Latest News

Friday, November 16, 2018

ဖျောက်နေသည့်ကြား ပျောက်မသွားသေးသူ ဒေါက်တာထင်အောင်


ကျွန်တော်တွေးမိသလို ရေးပါမည် (၂၉၀)
ဝင်းအောင်ကြီး (မောင်အောင်မွန်)
ဖျောက်နေသည့်ကြား ပျောက်မသွားသေးသူ ဒေါက်တာထင်အောင်
(၁)
၁၉၅၁ ခု၊ကျွန်တော် အကြိုတက္ကသိုလ်ဝင်တန်း (Pre- Matric) ရောက်လာ၍ အင်္ဂလိပ်စာ(၃)အုပ်ထဲ Selections From Burmese Folk-Tales By Maung Htin Aung လည်းပါသည်။ စာအုပ်ရေးသူသည် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာထင်အောင်မှန်းလည်း သိလိုက်ရသည်။ ကြားဖူးပြီးသား ရိုးရာပုံပြင်များပါ။ အသင်ပြကောင်းသောဆရာကြောင့် ဒေါက်တာထင်အောင်၏ အင်္ဂလိပ်စာရေးသားပုံကို မြည်းစမ်းခွင့်ရလိုက်ပြီ။
နောက်နှစ်ကျတော့ ရန်ကုန်တက္ကသိုလ်ရောက် သူငယ်ချင်းကိုတင်ညွန့်ထံမှ စာတွေထဲ ဒေါက်တာထင်အောင် အကြောင်းမကြာခဏပါ၏။ မမြင်ဖူးခင်ကတည်းက သဘောကျနေသော ဆရာကြီးအား ၁၉၅၃ ခု၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားအဖြစ် ဆုံခွင့်ကြုံခွင့်ရကတည်းက ကြိုက်လိုက်ရာ ယနေ့အထိပါ။
၁၉၀၉ ခု၊ မေလ (၁၀)ရက်နေ့ဖွား မောင်ထင်အောင်တို့ သားချင်း (၆)ယောက်အနက် ယောက်ျားလေး (၄)ယောက်ထဲ သူကအငယ်ဆုံးဖြစ်သည်။ မောင်တင်ထွဋ်၊ မောင်မြင့်သိန်းနှင့် မောင်ကျော်မြင့်ပြီးတော့မှသူပါ။ နှမနှစ်ယောက်က တင်စောမူနှင့် ခင်စောမူ။ ညီအစ်ကိုတွေထဲ နံပါတ်(၄) ဖြစ်သောကြောင့်နေပါလိမ့်မည်၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဖြစ်လာစဉ် အမျိုးသား အဆောင်လိုက် ဘော်လီဘောပြိုင်ပွဲ ဒေါက်တာထင်အောင်က သူချီးမြှင့်သည့်ဖလားကို 4th Brother’s Cup ဟုနာမည်ပေး၏။
ကျောင်းသားများက ညီပုလေးဒိုင်းဟု ချစ်စနိုးခေါ်ကြသည်။
(၂)
၁၉၄၈ ခု၊ စက်တင်ဘာလ (၁၈)ရက်ညကို ဒေါက်တာထင်အောင် မေ့၍ရမည်မထင်ပါ။
သူတို့အစ်ကိုကြီး ICS ဦးတင်ထွဋ်သည် သြဂုတ်လ(၁၆)ရက်နေ့ကမှ နိုင်ငံခြားရေးဝန်ကြီးအဖြစ်က နှုတ်ထွက်ကာ တပ်မင်းကြီးဖြစ်လာ၏။ စက်တင်ဘာလ (၁၇)ရက်ညတွင် သူအယ်ဒီတာချုပ်လုပ်နေသော New Time of Burma သတင်းစာ ခေါင်းကြီးပိုင်းရေး အပြန်ကားပေါ်သို့ လူတစ်ယောက်က လက်ပစ်ဗုံးပစ်ဖောက်ရာ ပြင်းထန်စွာ ဒဏ်ရာရ၏။ သွေးသံရဲရဲနှင့် ဆေးရုံကြီးသို့သယ်သွား၍ ဒေါက်တာထင်အောင်တို့ အပြေးအလွှား လိုက်သွားကြသည်။
ဦးတင်ထွဋ်သည် နဖူး၊ ဘယ်ဘက်မေး၊ ဘယ်ဘက်ပေါင်၊ ဘယ်ဘက်ဒူး၊ ဘယ်ဘက်ခြေမျက်စိ၊ ဘယ်ဘက်ခြေဖျား၊ဘယ်ဘက်လက်ဖျားထိပ်- ဒဏ်ရာပေါင်း (၈) ခုနှင့် လူးလှိမ့်ခံနေရသည်ကို ဒေါက်တာဘသန်းတို့ ကြိုးစားကုသနေကြ၏။ စစ်ဦးစီး ဗိုလ်ချုပ်စမစ်ဒွန်းရောက်လာ၏။ မနက်မိုးလင်းတော့ ရက်သားပူပူနွေးနွေး နိုင်ငံခြားရေးဝန်ကြီး နာမည်ကြီး ဦးကျော်ငြိမ်းနှင့် အတူရောက်လာသော ၀န်ကြီးချုပ် သခင်နုက အိန္ဒိယကဆရာဝန်ကြီး ပင့်ကာကုသလိုကြောင်း ပြောကြားသည်။
သို့သော်လည်း ည(၇)နာရီ (၃၅)မိနစ်အချိန်၌ ဦးတင်ထွဋ် ကွယ်လွန်သွား၏။
လူသတ်ကောင်ကို ရန်ကုန်ရဲမင်းကြီး ဦးအောင်ချိန်တို့ စုံစမ်းနေရာ ပေါ်လုလုအခြေတွင် သခင်နုတို့က ဦးအောင်ချိန်အား ဖယ်ရှားပြီး သူ့နေရာလူစားခန့်လိုက်သည်။ လူသတ်ကောင်ကို တပြည်လုံးသိကြပြီး သေသည်ထိပေါ်တင်ကြီးနေသွား၏။
ဒေါက်တာထင်အောင်သည် ပုထုစဉ်လူသားမို့ အဘယ်မှာလျှင် မနာကြည်းပဲ နေပါမည်နည်း။
(၃)
ရန်ကုန်မြို့ စိန်ပေါလ်ကျောင်းက ၁၀ တန်းအောင်သော မောင်ထင်အောင်၊ ပညာဆက်သင်ပုံ အကြောင်းရှာမရပါ။ အင်္ဂလန်နိုင်ငံ Oxford တက္ကသိုလ်နှင့် Cambridge တက္ကသိုလ်တို့တွင် တက်ခဲ့ပုံသာသွား တော့ရပါသည်။ Burmese Folk-Tales By Maung Htin Aung စာအုပ်ကို Oxford တက္ကသိုလ်က ၁၉၃၇ ခု၊၌ ပုံနှိပ်ထုတ်ဝေကြောင်းတွေ့ရသည်။
၁၉၃၆ ခု၊ ဒုတိယကောလိပ်သပိတ်အပြီး ပေါ်ထွက်လာသော အမျိုးသားတက္ကသိုလ် ညနေသင်တန်း၌ အင်္ဂလိပ်စာနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များ စေတနာ့ဝန်ထမ်း ပို့ချကြောင်း မှတ်တမ်းများတွင်ပါရှိသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ရန်ကုန်တက္ကသိုလ် ပြန်ဖွင့်သောအခါ ၁၉၄၆-၄၇ အထိ အုပ်ချုပ်ရေးမှူး၊ အခေါ်အဝေါ်ပြောင်းလိုက်၍ ၁၉၄၇-၅၉ ခု၊အထိ ပါမောက္ခချုပ်ဖြစ်ခဲ့၏။
၁၉၅၉ ခု၊ အိမ်စောင့်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်းက ဒေါက်တာထင်အောင်အား ပါမောက္ခချုပ်အဖြစ်က ဖယ်ရှားပြီး ဒုတိယအဓိပတိ အဖြစ်သို့ပို့လိုက်သည်။ ထို့နောက် သီရိလင်္ကာဆိုင်ရာ မြန်မာသံအမတ်အဖြစ် ကိုလံဘိုမြို့သွားရောက်အမှု ထမ်းရသည်။ ထိုစဉ်က သံအမတ်ဆိုသည်မှာ ယခင်ကကဲ့သို့ Career Diplomats များမဟုတ်တော့ဘဲ ပြည်တွင်း၌ မထားလိုသူများကိုသာ ခန့်လေ့ရှိ၏။
ဒေါက်တာထင်အောင်လို ပုဂ္ဂိုလ်အား ပဲခူတိုင်းလောက် မရှိတရှိနိုင်ငံသို့ ပို့ခြင်း၏နောက်ကွယ်က အကြောင်းကို စိတ်ဝင်စား၍ ကျွန်တော်ရှာဖွေလေ့လာရတော့သည်။
တပ်မတော်အရာရှိများ အရည်အသွေးမြင့်မားရေးကို အစဉ်တစိုက်လုပ်လေ့ရှိသော Brain of Army ဟု တင်စားခံရသူ ဗိုလ်မှူးကြီးမောင်မောင်က ဦးဆောင်ပြီး စစ်တက္ကသိုလ် (DSA) ဖွင့်ရန်စီစဉ်သည်။ ဘွဲ့ရပြီးမှ တပ်ထဲဝင်ခြင်းထက် (၁၀)တန်းအောင်ကတည်း စစ်ပညာနှင့် တက္ကသိုလ်ပညာ ပြိုင်တူသင်ကြခြင်း၏ သက်ရောက်မှုမို့ အစိုးရကလည်း သဘောတူဖော်ဆောင်ပေး၏။
ပါမောက္ခချုပ်ဒေါက်တာထင်အောင်တို့ကလည်း သင်ရိုးညွှန်းတမ်းများ ရေးဆွဲရာ၌ ၀င်ကူသလို ဆရာများလည်း စေလွှတ်ပေး၏။ သည်လိုနှင့် ၁၉၅၅ ခု၊ နှစ်တွင် စစ်တက္ကသိုလ် (DSA) ဖွင့်၏။ အဆင်ပြေ၏။ သို့သော်လည်း (DSA) သင်တန်းသားတွေထဲ တက္ကသိုလ်ဝင်စာမေးပွဲ မအောင်ပဲ တန်းမြင့် (High School Final) သာအောင်သူများ ပါနေ၍ ပြဿနာတက်လာပြီ။
(DSA)သည် ရန်ကုန်တက္ကသိုလ်နှင့် ဆက်နွှယ်ထားသည်။
ဘွဲ့ကိုလည်း ရန်ကုန်တက္ကသိုလ်ကသာ ပေးရပါမည်။ ရန်ကုန်တက္ကသိုလ်အက်ဥပဒေအရ တက္ကသိုလ်ဝင်စာမေးပွဲ အောင်သူများသာ ရန်ကုန်တက္ကသိုလ် တက်ခွင့်ရှိ၍ ဘွဲ့ပေးချိန်တွင် ပြဿနာဖြစ်မည်။ ဒေါက်တာထင်အောင်သည် ဥပဒေ ပါရဂူ ( LLD) ဘွဲ့ကို တက္ကသိုလ်ကြီး (၄) ခုလောက်က ရထားသူ၊ ၀တ်လုံတော်ရလည်း ဖြစ်နေသူ၊ ရန်ကုန်တက္ကသိုလ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူဖူးသူ စသည်တို့ကြောင့် ထိုကိစ္စအရေးကြီးပုံကို ကောင်းစွာသိ၏။
ထိုသင်တန်းသားများအား ထုတ်ပယ်ခြင်းမပြုဘဲ တက္ကသိုလ်ဝင်စာမေးပွဲ သီးသန့်လုပ်ပေးရန် အကြံပေးကမ်းလှမ်းသည်။ ပညာတတ် ဗိုလ်မှူးကြီးမောင်မောင် ( ပထ၀ီဝင် ပါမောက္ခ ဒေါက်တာ ဒေါ်သင်းကြည်၏မောင်) က သဘောပေါက်နားလည်၍ ပြဿနာပြေလည်ကာ (DSA) 1st Batch သင်တန်း ဆင်းနိုင်ခဲ့ကြပုံကိုကြည့်ပါ။
ဗထူး၌(၂)နှစ် မေမြို့သို့ပြောင်းပြီး(၂) နှစ် ပြည့်ပြီးနောက် သင်တန်းသား (၅၄)ယောက်အား စစ်ဘက် ဆိုင်ရာများစစ်ဆေးသလို ပညာပိုင်းဘာသာရပ်များက ရန်ကုန်တက္ကသိုလ်က သွားစစ်ပြီးနောက် အောင်စာရင်း ထွက်လာသောအခါ (၃၆) ယောက်အောင်သည်၊ ၁၉၅၉ ခု၊ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်တွင် အိမ်စောင့် အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်း အဓိပတိအဖြစ် ဘွဲ့လက်မှတ်များပေးပြီး ကြည်း-ရေ-လေ တပ်များ၌ ဗိုလ်များဖြစ်ခဲ့ကြ၏။
သို့သော်လည်း ထိုကိစ္စကို သေချာစွာ မသိသော ဗိုလ်ချုပ်ကြီးနေ၀င်းက ဒေါက်တာထင်အောင်အပေါ် အထင်လွဲဆဲဟု ဆိုကြ၏။ ထို့ပြင် တကသ နှင့် ရောလွန်း၍ ကြည့်မရခြင်းဟုလည်းဆိုကြပြန်သည်။
(၄)
တကယ်တော့ တကသ သည် ကျောင်းသားအားလုံးကို ကိုယ်စားပြုသည်ဟု ရန်ကုန်တက္ကသိုလ် အက်ဥပဒေ၌ အတိအလင်းဖော်ပြထားပါသည်။
တကသ ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ရန် ပါမောက္ခချုပ်၌ တရားဝင်တာဝန်ရှိ၏။ ၁၉၄၉ ခု၊၌ ကျောင်းသားအချို့သည် တောခို၍ဖြစ်စေ၊ တပ်မတော်ဘက်က ၀င်တိုက်ရင်းဖြစ်စေ တိုက်ပွဲတွင်ကျဆုံးကြ၏။ ပညာတိုင်းတစနှင့် အချိန်မတန်မီ သေဆုံးသွားရသူများအား ၁၉၅၀ ခု၊ တွင် ဂုဏ်ပြုဆုတောင်းပွဲတရပ်ကို တကသ အမှုဆောင်ဖြစ်ဖူးသူ ပါမောက္ခ ဒေါက်တာသာလှတိှု့နှင့်အတူ ပါမောက္ခချုပ်က ကျင်းပရာသို့ တကသ ဥက္ကဋ္ဌ ဦးမောင်မောင်ကျော်တို့လည်း တက်ရောက်ကြသည်။
တက္ကသိုလ်စာတိုက်ရှေ့ ကွင်းပြင်ကို အောင်ကျော်ရင်ပြင်ဟု ခေါ်တွင်စေသည်။
၁၉၅၃ ခု၊ သြဂုတ်လ တကသ ပထမအသုတ် ရွေးကောက်ပွဲ ပျက်သွားသည်။ အောက်တိုဘာ ကျောင်းပိတ်ရက်ကို တလအစား (၁၅) ရက်သို့ ပြောင်းလဲရန် ဆီနိတ်ကဆုံးဖြစ်ရာ၊ ကျောင်းသားများက မကျေနပ်ကြ၊ ယခင်ကကဲ့သို့ တလပိတ်စေချင်သည်။ ထိုသဘောထား တင်ပြမည့် တကသ မရှိ။ အဖွဲ့အစည်း ပေါင်းစုံကိုယ်စား Action Committeee ၀င်တို့အား ဒေါက်တာထင်အောင်က သူ၏မော်တော်ကားနှင့် ခေါ်ဆောင်ကာ ဒု အဓိပတိ ဒေါက်တာဘိုကြီးနှင့် ဆွေးနွေးညှိနှိုင်းစေသည်။ သို့သော် မပြေလည်။
ကမ္ဘာအလယ် ထယ်ဝါတင့်တယ်သော ရန်ကုန်တက္ကသိုလ်သို့ လက်နက်ကိုင်တပ်များဝင်ပြီ။
ကျောင်းသားတို့သွေး မြေကျရလေပြီ။ သီးခြားကင်းလွတ်သော တက္ကသိုလ် ( Independent University) ဖြစ်မှုတွင်းသို့ ၀င်ရောက်စွက်ဖက်မှုကို ပါမောက္ခတို့ တုံလှုပ်သွားကြ၏။ တကသ မရှိ၍သာထိုသို့ ဖြစ်ရဟုလည်း ယုံကြည်ကြသည်။
ထို့ကြောင့် တကသ အဓွန့်ရှည်ရေး ၁၉၅၄-၅၅ ခု ရွေးကောက်ပွဲကို ကြီးကြပ်ပေးရန် ပါမောက္ခ(၆)ဦး ပါဝင်သောအဖွဲ့ကို ဒေါက်တာထင်အောင်တို့က လုပ်ဆောင်ပေး၏။ ၁၆-၁-၅၁ နေ့တုန်းကလည်း တကသ က တက္ကသိုလ်ချင်းနှင့် နိုင်ငံခြား ဆက်သွယ်ရေးဋ္ဌာနဖွင့်ရာ ဒေါက်တာထင်အောင်က သဘာပတိ၊ တကသဥက္ကဋ္ဌ ဒု သဘာပတိ၊ ဒေါက်တာသာလှက ဘဏ္ဍာရေးမှူးအပြင် အခြားပါမောက္ခများ၊ ကျေင်းသားခေါင်းဆောင်များပါဝင် နိုင်ငံတကာ ဆက်ဆံရေးကိစ္စများစွာ ဆောင်ရွက်သည်၊ အစဉ်အလာ လမ်းဖွင့်ပေးခဲ့သည်။
ပါမောက္ခချုပ်တာဝန်နှင့်သာမဟုတ် တကသ အတွက်ဆို ဒေါက်တာထင်အောင်က လိုလိုလားလားပါ။
ထိုခေတ်က မြန်မာပြည်သို့ အလည်ရောက်လာသော နိုင်ငံခြာဧည့်သည်တော်ကြီးများ ရန်ကုန်တက္ကသိုလ်သို့ လာရောက်လေ့ရှိ၏။ ဘွဲ့နှင်းသဘင်ခန်းမ၌ အိမ်ရှင်အဖြစ် ဒေါက်တာထင်အောင်က ကြိုဆိုမိတ်ဆက်ပေးပြီးနောက် ကျောင်းသားများအား နှုတ်ခွန်းဆက်စကား ပြေကြားစေလေ့ရှိသည်။
၁၉၅၇ ခု၊ နှစ်က မြောက်ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်းအား ရန်ကုန်တက္ကသိုလ်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ (LLD) ကိုအဓိပတိဦးနုက အပ်နှင်းသည်။ စိတ်ဝင်စားသူများ တက်ခွင့်ရ၍ ကျွန်တော်လည်း ရောက်သွားသည်။ ဒေါက်တာထင်အောင်က ဧည့်သည်တော် သမတကြီးခင်ဗျာ၊ ကျွန်ုပ်တို့ တက္ကသိုလ်၏ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌပါ--ဟုကြောညာလိုက်ရာ ခေါင်းပေါင်းနှင့် တကသ ဥက္ကဋ္ဌ ဦးစိုးသိန်း
ဝင်လာတော့ တယောက်မကျန် မတတ်ရပ်ကာ ကြိုဆိုကြသည်။
ဒေါက်တာထင်အောင်က မိတ်ဆက်ပေးအပြီး ဦးစိုးသိန်းက ဟိုချီမင်းအား တကသ အလံငယ်ပေး၏။
(၅)
၁၉၅၆-၅၇ ခု၊ တွင် ကျွန်တော် ရန်ကုန်တက္ကသိုလ် ပဲခူးခရိုင်ကျောင်းသူ၊ ကျောင်းသားများအသင်း၏ အထွေထွေအတွင်းရေးမှူး အဖြစ်အရွေးခံရသည်။
တနေ့တွင် ပါမောက္ခချုပ်ရုံးသို့ အမြန်လာရောက်ရန် ဆင့်ခေါ်စာရရှိ၍ အပြေးအလွှားရောက်သွား၏။ ခပ်လှမ်းလှမ်းကသာ မြင်ဖူးသော ဒေါက်တာထင်အောင်အား အနီးကပ်မြင်ရ၊ နှစ်ယောက်ချင်း စကားပြောခွင့် ရလိုက်လေပြီ။ ရန်ကင်းကောလိပ်တွင် ပဲခူးသားများနှင့် စိန်ပေါလ်ကျောင်းသားဟောင်းများ ရန်ဖြစ်ကြသောကိစ္စ သွားရောက်ဖြေရှင်း ခိုင်းခြင်းဖြစ်ပါသည်။
အခြေအနေအရ ရန်ကင်းကိုဖြစ်စေ ထီးတန်းကိုဖြစ်စေ မလွှဲမရှောင်သာလို့ ပို့ထားရပေမေယ့် တက္ကသိုလ်ကျောင်းသား Gentleman ဆိုတာသိဖို့လိုတယ်၊ တက္ကသိုလ်ကျောင်းသားချင်း ရန်ဖြစ်တယ်ဆိုတာ ဟောဒီလို ဘယ်လက်သီးနဲ့ညာလက်သီး ထိုးသလိုပဲ၊ ကိုယ်ပဲနာတာတယ်မဟုတ်လား၊ အေး အဲဒါသွားရှင်းပြဟု ခေါ်ဆိုတာဝန် ပေးခြင်းဖြစ်သည်။
ဒေါက်တာထင်အောင်သည် ပဲခူးသား၊ စိန်ပေါလ်ကျောင်းသားဟောင်း။
သို့သော်ယခုကိစ္စ၌ ပါမောက္ခချုပ်အနေနှင့် ကျယ်ကျယ်ဝန်းဝန်း ရှုမြင်သုံးသပ်ကြောင်း ထိုစဉ်ကပင် ကျွန်တော်သဘောပေါက် နားလည်ခဲ့၏။ ဆရာက ကျောင်းသားများကိုချစ်၏။ ဆရာ့ကိုလည်း ကျောင်းသားများက ချစ်ကြ၏။
ထိုနှစ်တွင် ကျွန်တော်တို့ အမှုဆောင်အဖွဲ့က ပဲခူမဂ္ဂဇင်းထုတ်သည်။
ပါမောက္ခချုပ်၏ သ၀ဏ်လွှာ ချီးမြှင့်ဖို့ ကျွန်တော်သွားရောက် မေတ္တာရပ်ခံရာ ရေးပေး၏။ ဒေါက်တာထင်အောင် အဆုံးသတ်ထားပုံက -----I myself can claim to be a Puguan, as I was born at Pegu, and I offer my felicitations to my fellow Peguans. ထို့နောက် ဆရာ့နာမည်နှင့် ရှည်လျားလှသည့် ဘွဲ့များဖော်ပြထား၏။
၁၉၅၅ ခု၊ ဒီဇင်ဘာလ (၆) ရက်နေ့ကို ကျွန်တော်ကောင်းစွာ မှတ်မိနေသေး၏။
ထိုနေ့က ဆိုဗီယက် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး နီကေတာ ခရုရှော့ဖ်နှင့် ၀န်ကြီးချုပ် ဘူဂါနင်တို့ ရန်ကုန်တက္ကသိုလ်သို့ အလည်လာရောက်၍၊ အစဉ်အလာအတိုင်း ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင် ခန်းမ၌ ဧည့်ခံမိတ်ဆက်စကား အသီးသီးပြောကြားပြီး ပြန်အထွက်၌ ကျွန်တော်တို့ လက်ဝဲကျောင်းသားများ အနီးကပ်သွားကြ၏။ သုံးလေးယောက်လောက် လက်ဆွဲနှုတ်ဆက်လိုက်ရ၏။ အနားရောက်ဖို့ တိုးဝှေ့ကြရာ ကျွန်တော်လည်း အတော်နီးသွားပြီ။
ထိန်းမနိုင်သိမ်းမရ ဖြစ်တော့မည်။
တော်ကြရောပေါ့ကွာ-- ဧည့်သည်တွေကို အားနာဖို့ကောင်းတယ်ဟု အသံအုပ်ပြီး ခပ်တိုးတိုး သတိပေးရာ ဆရာ့စကား နားထောင်ကြရင်း ထိုစဉ်က ခေတ်စားသော ကြွေးကြော်သံကို တယောက်က ပါမောက္ခချုပ် ဒို့ဆရာ-- ကျန်ကျောင်းသားများက သက်တော်ရာကျော် ရှည်ပါစေသား ဟုဆိုကြ၏။ ခရုရှော့ဖ်နား မကပ်ရသော ကျွန်တော်သည် ဆရာ့အနားမှာရှိနေ၍ ပြုံးလိုက်သည့် ဆရာ့မျက်နှာကို ကောင်းစွာမြင်လိုက်၏။
နောက်တကြိမ် ပါမောက္ခချုပ် ဒို့ဆရာ--ဟုတိုင်သောအခါ ရှည်ပါစေ--ရှည်ပါစေ ဟု အော်ကြရာ ဒေါက်တာထင်အောင်က ဒီအရွယ်ရောက်မှတော့ ရှည်မယ်မထင်တော့ပါဘူးကွာလို့ ရယ်ကာပြောသည်။ ဆရာသည် ၀ပြီး အရပ်ပုသောကြောင့် ချစ်စနိုးကျီစားကြခြင်းပါ။
အဲဒါ ဒေါက်တာထင်အောင်နှင့် သူချစ်သေ သူ့ကိုချစ်သောကျောင်းသားများပါ။
(၆)
အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ကြီး(၁၅) အုပ်ရေးသားသူ ဒေါက်တာထင်အောင် မြန်မာလိုလည်း အရေးကောင်း အပြောကောင်း၏။
မြန်နိုင်ငံ ဘာသာပြန်စာပေ အသင်း အဖွဲ့ဝင်ဖြစ်၏။ စာပေဗိမာန်ရှေ့ မြက်ခင်းပြင်တွင် ညဘက် ဟောပြောပွဲများလုပ်၏။ ဒေါက်တာထင်အောင်က သူ၏ Thirty Seven Lords ကိုအခြေခံပြီး (၃၇) မင်း နတ်များအကြောင်း ဟောပြောရာ၊ လူ့ပြည့်လျှံနေ၏။ ကျွန်တော်လည်းသွား နားထောင်သည်။ ခပ်အေးအေး ရှင်းလင်းစွာပြော၏။ ဆရာ့မှာ ဟသရှိရာ ပြုံးပြီးပြော၏။
ဒေါက်တာထင်အောင်၏ ဂုဏ်သိက္ခာအရှိန်ကြောင့် ပရိသတ်က မရယ်ဝံ့သောအခါ သူကိုယ်တိုင် ရယ်ပြီးပြော၏။ ဘယ့်လောက်ချစ်စရာ ကောင်းလိုက်ပါသနည်း။
ဒေါက်တာထင်အောင်သည် သူပျော်မွေ့သော ရန်ကုန်တက္ကသိုလ် ပရ၀ဏ်မှ ထွက်ခွါသွားရသည်။ ပညာသင်ယူခြင်းနှင့် ပညာသင်ပေးခြင်း၌သာ သူ့ဘ၀ကိုနှစ်မြှုတ်ထားသူမို့ စာမသင်ပဲနေနိုင်သူမဟုတ်၊ ပါမောက္ခချုပ်ဘ၀နှင့်ပင် အင်္ဂလိပ်စာ ဂုဏ်ထူးတန်း၌ သွားရောက်ပို့ချသည်။
၁၉၆၂ ခု၊ မတ်လ (၂)ရက်နေ့၌ စစ်တပ်က အာဏာသိမ်းတော့ သူ့အစ်ကို တရားသူကြီးချုပ် ဦမြင့်သိန်း အဖမ်းခံရပြီး နှစ်အတန်ကြာ ထောင်သွင်းအကျဉ်းချခံရသည်။
မေလ(၉)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကြီးကို ကြေညာချက်တိုလေးနှင့်ဖျက်လိုက်၏။
ကိုယ်စားလှယ်စုံ (၄၀) ကျော် တက္ကသိုလ်ကောင်စီကို စစ်ဗိုလ်(၄)ဦး ကထိကတဦးနှင့်အစားထိုး၏
ဇူလိုင်လ (၇)ရက်နေ့တွင် ကျောင်းသားများစွာ ပစ်သတ်ခံရ၏။
ဇူလိုင်လ (၈)ရက်နေ့နံနက်တွင် တကသ အဆောက်အအုံ ဖြိုဖျက်ခံလိုက်ရ၏။
ထိုသို့သိရပြီးနောက် ဒေါက်တာထင်အောင်သည် သူချစ်သော ရန်ကုန်တက္ကသိုလ်တွင် သင်ပေးခွင့်မရတော့သည့်အဆုံး Columbia University တွင် ဧည့်ပါမောက္ခ သွားလုပ်သည်။ နှစ်စေ့သွား၍ Fake Forest University သို့ပြောင်း၏။ ထို့နောက် ဘာသတင်းမှ မကြားရတော့။
၁၉၇၈ ခု၊မေလ(၁၀) ရက်နေ့တွင် ကွယ်လွန်ကြောင်း နာရေးကြော်ပါလာသည်။
ထိုနေ့ထုတ် အစိုးရသတင်းစာတွေထဲ တပ်ထွက် စာရေးဆရာ ဆွေလှိုင်ဦး ကွယ်လွန်ကြောင်းသတင်း ဓာတ်ပုံများနှင့် ဝေေ၀ဆာဆာဖော်ပြကြ၏။ ဒေါက်တာထင်အောင်အကြောင်း သတင်းတို တ၀ါကျ စာတလုံး လေးပင်မပါ၊ ယခုဆောင်းပါးရေးချိန်ထိ ကျွန်တော်မှတ်မိ ခံစားရဆဲပါ။
(၇)
ကြုံတုန်း ဆုံခိုက် ကြိုက်လိုက်ရသူများ စာအုပ်ထဲထည့်ရန် ဒေါက်တာထင်အောင်အကြောင်း ရှာဖွေ၏။ Google ထဲအထိ လိုက်ပြီးဖျောက်ထားကြသည်။ ရန်ကုန်တက္ကသိုလ်အကြောင်းတွင်လည်း မထင်မရှား ၀ိုးတ၀ါးနှင့် နှစ်ကြောင်း၊ သုံးကြောင်း၊ ဆရာ့ပုံမတွေ့၊ ဦးနေ၀င်းပုံတွေ။
ဒေါက်တာထင်အောင်ဟုရှာပြန်ရာ ဒေါက်တာထင်အောင်တွေ အများကြီးတွေ့၏။ နာမည်တူမရှားကိုး။ တက္ကသိုလ်တွေပေါ P.hD တွေ ဒုနှင့်ဒေး ပေါကြွယ်ဝသည့် ဒေသ၌ တဦးတယောက်က သူသာလျှင် ကမ္ဘာကျော်စာအုပ်ကြီး (၁၅) အုပ်ကို ရေးသူပါဟု ပြောလာလျှင်လည်း ၀ိုင်းယုံကြပေလိမ့်မည်။
ဤဆောင်းပါရေးချိန်ထိတော့ စနစ်တကျ ၀ိုင်းဖျောက်ထားသည့်ကြား ဒေါက်တာထင်အောင်ကတော့ ပျောက်မသွားသေးဟု တွေးမိကြောင်းပါ။
၂၀၁၇ ခု၊ နိုဝင်ဘာလ (၁၄)ရက်နေ့

No comments:

Post a Comment