Latest News

Thursday, November 29, 2018

" သတင်းမီဒီယာတွေရဲ့ တကယ့်ပြိုင်ဘက် "


Social Media နဲ့ သတင်းမီဒီယာတွေရဲ့ သြဇာပြိုင်မှုကို စောင့်ကြည့်နေပြီးတော့ ဘယ်သူက ကမ္ဘာကြီးကို အကျိုးပြုနိုင်မလဲဆိုတာကို စိတ်ဝင်စားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တော့ ကျနော်လည်း သူပြောတဲ့ အားပြိုင်မှု ဆိုတဲ့ စကားကို စိတ်ဝင်စားမိပါတယ်။ ဒီနေရာမှာ အဓိကထားစဉ်းစားရမှာက အားပြိုင်တယ်ဆိုပြီး ဒီနှစ်ခုကို တန်းတူထား စဉ်းစားရအောင် ဒီနှစ်ခုဟာ သဘောသဘာဝတူနေလို့လားဆိုတာပါပဲ။

ဆိုရှယ်မီဒီယာရဲ့ အခြေခံ သဘောသဘာဝဟာ လူတစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ဖို့ ဖြစ်ပါတယ်။ ကျနော်တို့ဟာ ကိုယ့်နဲ့ အဆက်အသွယ် ပျက်နေတဲ့ ငယ်ပေါင်းတွေကို ဖြစ်စေ၊ အလုပ်အတူတူ လုပ်နေသူတွေကို ဖြစ်စေ ဒါမှမဟုတ် ကိုယ်နဲ့ဝါသနာတူ သဘောထားတူသူတွေကို ဖြစ်စေ ဆိုရှယ်မီဒီယာမှာ ရှာလို့ရတယ်။ ဘယ်နေရာ ရောက်ရောက် အလွယ်တကူ ဆက်သွယ်လို့ရတယ်။ မိတ်ဆွေသစ်ဖွဲ့လို့ရပါတယ်။ ဒါဟာ ဆိုရှယ်မီဒီယာရဲ့ အဓိက အနှစ်သာရပါ။

သတင်းမီဒီယာရဲ့ အခြေခံသဘောသဘာဝကတော့ လူတွေ စိတ်ဝင်စားနိုင်မယ့် အကြောင်းအရာတွေကို လူတွေဆီကို အချိန်နဲ့ တပြေးညီ ပေးပို့နိုင်ဖို့ပါပဲ။ ဒီနေရာမှာ သတင်းသည် လူထုအတွက်တို့ ဘာတို့လို ဆောင်ပုဒ်တွေကို ကျနော် ခဏကျော်လိုက်ပါမယ်။ သူ့ရဲ့ အခြေခံအလုပ် ကတော့ လူတွေ စိတ်ဝင်စားနိုင်မယ့် အကြောင်းအရာ အဖြစ်အပျက် တွေကို အချိန်နဲ့ တပြေးညီ လူတွေဆီ ပေးပို့တာပါ။

ဆိုတော့ကာ ဆိုရှယ်မီဒီယာနဲ့ သတင်းမီဒီယာရဲ့ အခြေခံ သဘောသဘာဝတွေဟာ တူမနေတာကို တွေ့ရပါမယ်။ ဒီနေရာမှာ " ဟာ ဆိုရှယ်မီဒီယာ မှာလည်း သတင်းတွေရှိနေတာပဲ၊ ဖတ်လို့ရနေတာပဲ " လို့ ကျနော့်ကို ပြန်ငြင်းချင်ပါလိမ့်မယ်။ လူတွေရှိနေရင် လူတွေသုံးနေရင် တယောက်ကို တယောက်ပါးတဲ့ သတင်းစကားတွေလည်း ရှိနေပါလိမ့်မယ်။ လူတစ်ယောက်က သူ့ သူငယ်ချင်းတွေကို သူမြင်တာ တွေ့တာတွေကို ရေးပြီး အကြောင်းကြားနိုင်ပါတယ်။ ဒီနေရာမှာ သူ့ရပ်ကွက် မီးပျက်တဲ့အကြောင်း ဖြစ်ချင်ဖြစ်မယ်၊လမ်းထဲက ခွေးကိုက်တဲ့အကြောင်း ဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ် စတုဒီသာမှာ ထမင်းကျွေးတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ တစ်ရပ်ကွက်ထဲနေတဲ့ တခြားသူငယ်ချင်းတွေက သူတင်တာကို စိတ်ဝင်စားကောင်း စားနိုင်ပေမယ့် သာမန်လူတစ်ယောက်ရဲ့ မျှဝေချက်ဟာ ယုံကြည်ဖွယ်ရာ သတင်းဖြစ်မဖြစ်ကို အင်မတန် စောဒက တက်စရာကောင်းပါတယ်။

" ပရော်ဖက်ရှင်နယ် သတင်းမီဒီယာတွေဟာ ဘယ်လိုအလုပ်လုပ်ပါသလဲ? "

ဒီနေရာမှာ မီဒီယာကောင်းတွေရဲ့ အလုပ်လုပ်ပုံကို သိထားဖို့ လိုပါတယ်။ တကယ့် ပရော်ဖက်ရှင်နယ် မီဒီယာတွေမှာ သတင်းအချက်အလက်တွေဟာ သတင်းထောက်ရေးပြီး အယ်ဒီတာစားပွဲပေါ်ရောက်တိုင်း စာမျက်နှာပေါ် ထွက်လာတာ မဟုတ်ပါဘူး။ အယ်ဒီတာတွေကနေပြီး သတင်းထောက်တွေ တင်လာတဲ့ သတင်းကို
၁) တကယ်ဖြစ်ပွားမှု ရှိမရှိ
၂) အကြောင်းအရာ မှန်မမှန်
၃) ကိုးကားချက် မှန်မမှန်
၎) သုံးစွဲမယ့် ဓာတ်ပုံ၊ ဗီဒီယိုဟာ မှန်မမှန် တို့ကို အနည်းဆုံး စစ်ဆေးရပါတယ်။ သတင်းစာ တိုက်ကြီးတွေဟာ သတင်းတစ်ပုဒ်မှာ သတင်းရင်းမြစ်ကို တစ်ခုထက်မက သုံးစွဲရပါတယ်။ သတင်းရင်းမြစ်တစ်ခုထဲက ပြောတာကို ရေးလိုက်တာမျိုး မလုပ်ဘဲနဲ့ သူနဲ့ ဆန့်ကျင်ဘက် သတင်းရင်းမြစ်ကိုလည်း အတတ်နိုင်ဆုံး ဆက်သွယ်ပြီး အတည်ပြုရပါတယ်။ ဒါကတော့ တကယ့် ပရော်ဖက်ရှင်နယ် မီဒီယာတွေရဲ့ အလုပ်လုပ်ပုံပါ။ ဒီလို ပရော်ဖက်ရှင်နယ် မီဒီယာတွေရဲ့ သတင်းတင်ဆက်ပုံနဲ့ သာမန် ကိုယ်တွေ့တာ မြင်တာကို ရေးလိုက်တဲ့လူတယောက်ရဲ့ အကြောင်းအရာ မျှဝေချက်တွေဟာ ကွဲပြားပါတယ်။ အရေးအပါအဆုံး အချက်ကတော့ ပရော်ဖက်ရှင်နယ်မီဒီယာဟာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိပါတယ်။

ဒီနေရာမှာ သတင်းမီဒီယာနာမည်ခံနဲ့ ပရော်ဖက်ရှင်နယ် သတင်းမီဒီယာကိုလည်း ကွဲကွဲပြားပြား သိဖို့တော့ လိုပါတယ်။ ပိုက်ဆံရှိလို့ မီဒီယာကုမ္ပဏီထောင်ပြီး အတင်းအဖျင်းတွေကို သတင်းလုပ်ရေးနေတဲ့ Yellow Journalism နဲ့ သတင်းမီဒီယာတွေနဲ့ကို ကွဲပြားဖို့ လိုပါတယ်။ တကယ့် ပရော်ဖက်ရှင်နယ် သတင်းမီဒီယာကောင်းတွေဟာ လူတွေနဲ့ အကျိုးသက်ဆိုင်တဲ့၊ လူတွေ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို သတင်းအဖြစ် တင်ဆက်ရတာပါ။ လူထုရဲ့ မျက်စီနဲ့ နားလို့ တင်စားလည်း မမှားပါဘူး။

" ဆိုရှယ်မီဒီယာနဲ့ သူ့ရဲ့ ပြဿနာတွေ "

ဆိုရှယ်မီဒီယာကတော့ တာဝန်ယူမှု တာဝန်ခံမှု မရှိပါဘူး။ သတင်းရင်းမြစ်ကို ရှာဖွေရခက်ပါတယ်။ ပြန့်နှံ့မှု မြန်ဆန်တဲ့အတွက် ဆိုရှယ်မီဒီယာကို သတင်းအတုပြုလုပ်သူတွေက အဓိကထားပြီး အသုံးပြုပါတယ်။ ဒါကြောင့်လည်း ကမ္ဘာအနှံ့မှာ ဆိုရှယ်မီဒီယာပေါ်က သတင်းအတုတွေ သတင်းအမှားတွေဟာ ပြဿနာတစ်ခု ဖြစ်လာတာပါ။ အိန္ဒိယမှာဆိုရင် Whats app က ဖြန့်တဲ့ သတင်းအမှားကြောင့် လူသေတဲ့အထိ ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ၂၀၁၄ ခုနှစ်တုန်းက Facebook ကတဆင့် သတင်းအမှားပြုလုပ်ဖြန့်ဝေသူတွေကြောင့် မန္တလေးမှာ ပဋိပက္ခဖြစ်ပြီး လူနှစ်ယောက်သေဆုံးခဲ့ပါတယ်။

ဒါကြောင့် ဆိုရှယ်မီဒီယာတွေကို တည်ထောင်သူတွေ ကိုယ်တိုင်ကိုယ်က သူတို့ရဲ့ ပလက်ဖောင်းကြောင့် ပြင်ပကမ္ဘာမှာ ထိခိုက်နစ်နာရမှုတွေအတွက် စွပ်စွဲပြစ်တင်မှုတွေကို ခံနေရပါပြီ။ Facebook ၊ Twitter ၊ Google စတဲ့ လူသုံးအများဆုံး ကုမ္ပဏီတွေကိုယ်တိုင် သူတို့ရဲ့ ပလက်ဖောင်းကို တလွဲအသုံးပြုပြီး သွေးထိုးလှုံ့ဆော်တာတွေ၊ သတင်းအတုတွေ သတင်းအမှားတွေ ဖြန့်ဝေတာတွေနဲ့ အမုန်းစကားဖြန့်ဝေတာတွေကို တားဆီးဖို့ ကြိုးစားနေကြပါတယ်။

ဒီလို သတင်းအတုတွေ၊ သတင်းအမှားတွေကို တားဆီးဖို့ ကြိုးစားရာမှာလည်း သုတေသီတွေ၊ သတင်းမီဒီယာတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေတာပါ။ ဒါကြောင့် ဆိုရှယ်မီဒီယာ ထူထောင်သူတွေတောင် ကိုယ့် ပြဿနာကို အရပ်ကူပါ လူဝိုင်းပါနဲ့ ရှင်းနေရတဲ့အချိန်လို့ ပြောလို့ရပါတယ်။

" သတင်းမီဒီယာနဲ့ သတင်းအတု ပြဿနာ "

ဒီလိုမျိုး ဆိုရှယ်မီဒီယာက သတင်းအတုတွေအကြောင်း ပြောကြရင် လူတွေက " ဟ မင်းရဲ့ ပရော်ဖက်ရှင်နယ်ပါဆိုတဲ့ သတင်းမီဒီယာတွေကကော သတင်းအတု မဖြန့်ဘူးလား" လို့ ပြန်ပြောတတ်ကြပါတယ်။ ဟုတ်ပါတယ်။ ပရော်ဖက်ရှင်နယ် သတင်းမီဒီယာတွေဟာလည်း အချက်အလက် အတုတွေရဲ့သားကောင်ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး သတင်းအတုတွေရဲ့ သားကောင် ဖြစ်ရမှုကို ခွဲခြမ်းစိတ်ဖြာကြည့်ရင် အောက်ပါအတိုင်း တွေ့ရပါတယ်။

၁) ဘက်လိုက်မှု

တခါတရံမှာ သတင်းထောက် ကိုယ်၌က ဖြစ်စေ၊ အယ်ဒီတာကိုယ်၌က ဖ်ြစေ တိုက်ပိုင်ရှင်ကြောင့် ဖြစ်စေ နိုင်ငံရေးအရ ကိုယ်ထောက်ခံတဲ့ ပါတီ သို့မဟုတ် လူတစ်ဦးဦး သာရာသာကြောင်းကို သတင်းတစ်ပုဒ်ပုဒ်ကို စိစစ်မှု မလုပ်ဘဲဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိ ဖြစ်စေ ထုတ်တတ်ပါတယ်။ အဲဒီအခါမှာ လုပ်လိုက်တဲ့သတင်းဟာ မခိုင်လုံတဲ့ သတင်း ဒါမှမဟုတ် တခါတခါ သတင်းအမှား ဖြစ်နေတတ်ပါတယ်။

၂) သတင်းထောက်နဲ့ အယ်ဒီတာရဲ့ သတင်းအတတ်ပညာအားနည်းမှု

ဒါကတော့ ရည်ရွယ်ချက်မရှိတဲ့ အမှားမျိုးပါ။ အတွေ့အကြုံအားနည်းမှုကြောင့် သတင်းအချက်အလက်ကို မစိစစ်နိုင်တာ၊ သတင်းရင်းမြစ်ကို အကဲ မဖြတ်နိုင်တာတွေကြောင့် သူတို့ ကိုယ်တိုင်က သတင်းအတုပြုလုပ်သူတွေရဲ့ အသုံးချခံ ဖြစ်သွားတာမျိုးပါ။ ပုံအတုတွေနဲ့ ဗီဒီယိုအတုတွေကို မစိစစ်နိုင်တာမျိုးတွေမှာလည်း ဒီလိုမျိုး ဖြစ်တတ်ပါတယ်။

၃) အမှားသံသရာလည်မှု

တခါတခါမှာ အယ်ဒီတာက ထောင်းတဲ့အတွက် သတင်းထောက်က Google လို နေရာမျိုးကနေပြီး သတင်းအတွက် အကိုးအကားကို မြန်မြန် ရှာလိုက်ရတာမျိုး ရှိပါတယ်။ ဒီအခါမှာ စိစစ်ပြီးသား သတင်းအချက်အလက် မဟုတ်ဘဲနဲ့ တမင်တင်ထားတဲ့ အချက်အလက် အမှားကို ကူးမိပြီး ကိုယ့် စာစောင်မှာ ဖော်ပြတယ်။ အဲဒီလို အချက်အလက်အမှား အသုံးပြုထားတဲ့ စာစောင်ကို wiki လိုနေရာမျိုးက စိစစ်ပြီးသား အချက်အလက်လို့ ယူဆပြီး အတည်ပြုတယ်။ ဒါကို နောက် သတင်းထောက်တွေက မသိပဲ ထပ်အသုံးပြုမိတာမျိုးပါ။ ဒီနေရာမှာ အမှားဟာ အမှန်ဖြစ်သယောင်ယောင်နဲ့ လည်နေတာမျိုး ဖြစ်နေတတ်ပါတယ်။

၎) သတင်းရင်းမြစ်ရဲ့လှည့်ဖျားမှု

ဒါကတော့ အစိုးရတွေက ထုတ်ပြန်တဲ့ အချို့သော အချက်အလက်တွေကို ယုံကြည်ရတဲ့ ရင်းမြစ်လို့ထင်ပြီး ယူသုံးရာကနေ အချက်အလက် အမှားတွေကို သုံးစွဲမိပြီး သတင်းအတုတွေ သတင်းအမှားတွေကို လုပ်မိတာပါ။ ဒီဟာက နံပါတ် ၂ အချက်လို့ ပြောရင်လည်း ရပါတယ်။ များသောအားဖြင့် အစိုးရတို့ လွှတ်တော်တို့လို အာဏာရအသိုင်းအဝိုင်းတွေကနေ နိုင်ငံရေးအလို့ငှာ မီဒီယာကို အသုံးချပြီး အချက်အလက် အမှားတွေနဲ့ လူတွေကို မှိုင်းတိုက်တာမျိုးတွေကိုလည်း သတင်းမီဒီယာက နားမလည်ဘဲ အသုံးချခံရတာမျိုးပါ။

ဆိုတော့ကာ တကယ့် ပရော်ဖက်ရှင်နယ်ဆိုတဲ့ သတင်းဌာနတွေဟာလည်း လူတွေနဲ့ ဖွဲ့စည်းထားတာမို့လို့ မှားတတ်ယွင်းတတ်ပါတယ်။ ဒါကိုတော့ မငြင်းလိုပါ။ ဒါပေမယ့် ပရော်ဖက်ရှင်နယ် သတင်းမီဒီယာတွေဟာ သူတို့ရဲ့ အမှားအတွက် တာဝန်ခံရလေ့ရှိပါတယ်။ အနည်းဆုံးတော့ မှားယွင်းကြောင်း ပြန်လည်ဖော်ပြရပါတယ်။ တရားစွဲခံရနိုင်ပါတယ်။ စာဖတ်သူရဲ့ ယုံကြည်မှု ပျက်စီးတဲ့အတွက် အကျိုးစီးပွားအရ ထိခိုက်နစ်နာမှု တွေ ရှိပါတယ်။ ဒါကြောင့် များသောအားဖြင့်တော့ မမှားအောင် ကြိုးစားကြပါတယ်။

" ဘယ်သူတွေဟာ သတင်းမီဒီယာတွေကို မကြိုက်ဘူးလဲ "

သတင်မီးဒီယာတွေကို မကြိုက်တာက များသောအားဖြင့် အစိုးရနဲ့ အာဏာရှိသူတွေပါ။ သတင်းမီဒီယာတွေက သူတို့ကို ထောက်ပြမှုတွေ ဝေဖန်မှုတွေ လုပ်တဲ့အတွက် မကြိုက်ပါဘူး။ မီဒီယာကို အစိုးရတိုင်းလိုလိုက မကြိုက်တဲ့အထဲမှာမှ အာဏာရှင်တွေနဲ့ တဇောက်ကန်းအစိုးရတွေက သာပြီး မကြိုက်တာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် ဒေါ်နယ်ထရမ့်ကို ကြည့်ပါ။ ဒေါ်နယ်ထရမ့်က သူ့ကို ဝေဖန်တဲ့ မီဒီယာတွေကိုဆိုရင် " ပြည်သူတွေရဲ့ ရန်သူ" လို့တောင် တံဆိပ်ကပ်ပါတယ်။ CNN ကိုဆိုရင် ထရမ့်က သတင်းအတု လုပ်သူတွေလို့တောင် စွပ်စွဲပါတယ်။ အစိုးရတွေနဲ့ အာဏာပိုင်တွေက လုံခြုံရေးအကြောင်းပြချက်နဲ့ ထိမ်ချန်ထားတဲ့ အကြောင်းအရာတွေဟာ လူထုအတွက် အကျိုးရှိတယ်လို့ သတင်းထောက်တွေက ယုံကြည်ပြီး သတင်းပြုလုပ်တဲ့အခါမှာတော့ သတင်းထောက်တွေ တရားစွဲခံရတာ ထောင်ချခံရတာမျိုးအထိ ဖြစ်တတ်ပါတယ်။

နောက်ထပ် မီဒီယာတွေကို မကြိုက်တာကတော့ အစွဲကြီးသူတွေပါ။ သူတို့က သူတို့ ချစ်သူ ခင်သူတွေနဲ့ ပတ်သက်တဲ့ ကောင်းသတင်းသာ ကြားလို ဖတ်လိုပါတယ်။ သူတို့အနေနဲ့ သူတို့ တည်ဆောက်ထားတဲ့ ဘန်ကာလေးထဲမှာသာ နေလိုပါတယ်။ ဒီလိုမျိုးလူတွေအနေနဲ့ သူတို့ တန်ဖိုးထားတဲ့ လူတွေ၊ အဖွဲ့အစည်းတွေကို သတင်းမီဒီယာတွေက ဝေဖန်စောကြောတဲ့အခါမှာ သတင်းမီဒီယာတွေကို မျက်မုန်းကျိုးတတ်ပါတယ်။ သတင်းမီဒီယာတွေဟာ သူတို့ မကြိုက်တဲ့အကြောင်းအရာတွေကို အတုလုပ်ပြီးတော့ ရေးနေတာလို့လည်း ထင်တတ်ကြပါတယ်။

နောက်တမျိုးကတော့ သတင်းအတု ပြုလုပ်သူတွေပါ။ သူတို့ကတော့ တာဝန်အရကို သတင်းမီဒီယာတွေအပေါ် လူတွေက အယုံအကြည် ပျက်လာအောင်၊ သတင်းမီဒီယာတွေဟာ ဘက်လိုက်သူတွေ၊ ငွေနောက်လိုက်သူတွေ၊ တိုင်းပြည်ရောင်းစားသူတွေလို့ ထင်လာအောင်ကို စနစ်တကျ စီမံကိန်းချပြီးတော့ တိုက်ကြပါတယ်။ သူတို့အတွက်တော့ သတင်းအမှန်တွေကို စိစစ်ဖော်ထုတ်သူတွေဟာ ရန်သူပါပဲ။

ဒါတွေကတော့ သတင်းမီဒီယာတွေကို ဆန့်ကျင်ဘက်အဖြစ်၊ ရန်သူအဖြစ် မြင်လေ့ရှိတဲ့ သုံးမျိုးသုံးစား ဖြစ်ပါတယ်။

" သတင်းမီဒီယာတွေနဲ့ပဲ သတင်းအတုတွေကို ကာကွယ်မှာလား "

သတင်းအတုတွေ၊ သတင်းအမှားတွေကို ထိန်းဖို့ လျှော့ချဖို့ဆိုရင် သတင်းမီဒီယာတွေမှာ တက်သမျှကိုပဲ ဖတ်မယ်ဆိုတဲ့ နည်းလမ်းနဲ့လည်း မရပါဘူး။ Media Literacy လို့ခေါ်တဲ့ သတင်းနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုကို လူတွေဆီ ကျယ်ကျယ်ပြန့်ပြန့်ရောက်အောင် လုပ်ရမှာပါ။ လူတွေအနေနဲ့ သတင်းအချက်အလက်တွေကို စိစစ်နိုင်ဖို့၊ ဆိုရှယ်မီဒီယာကို သိနားလည်ဖို့နဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာပေးမှုတွေကို အစိုးရက ကျောင်းသင်ခန်းစာတွေမှာ ထည့်သွင်းပေးတာမျိုးတွေ လုပ်ရပါမယ်။ အမုန်းစကားတွေမပြောအောင်နဲ့ ခွဲခြားဆက်ဆံမှုတွေမရှိအောင် လူလူချင်း တန်ဖိုးထားတတ်အောင် ကျောင်းသင်ခန်းစာတွေကို အဆင့်မြှင့်ရပါမယ်။ လူငယ်မျိုးဆက်ကိုတင်မကဘဲ လူကြီးတွေကိုပါ သတင်းအချက် စိစစ်ဖို့လိုတဲ့အကြောင်း အသိပညာပေးရပါမယ်။ ဒါမှသာ နောင်အနာဂတ်မှာ သတင်းအတုတွေကို လျှော့ချနိုင်မှာပါ။

တချိန်ထဲမှာပဲ အစိုးရ ကိုယ်တိုင်ကစပြီး သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးရပါမယ်။ ဆိုရှယ်မီဒီယာကနေ ထုတ်ပြန်ချက်တွေကို တိုက်ရိုက်တင်တာမျိုးမလုပ်ဘဲ သတင်းမီဒီယာတွေဆီကို ထုတ်ပြန်ချက်တွေ ပို့ပေးတာမျိုးတွေ အရင်လုပ်ပြီးမှ ထုတ်ပြန်ချက်တွေကို ဆိုရှယ်မီဒီယာကနေတဆင့် ကိုယ်တိုင် ထုတ်ပြန်တာမျိုးကို လုပ်သင့်ပါတယ်။ ဒီလိုဆိုရင် မလိုလားအပ်ဘဲနဲ့ ထုတ်ပြန်ချက်အတုတွေ ထွက်လာတာမျိုးကို အထိုက်အလျောက် လျှော့ချနိုင်မှာပါ။

သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ရေးသားပိုင်ခွင့်ဟာလည်း သတင်းအတုတွေနဲ့ ကောလဟလတွေကို လျှော့ချနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာ အချုပ်အနေနဲ့ ပြောလိုတာက အစိုးရအနေနဲ့ သတင်းအတုတွေကို လျှော့ချချင်တယ်ဆိုရင် သတင်းမီဒီယာတွေကို အပြစ်ဖို့နေတာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာကို အပြစ်ဖို့နေတာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာကို လေ့လာစောင့်ကြည့်ပြီး လူတွေကို ထောင်ထဲပို့နေတာမျိုးတွေ လုပ်နေမယ့်အစား လူတွေကိုယ်တိုင် သတင်းအမှားတွေ သတင်းအတုတွေကို ဆန့်ကျင်လာအောင် လုပ်ခြင်းက နည်းမှန်လမ်းမှန် ဖြစ်ကြောင်းပါ။

သတင်းမီဒီယာဟာ အစိုးရကို ဘယ်လိုပဲ ဝေဖန်ပါစေ သူ့ဆီမှာ တာဝန်ယူမှု တာဝန်ခံမှုဆိုတဲ့ မျဉ်းတကြောင်း ရှိနေပါတယ်။ ဆိုရှယ်မီဒီယာကတော့ ဘာကိုမှ တာဝန်ခံနေမှာ မဟုတ်ပါဘူး။ ဆိုရှယ်မီဒီယာဆိုတာ လွယ်လွယ်ပြောရရင် စားပွဲတစ်ချပ်နဲ့ တူပါတယ်။ လူတိုင်းက အလွယ်တကူ ဝင်ရောက်ပြီး ကိုယ်ကြိုက်တာကို စားပွဲပေါ် တင်လို့ရပါတယ်။ ဒီလိုတင်တဲ့နေရာမှာလည်း အမည်မသိ ပိုင်ရှင်မဲ့အနေနဲ့ တင်လို့ရတဲ့ နည်းလမ်းတွေ အများအပြားရှိပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာဟာ စိတ်မချရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ သတင်းမီဒီယာကတော့ သူ့မှာ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေရှိတာမို့လို့ အထိုက်အလျောက်တော့ အားကိုးလို့ရပါတယ်။ အစိုးရနဲ့ တာဝန်ရှိသူတွေအနေနဲ့ သတင်းမီဒီယာနဲ့ ဆိုရှယ်မီဒီယာဟာ ပြိုင်ဆိုင်နေရတယ်လို့ ထင်ယောင်ထင်မှားဖြစ်မယ့်အစား သတင်းမီဒီယာဟာ သတင်းအတုထုတ်လုပ်တဲ့ စက်ရုံတွေနဲ့ ပြိုင်ဆိုင်နေရတယ်လို့ မြင်လိုက်မယ်ဆိုရင် အနာနဲ့ ဆေးဟာ မဝေးပဲ ဖြစ်နေမှာပါ။ မီဒီယာကို အမြင်စောင်းနေခြင်းဟာ အနာတခြား ဆေးတခြားပါပဲ။ တိုင်းပြည်အနေနဲ့ ရောဂါမလွန်ခင် ဆေးတွေ့ဖို့ ဆုတောင်းမိပါတယ်။

မြတ်သူ

No comments:

Post a Comment

Blog Archive

Tags

Accident Ad Agriculture Article Astrology Aung San Suu Kyi Bagan Beauty Bogale Book Car Cartoon celebs Crime Crony Daily Popular Danubyu Dedaye Dhamma Dr Hla Myat Thway Education ELection Entertainment Environment Foreign Affairs General General Aung San General Knowledge Gossip Gov Health Herbal Hinthada History Hluttaw Ingapu Interview Job Kangyidaunt kyaik Lat Kyangin Kyaunggon Kyonpyaw Latputta Laymyethna Lemyethna Letter Ma Shwe Moe Mahn Johnny Maubin Mawlamyinegyun Media MMP MMP 1 money Myan Aung Myanmar Idol Myaungmya Myo Min Paing News Ngapudaw Ngathaingchaung NLD Nyaung Tone Opinion Pagoda Pantanaw Party Pathein People Photo Places Poem Police Politic Political Prisoner Popular Project Pyapon Quote School Bus Song Speech Sport Sports Student SYW SYW 1 Technology Thabaung Time Ayeyar Tourism Trailer Travel U Ba Hein U Ko Ni U Kyaw Myint U Win Htay USDP Video Wakhama Weather World News Yekyi Zalun စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး ထူးဆန်းထွေလာ ဒီရေတော နာရေး ဗဒေငျ မဘသ မုံရွာ လယ်သိမ်းမြေသိမ်း လူပုဂ္ဂိုလ်များ လူပျောက်ကြော်ငြာ အရှင်သုစိတ္တ (မော်ကျွန်း) အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် အထွေထွေ ဝေဖန်ရေး ထွေအုပ် ​မော်​တင်​စွန်း နိုင်ငံရေးအကျဉ်းသား

Labels

Recent Post