Latest News

Saturday, November 17, 2018

ဦးခေါင်းတွင် ရေအိတ်အပိုပါလာသည့် ကလေးငယ် ခွဲစိတ်ကုသရန် အကူအညီလိုအပ်နေ


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ကြက္ခတန်းကျေးရွာမှ ၁ လသားအရွယ် ကလေးငယ်တစ်ဦးမှာ ဦးခေါင်းတွင် ရေအိတ်သဖွယ်အပိုပါလာသဖြင့် အသက်ရှင်သန်နိုင်ရေး အချိန်မှီ ခွဲစိတ်ကုသရန် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။ ကလေးမှာ ဦးနိုင်လင်းနှင့် ဒေါ်ခိုင်သင်းဝေတို့၏ သားလေးဖြစ်ပြီး မြန်အောင်ပြည်သူ့ဆေးရုံ၌ ပြသရာတွင် အချိန်မှီ ကုသမှုပြုလုပ်မှသာ အသက်ရှင်နိုင်မည်ဟုဆိုသဖြင့် အကူအညီလိုအပ်နေကြောင်း ကလေးမိဘများ ထံမှ သိရသည်။

''စမွေးကတည်းက ပါလာတာပါ။ ပုံသဏ္ဍန်က ရေအိတ်ပုံသဏ္ဍာန်ဖြစ်ပါတယ်။ မြန်အောင် ပြည်သူ့ဆေးရုံကို သွားပြတော့ အချိန်မှီ ကုသဖို့လိုပါတယ်လို့ပြောပါတယ်။ ကျွန်တော်တို့ဆီကို မြောင်းမြမြို့နယ်လွှတ်တော်ကိုယ် စားလှယ်တစ်ဦးကလည်း ကူညီဆောင်ရွက်ပေးဖို့ ဆက်သွယ်လာတာရှိပါတယ်''ဟု ကလေးငယ်၏ ဖခင် ဦးနိုင်လင်းက ပြောသည်။

အဆိုပါကလေးငယ်၏ မိဘများမှာ မြောင်းမြမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးနှင့် အဆက်အသွယ်ရသဖြင့် ပုသိမ်ပြည်သူ့ဆေးရုံ၌ နိုဝင်ဘာ ၁၆ ရက်တွင် ဆေးကုသမှုခံယူရန် ယင်းလွှတ်တော် ကိုယ်စားလှယ်က ချိတ်ဆက်ဆောင်ရွက်ပေးထားပြီး ပုသိမ်ဆေးရုံမှ ရန်ကုန်သို့ သွားရောက်ကုသမှုခံယူရမည် ဆိုပါက ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်ထံမှ သိရသည်။

''ဒီကနေ့ သူတို့ဆီကနေ ကျွန်မတို့ဆီကိုလာပါမယ်၊ လာဖို့ချိတ်ထားပါတယ်။ ဒီကနေ့ လွှတ်တော်အစည်းအဝေး ရှိပါတယ်။ သူတို့လာတာနဲ့ အစည်းအဝေးပြီးတာနဲ့ ကျွန်မသွားမှာပါ။ အမြန်ဆုံး သွားရောက်ကုသမှုခံယူရမယ့် အခြေအနေဖြစ်ပါတယ်။ ရေအိတ်က အညိုရောင်တို့၊ ဘာတို့ ဖြစ်လာတတ်လို့ အချိန်မီကုသဖို့လိုတယ်လို့ သိရ ပါတယ်။ ကျွန်မက မြောင်းမြကိုယ်စားလှယ်ဖြစ်ပေမယ့် တိုင်းဒေသကြီးအတွင်းမှာ ပြည်သူတွေရဲ့အခက်အခဲ တွေကို တတ်အားသရွေ့ကူညီပေးပါတယ်။ အခုလည်း ပို့စ်တင်ပြီး အကူအညီလိုအပ်ကြောင်း ပြောလိုက်တာနဲ့ ဒီကနေ့တော့ မိတ်ဆွေတွေက ဖုန်းကနေ လှူမယ်ဆိုပြီးပြောလာတာတွေ ငွေဆယ်သိန်းနီးပါးလောက်တော့ရ နေပါပြီ။ လိုအပ်တာကို ဆက်လက်ကူညီပေးပါ့မယ်။ ဒါ့အပြင် သရုပ်ဆောင် ကိုပြေတီဦးကလည်း လှူဒါန်းကူညီ ဖို့ ချိတ်ဆက်လာတာရှိပါတယ်။'' ဟု မြောင်းမြမြို့နယ်မဲဆန္ဒနယ် ၂ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက ပြောသည်။

မိဘများနှင့် ကလေးမှာ နိုဝင်ဘာ ၁၆ ရက်တွင် ပုသိမ်ပြည်သူ့ဆေးရုံကြီး၌ ပြသကုသမှုခံယူရန်ထွက်ခွာလာပြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး၏ အစီအစဉ်ဖြင့် လွှတ်တော်ရုံးမှ မော်တော်ယာဉ်ဖြင့် ကူညီပေးရန် ပြင်ဆင်ထားကြောင်း သိရသည်။

ကလေးငယ်အား ပုသိမ်ဆေးရုံမှ ရန်ကုန်ဆေးရုံများသို့ လွှဲပြောင်းကုသရန်ညွန်ကြားပါက ရန်ကုန်သို့လာရောက် ကုသမည်ဆိုလျှင် ကူညီဆောင်ရွက်ပေးရန် သရုပ်ဆောင် အကယ်ဒမီ ပြေတီဦးက တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးထံ ချိတ်ဆက်ထားကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးထံမှ သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper/

No comments:

Post a Comment