက်ဖြတ်ပြီး လှည်းပေါ်တင်တာတဲ့ကွာ၊ ပြီးတော့ ခေါင်းလုပ်တဲ့
မိန်းမကြီးရောကွာ၊ အဲဒါ ဒီကောင်တွေကွာ အပြင်မှာလည်းနေသေး၊ ပြီးတော့ ဖမ်းပြီး
အချုပ်ထဲထည့်ထားတဲ့ ခေါင်းမကြီးနဲ့ နွားသူခိုးတွေကို ငှက်ပျောဖီးဝယ်ကျွေးခိုင်း သေး
တယ်ကွာ၊ ငါတို့ကို ခေါ်တာ ကဗျာဆရာအမှုတဲ့ အဲဒါကွာ ခေါင်းမကြီးက ကျုပ်ဖြင့်
ကဗျာမှုလို့ ကြားဖူးပေါင်တဲ့ နွားခိုးတွေကလည်း ကျုပ်တို့ကဆန်းပါဘူးတဲ့
နခိုးကလုပ်ရဲရင် ခံရဲရတာပေါ့တဲ့ ခင်ဗျားတို့ဟာကဆန်းတယ်တဲ့၊
အဲဒါကွာ ငါ့လည်း ဘာလုပ်လို့ ခံရဲမှန်းတောင် မသိတော့ပါဘူးတဲ့။

ကိုင်း ဘယ်လိုလွတ်လာတာတုန်း။
မင်းကလည်း ဒေါ်ဒေါ်ပေါ့ကွာ၊ ဒီမောင်တွေကို ဒီချိန် ဘယ်သူမှတုပြီး စကားပြောချင်
တာ မဟုတ်ဖူး ကဗျာဆရာတွေပါလို့ လူထုဒေါ်အမာက ပြောပေးလို့ လွတ်လာတာတဲ့၊
ဟုတ်သားပဲ ကိုပွင့်ရ လူ့ဘောင်သမိုင်းမှာ ကဗျာဆရာတွေက လူတွေကို ကောင်းရာ
ကောင်းကျိုးပဲ ဖြည့်စွက်ပေးခဲ့တာပဲ အဲဒါသံသယရှိစရာမှ မလိုပဲ ဒီတိုင်းလည်း မြင်နေ
ရတာပဲ၊ ဟင် မင့်လူတွေ အဲလောက်များသိရင် တို့ ဒီလိုဘယ်နေရပါလိမ့်တဲ့။

ကျွန်တော်က သိပါတယ်၊
ကိုအောင်ပွင့်ကိုများဖမ်းသွားလို့ စစ်လားကြောလားလုပ်ရင် ဖြေမှာတွေသိတယ်၊
ခင်ဗျားက ဘာကို မကျေနပ်တာလဲ၊ ကျေနပ်စရာဘာများရှိလို့လည်း၊ လိုချင်တာ
ဒီမိုကရေစီပဲမဟုတ်လား၊ ဟုတ်တယ်လေ လူမှန်းသိပြီး ဥာဏ်ဝင်ကတည်းကလိုချင်
နေခဲ့တာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဝန်းရံတာပဲလား၊ ဟုတ်တယ်လေ
သူ့မှာ မိန်းမသားတစ်ယောက်တည်း တို့ယောကျာင်္းတွေက ဘာလုပ်နိုင်လို့လည်း
သူ့ကို ဘေးကနေ ဝန်းရံ ကူညီပေးရမှာပေါ့၊ မယုံမရှိနဲ့ ဒီမိန်းမနင်းလိုက် မြက်ခင်း
တွေပန်းပွင့်သွားမှာ သေချာတယ်၊ ဖျန်း။
ကဲအဲဒါ စစ်ကြောရေးမှာမှ မဟုတ်ဖူး ကိုအောင်ပွင့် တစ်သက်လုံးပြောနေတဲ့စကားပဲ၊
နေရာဌာန အခြေနေ အချိန်ခါကြောင့်စကားတွေ ပြင်ပြောမှာမဟုတ်တဲ့ကိုအောင်ပွင့်
စစ်အစိုးရလက်ထက်မှာ မုဆိုးနဲ့ သားကောင် ငြိသလို အကြိမ်ကြိမ်ငြိစွန်းခဲ့ရတယ်။

ကိုယ်ကသူ့ကြည့်ပြီး ပင်ပန်းလွန်းလို့ ကိုပွင့်ရယ် သံပူအိုးကြီးကိုခေါင်းပေါ်တစ်သက်လုံး
ရွက်မထားပါနဲ့လို့ ပြောမိတော့ ကိုယ့်အနားတိုးလာပြီး ကိုင်း မျိုးဆွေသန်းရယ် မင်းက
ပြောပြီ၊ မင်းလိုတော့ ငါလစ်ဘရယ်ကြချင်သားကွာ၊ ဒါပေမယ့် ဟောဒီ ဆိုပြီး ဘယ်ဖက်
ရင်အုံကို လက်နဲ့ ဖိပြီး အထဲမှာ နှလုံးသားက လာရှိနေလို့ပေါ့ကွာ။ အဲဒါပဲ။
အဲဒါပဲ အဲဒါပဲကိုပွင့်ရာ ၂၂ တစ်ကြိမ်၊ ၃၃တစ်ကြိမ်၊ ၄၄ တစ်ကြိမ်၊ ၅၅ တစ်ကြိမ်ပဲလို့
ပြောတော့။

မင်းကလည်းကွာ၊ ဒီပြည်တွင်းစစ်ကြီးထဲမှာ၊ အာ နေပါဦး ကိုပွင့်ရာ ဘယ်တုန်းက
ပြည်တွင်းစစ်ဖြစ်လို့လည်း၊ ဟောဗျာ ငါ့အဖို့တော့ ပြည်တွင်းစစ်ပဲ၊ ပုသိမ်သာပေါင်းကနေ
စပြီး ကွန်မြူနစ်သူပုန်ကြီး ထဖြစ်တော့ ငါ့အမေက လက်ဖက်ရည်အကြမ်းရေနွေးအိုးထဲ
ကျည်ဆန်တွေ ထည့်ပြီး ပို့ပေးခဲ့ရတာ အဲဒီပြည်တွင်းစစ်ထဲမှာ ငါ့အမေက ကြက်ကလေး
ငှက်ကလေးပျံသလို ဖလူး ဆိုပြီးပျောက်သွားလိုက်တာ ဒီနေ့ထိ သေသည်ရှင်သည် မသိ
ရတော့ဖူးတဲ့၊ အင် ကိုပွင့် အမေက အဲဒီလိုပျောက်သွားတာလား၊ အေးလေ၊ ပြဿနာက
ငါ့သားကြီး မင့်တပည့် မောင်ကြီးငြိမ်းချမ်းမွေးတော့ ငါမနေနိုင်တော့ဘူး အမေ အမေ
ငါတပြီ၊ မိခင် မိခင် ငါသိပြီ၊ ငါ အမေရှာပုံတော်ဖွင့်တာပေါ့။

ဟိုရွာမှာထင်တယ်ဆိုသွား၊ ဒီရွာကအဖွားကြီးတော့ မင့်အမေထင်တာပဲဆိုငါရောက်ပြီ
အဲဒါ ကန်ကြီးထောင့်ဖက်က ရွာတစ်ရွာကအဖွားကြီးလို့ထင်တာပဲ၊ လူပြောသူပြောတွေနဲ့
ငါသွားတာပေါ့၊ ဟိုရောက်တော့ အိမ်ဝင်းကြီးက အကျယ်ကြီး၊ အိမ်ကလည်းအကြီးကြီး
သားသမီး မြေးမြစ်တွေက ၃၀ လောက်ရှိမယ်၊ ဘာကိစ္စလည်းဆိုတော့၊ ကျွန်တော့်
အမေ ထင်လို့ပါ ငါအကျိုးအကြောင်း ပြောပြတာပေါ့၊ မဟုတ်ပါဘူးတဲ့ အဖွားကြီးက
ငြင်းတယ်၊ ငါကလည်း၊ ရုပ်တူလားဘာလားတွေလည်း မတွေးတတ်တော့ပါဘူး အမေ
ရောဂါက ပြင်းနေတာကိုး၊ ပြန်တော့ ငါက မကျေနပ်ချင်ပုံပေါက်တယ်ထင်ပါတယ်၊
အဖွားကြီးကမင့်အမေ မဟုတ်ပါဘူးတဲ့ ငါ့မှာ အဲဒီလိုလည်းမဖြစ်ပျက်ခဲဖူးဘူးတဲ့၊
မင်းကြည့်ပါလားတဲ့၊ငါက သားသမီးတွေပစ်ထားခဲ့ဖို့နေနေသာသာ အတူတူနေချင်လို့မှ
အခုလို သိုက်သိုက်ဝန်းဝန်းနဲ့ ဘယ်သားသမီးမှ အခွဲမခံပဲအတူတူနေနေတာတဲ့၊
သားသမီးတွေကိုပစ်ထားခဲ့တဲ့ အမျိုးအစား မဟုတ်ဖူးတဲ့။

ဟေ့ကောင်ရေ ငါ့ကိုသူ့အမေမဟုတ်တာသေချာကြောင်းပြောတာဆိုပေမယ့် ငါက
ငါ့အမေကတော့ ပစ်သွားတယ်ပေါ့လေဆိုပြီး ပိုထိခိုက်ရပြီး ပြန်လာတာ ရွာထိပ်လည်း
ရောက်ရော သူ့သားအကြီးက နောက်ကနေ ပြေးလိုက်လာပြီး သူ့အမေက ဓါတ်ပုံပေး
ခိုင်းလို့တဲ့၊ ဟာ အဲဒီမှာ ငါကအမေလို့ ပိုထင်မိပြန်ရော၊ အမှန်တော့မဟုတ်ပါဘူး၊
သူပြောလိုက်တာများသွားပြီး ငါ့အမေကို ထိသွားလို့ ငါခံစားသွားရတာကို သနားလို့
ဘာလုပ်ရမယ်မှန်းမသိဖြစ်ပြီး သူ့ဓါတ်ပုံ ပေးခိုင်းလိုက်တာပဲ၊ ငါပြန်ရောက်တော့
ဓါတ်ပုံကြည့်ပြီး လူကြီးတွေက ဝိုင်းပြောကြပါတယ်၊ ဒါတော့ မင့်အမေမဟုတ်ဖူး
ဒီမိန်းမကြီးကို ငါတို့သိတယ်၊ ဒါငါတို့ရွာကို သနပ်ခါးတုံး လာရောင်းနေကြတဲ့
ဒီမိန်းမကြီး ဈေးလာရောင်းနေစဉ်က မင့်အမေရှိနေသေးတယ်တဲ့။

ကိုပွင့်ရယ် ဒါဆို အခုထိအမေ့ကို မတွေ့တော့တာပေါ့ဆိုတော့၊
အေးလေ အခုထိပဲ၊ ကိုင်း မင်းငါ့ကိုဘာပြောမလည်းတဲ့၊ မပြောတော့ဘူး၊
မပြောနဲ့တော့ ငါ ထမင်းပူပူ ဟင်းပူပူ မစားရတာကြာပြီ၊ ငါ့ကိုထမင်းပူပူလိုက်ကျွေးတဲ့
ကိုင်းသွားကြစို့ဆိုပြီး မအိပ်ရသေးပဲ မိုးလင်းလာလို့ ထမင်းထွက်စားကြသေးတယ်။

သိတ်မကြာဘူး စစ်အစိုးရလက်ထက်မှာ နောက်ဆုံး အဖမ်းခံရပြန်တယ်၊
ကိုအောင်ပွင့်ပါသွားပြီတဲ့ လေထန်ကုန်း လက်ဖက်ရည်ဆိုင်မှာ ပြောနေကြတယ်၊
စိတ်မကောင်းယုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး၊ ဘာမှုလည်းမေးစရာမှ မလိုတာ၊
ဘယ်ဖက်ရင်အုံထဲ နှလုံးသားရှိတဲ့အမှုပဲပေါ့၊ ဒီတစ်ခါ နှစ်နဲ့ ချီပြီးကြာတယ်၊
ဘယ်မှာ အကျဉ်းကျနေတယ် မေးမနေတော့ပါဘူး၊ တစ်ရက်တော့ ညအလုပ်လုပ်ပြီး
မနက်မှစပြီး အိပ်ရတဲ့ ကိုယ့်ကို နေ့လည် ၁၂ နာရီမှာ ဘေးကထိုင်ပြီး ကိုယ့်မျက်နှာပေါ်
မျက်နှာတစ်ခုက အုပ်မိုးပြီး မျိုးဆွေသန်း ထပါဦးကွ ဆိုတာ သန်းကောင်ယံ အိပ်မက်
နေသလိုပဲ၊ ငါပါကွ ကိုပွင့်ပါ၊ ဟာ ကိုပွင့် ဘယ်တုန်းက လွတ်လာသလဲ။

အေး လွတ်ပြီကွာ၊ ငါ အခုပုသိမ်မိသားစုဆီ ပြန်မယ်၊ ကျန်းမာရေး မကောင်းဘူး
အဲဒါ အိမ်ပြန်ပြီး ကျန်းမာရေးလေး ပြန်ထူထောင်ရဦးမယ်၊ ငါ့ကို လမ်းစားရိတ်နည်း
နည်းနည်းပေး၊ဘတ်စရာစာအုပ်၊ နားထောင်စရာသီချင်း အဲဒါလေးတွေပေး၊ အင်း
ဟုတ်ပြီ ရပြီ ပြောပြီး လူးလည်းထရတယ်၊ ကိုပွင့်ကတော့ ခါတိုင်းလိုအပြုံးလေးနဲ့ပဲ၊
အပြုံးလေး နည်းနည်းဖျော့နေတာတော့ သတိထားမိပါတယ်။

ကဲကိုပွင့်ရယ် ပြန်၊ ကျန်းမာရေးဂရုစိုက်၊ ရန်ကုန်လာရင်ပြော၊ ပုသိမ်လာရင်ပြောမယ်၊
မနှစ်က သူလာတယ် ပိတောက်ပွင့်သစ်က ဦးစိမ်းနီအိမ်မှာ အာရုံကြောတွေကအားနည်း
နေပြီ အဲဒါဆေးလာကုတယ်၊ မနက်ပြန်မယ်ဆိုလို့ ညသွားတွေ့ပြီးသူ့အကြောင်းရေးထာ
တာပါ၊ အဲဒါ တစ်နှစ်လည်လို့ ပြန်တွေ့တာ ရှယ်ကြလို့ ကိုယ်လည်း ပြန်တွေ့တော့
ကိုပွင့်ကို သတိရလာသလို ဘယ်ဖက်ရင်အုံထဲ နှသားရှိတာ အမှု တဲ့။

ဒါက ကဗျာဆရာမောင်အောင်ပွင့်ဆိုတာ ကျွန်တော့ ဦးလေးအရွယ်ပါ၊ သူက
ကျွန်တော်တို့ကို အသိအမှတ်ပြုပြီး ချစ်ခင်စွာနဲ့ ညီအစ်ကိုလို ပေါင်းသင်းခဲ့တဲ့အတွက်၊
ကျွန်တော်က ဦးပွင့်၊ ကိုပွင့် အများခေါ်တဲ့ နာမည်အကုန်လုံးခေါ်တတ်ပါတယ်။ သူအခု
ပုသိမ်မှာ ဇနီးကျောင်းဆရာမ၊ သမီးလုံမငြိမ်းချမ်းတို့နဲ့ နေနေပါတယ်၊ သားဖြစ်သူ
မောင်ကြီးငြိမ်းချမ်းက ဖင်လန်နိုင်ငံမှာ ဖင်လန်ရုရှားကပြား အမျိုးသမီးနဲ့ အိမ်ယာ
ထူထောင်လျက်နေပါတယ်၊
ဘာပဲဖြစ်ဖြစ် ကဗျာဆရာဦးအောင်ပွင့်တစ်ယောက် သူ့ကဗျာထဲကလို ငြိမ်းချမ်းရေးညစာ
တွေ အရှည်သဖြင့်စားနိုင်ပြီး သက်တော်ရာကျော် ရှည်ပါစေကြောင်းပါ။

(ဓါတ်ပုံက မြင့်စိုးဦးနဲ့ ခိုင်ပြည့်စုံရဲ့ ပုံတွေကိုယူထားပါတယ်)
crd- Nyein Htat

စိတ်​ထားဖြူဖြူ ဘာမှ ယူ​ဆောင်​မသွားသူ
သူပိုင်​ဆိုင်​​သော အရိုးနှင့်​ အ​ရေပြားသာ
ယူ​ဆောင်​သူ•••Lon Ma Nyein Chann

No comments:

Post a Comment

Blog Archive

Recent Post