Latest News

Saturday, November 17, 2018

ဒီ ၂၀၀၈ အခြေခံဥပဒေကို ပြင်ကို ပြင်ရမယ်။ ရအောင်ကို ပြင်ရမယ်။ ရွေးကောက်ပွဲက သိပ်အရေးမကြီးဘူး။


မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ထဲ မဝင်မီကာလနဲ့ ဝင်ပြီးကာလမှာ
လုပ်ဆောင်ချက် ၊ အားနည်းချက်လေးတွေဘာတွေရှိလဲလို့ အဘ သုံးသပ်မိပါသလဲခင်ဗျ။

ဦးဝင်းတင် ။ ။ ကျွန်တော့်အမြင်အရ ပြောရရင်ဒေါ်အောင်ဆန်းစုကြည်က
ထူးချွန်ထက်မြက်တဲ့ခေါင်းဆောင် ဖြစ်တဲ့အတွက် တစ်ခုချင်း၊ တစ်ခုချင်းမှာ
သိပ်ပြီး ဝေဖန်စရာမရှိပါဘူး။

ဒါပေမယ့် မတူတာတွေတော့ ရှိတယ်။ဆိုပါတော့ဗျာ ...
သူ နဲ့ ကျွန်တော် အခြေခံအကျဆုံး မတူညီတဲ့ဟာဘာလဲဆိုတော့ ဒီနေ့အချိန်ထိ ဒီမိုကရေစီဆိုတာ
ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်အနေနဲ့ ပြောနေတာပါ။ ကျွန်တော်တို့ လုပ်နေရမှာက
အာဏာရှင်စနစ်ကို တိုက်ဖျက်နေရမှာ။

ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့တယ်၊အာဏာရှင်စနစ်ကို ဖြိုဖျက်နေရတာ။
ကျွန်တော်တို့ရဲ့ နိုင်ငံရေးက အင်္ဂလိပ်လိုပြောရရင် Dynamic အမြဲတမ်း ဖြစ်နေမှ
ကျွန်တော် ကြိုက်တယ်။

ကျွန်တော်တို့ နိုင်ငံရေးက ပုံမှန်ချောမွေ့နေတဲ့ Formal နိုင်ငံရေး မဟုတ်ဘူး။
Dynamic ဖြစ်တဲ့ နိုင်ငံရေးဗျ။
ဒီလိုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ကအမြဲတမ်း ယဉ်ကျေးသိမ်မွေ့ချင်တယ်။
သာယာငြိမ့်ညောင်း ဖြစ်ချင်တယ်။သက်တောင့်သက်သာ ဖြစ်ချင်တယ်။
ဒီမိုကရေစီနည်းလမ်းတကျ ဖြစ်ချင်တယ်။သူက အကုန်လုံး ချောမွေ့တဲ့နည်းနဲ့ သွားချင်တယ်။
သူက ပုံမှန်အတိုင်း သွားချင်တယ်။

သူ့မှာ တော်လှန်ရေးလုပ်နိုင်တဲ့ စွမ်းအင်တွေ ရှိတယ်။
တိုက်ပွဲဝင်နိုင်တဲ့ စွမ်းအားတွေ ရှိတယ်။သတ္တိတွေ ရှိတယ်။
သူက ရှစ်လေးလုံးကာလတုန်းကလည်း တိုက်ပွဲဝင်နိုင်တဲ့ စိတ်ဆိုတာ ရှိတာပဲ။
ဒါပေမယ့် သူက တိုက်ပွဲဝင်ချင်တဲ့စိတ်ကနည်းတယ်ဗျ။
သူက အမြဲတမ်း ချောချောမွေ့မွေ့နဲ့ ဒိုင်ယာလော့ဂ်တို့ ၊ ဘာတို့နဲ့ အပေးအယူ
လုပ်ချင်တယ်။

ကျွန်တော်တို့အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့
လွန်ခဲ့တဲ့ ၂၄ ၊ ၂၅ နှစ်ကာလက အာဏာရှင်စနစ်
ဆန့်ကျင်ရေးတိုက်ပွဲက ကောင်းပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော်တို့ရဲ့ နိုင်ငံရေးခေါင်းဆောင်သာ မဟုတ်ဘူး။
အခြား လူပေါင်းများစွာရဲ့ ခေါင်းဆောင်ပါ။
လူငယ်တွေ ၊ ကျောင်းသားလူငယ်တွေရဲ့ခေါင်းဆောင်လည်း ဖြစ်တယ်။
သတ္တိလည်း ရှိတယ်။
လုပ်ရည်ကိုင်ရည်လည်း ရှိတယ်။ထိုးထွင်းဥာဏ်လည်း ရှိပါတယ်။
သို့သော် ..
သူက အမြဲတမ်း ငြိမ်းချမ်းချင်တဲ့နည်းနဲ့လုပ်ချင်တယ်။
သာယာငြိမ့်ညောင်းစွာနဲ့ လုပ်ချင်တယ်။Very Formal နည်းလမ်းနဲ့လုပ်ချင်တယ်။

ဒါပေမယ့် .. ဒီနေ့ နိုင်ငံရေးအခြေအနေကဒီမိုကရေစီခေတ်ရောက်တာ မဟုတ်သေးဘူး။
လွှတ်တော်ရှိတာကလည်း ဒီမိုကရေစီလွှတ်တော် မဟုတ်ဘူး။
ရွေးကောက်ပွဲ လုပ်တာနဲ့လည်း ဒီမိုကရေစီစနစ်ကို မရောက်သေးဘူး။

အခုဟာက အာဏာရှင်တွေပဲဗျ။
လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းကရှိခဲ့တဲ့ အာဏာရှင်ပုံစံမျိုး မရှိပေမယ့်လည်း
အာဏာရှင်အတိုင်းပဲ ကျင့်သုံးတာပဲ။ပါနေတုန်းပဲ။
လုပ်တာကိုင်တာတွေကို ကြည့်မယ်ဆိုရင်
အိမ်တွေ ဖျက်တာ ၊ လယ်ယာတွေ သိမ်းတာတို့
ဆိုတာတွေက သူတို့ဟာ သူတို့ လုပ်ချင်တာ လုပ်နေတုန်းပဲ။
ဒီအာဏာရှင်စနစ်ကို မဖျက်နိုင်ရင် မရဘူးလို့ ကျွန်တော် ထင်တယ်။

ဒေါ်အောင်ဆန်းစုကြည်က Formal နိုင်ငံရေးကို လုပ်ချင်တယ်။
လွှတ်တော်အတိုင်းပဲ စည်းနဲ့ကမ်းနဲ့ လုပ်ပါလို့ ပြောတယ်။
စည်းကမ်းရှိဖို့လိုတယ်ဆိုတာ ဘယ်သူမှ ငြင်းစရာအကြောင်း မရှိဘူး။
သို့သော် Formal နိုင်ငံရေးက မဟုတ်သေးဘူး။
ဒီလို Formal နိုင်ငံရေးနဲ့ သွားတာ မမှန်ဘူးလို့ ကျွန်တော် ထင်တယ်။
ဒီနေ့ဟာ အာဏာရှင်စနစ် အကြွင်းအကျန်တွေရှိတယ်။

အင်္ဂလိပ်ခေတ်တုန်းကလည်း တော်လှန်ရေးတိုက်ပွဲဝင်ဖို့အတွက်
တို့ဗမာအစည်းအရုံးထဲမှာ ပြဿနာတွေ တက်ကြတာ။
ဗိုလ်ချုပ်အောင်ဆန်း အပါအဝင်ပေါ့ဗျာ။
သခင်စိုး ၊ သခင်သန်းထွန်းတို့ ဆိုရှယ်လစ်လမ်းစဉ်ကို ဆွေးနွေးကြတာ။
ဒါပေမယ့် တချို့သူတွေက မဟုတ်ဘူး။
လွတ်လပ်ရေးက အရေးကြီးတယ်လို့ ဆိုတယ်။
အဲဒီမှာ ဆိုရှယ်လစ်စနစ်က လျော့သွားတယ်။
သတင်းစာတွေကလည်း အပြန်အလှန် ရေးကြတယ်။
လွတ်လပ်ရေးအတွက် လုပ်ကြမယ်ဆိုပြီး ဖြစ်သွားတယ်။

ဗိုလ်ချုပ်အောင်ဆန်းက အလုံးစုံ မြင်တဲ့သူဆိုတော့
နောက်ဆုံးတော့ ရဲဘော်သုံးကျိပ် ဖွဲ့စည်းဖို့ ဖြစ်လာတယ်။
ဒီနေ့အချိန်မှာလည်း ဒီမိုကရေစီရေးအတွက်
လွှတ်တော် ပါလီမန်အတွင်းကနေ လုပ်မယ်ဆိုတာ
တကယ်တမ်းတော့ မရဘူး။

ကျွန်တော်ကတော့ အာဏာရှင်စနစ်ကို မြင်နေတယ်။
ဒီအာဏာရှင်စနစ်ရဲ့ အဓိက အကျဆုံးက
ဘာလဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပဲ။
ဒီနေ့အချိန်က အခြေခံဥပဒေတိုက်ပွဲပဲ။
ဒီအခြေခံဥပဒေမှ မပြင်ဘူးဆိုရင် မြန်မာပြည်နိုင်ငံရေးက ဘာမှ လုပ်လို့ မရဘူး။
ဒီလိုမှမဟုတ်ရင် စစ်အစိုးရရဲ့ နိုင်ငံရေးအတိုင်းဆက်လုပ်နေရမှာပဲ။

စစ်အစိုးရပြောနေတဲ့ စကားရှိတယ်။
အခုအခြေအနေက လမ်းခုလတ်လို့ ဆိုတယ်။
ကျွန်တော်ပြောချင်တာကတော့
လမ်းခုလတ်လို့တောင် မဆိုချင်ဘူး။
လမ်းသစ်ရှာပြီး ဆက်လျှောက်ချင်
လျှောက်ရတော့မယ်လို့ ထင်တယ်။

ကျွန်တော်ပြောနေတဲ့ တတိယ အရေးတော်ပုံ
ပေါ်နိုင်တယ်ဆိုတာ အဲဒါတွေပဲ။
ဒီ ၂၀၀၈ အခြေခံဥပဒေကို ပြင်ကို ပြင်ရမယ်။
ရအောင်ကို ပြင်ရမယ်။
ရွေးကောက်ပွဲက သိပ်အရေးမကြီးဘူးလို့ ကျွန်တော် ထင်တယ်။

Refး သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏
ဟံသာဝတီမိန့်မှာတမ်း စာအုပ်မှ ကောက်နုတ် ဖော်ပြပါသည်

No comments:

Post a Comment