Latest News

Friday, October 12, 2018

ဒေါ်အောင်ဆန်းစုကြည် နှင့် NHK အင်တာဗျုး အပြည့်အစုံ (တတိယပိုင်း)


(၇) အောင်မြင်ခဲ့မှုများ ပြန်လည် စောင်းငဲ့ကြည့်ခြင်း
(၈) ဂျပန် အား မြန်မာပြည်မှ မည်မျှ အတိုင်းအတာ အထိ မျှော်လင့်ထားသနည်း။

(၇) အောင်မြင်ခဲ့မှုများ ပြန်လည် စောင်းငဲ့ကြည့်ခြင်း

** ပြီးခဲ့တဲ့ လ မှာပဲ ရှင်ရဲ့ ငါး နှစ် အစိုးရ သက်တမ်း တ၀က်ကျိုးသွားခဲ့ပြီ၊ အဲ့ဒီ နှစ် နှစ် ခွဲ အတွင်း အောင်မြင်မှု ရရှိခဲ့တာတွေ ဖေါ်ပြပေး နိုင်ပါသလား။ နိုင်ငံ ဖွံ့ဖြိုးရေး ၊ ဒီမိုကရေစီ အရေး တို့ နဲ့ စပ်လျင်းပြီးတော့ ပေါ့။

ရေတိုနဲ့ ပါတ်သက်ပြီး အနီးစပ်ဆုံး တွေတော့ ပြောရတော့မှာပေါ့၊ ဒါပေမယ့် ဒီအရာမျိုးတွေက ရေရှည်မှာ အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။ နှစ်နှစ်အတွင်း အောင်မြင်ခဲ့တာတွေက ရေရှည် တည်တံ့ခြင်မှ တည်တံ့လိမ့်မယ်။ တဖက်က ကြည့်ပြန်လည်း ကျမတို့ မျှော်မှန်းထားတာထက်တောင် အရှိန်အဟုန် နဲ့ သက်ရောက်စေနိုင်ပြန်တယ်။ ပထမဆုံး ပြောရရင်တော့ ကျမတို့ အရေးကြီးတဲ့ အကျင့်ပျက် ခြစားမှုတွေ နဲ့ ပါတ်သက်ပြီး တော်တော်လေးကို လုပ်နိုင်ခဲ့တယ်။ ဒီအတွက် အစိုးရအဖွဲ့ ထိပ်ဆုံး ပိုင်းမှာ ရှိတဲ့ လူတွေ အကျင့်ပျက် ခြစားမှုတွေ ကင်းတယ်လို့ ပြောလို့ရနိုင်သလို အောက်ခြေအဆင့်မှာ ဒီလို ပြောလို့ မရနိုင်သေးတဲ့ အနေအထား တွေမှာ ရှိနေသေးတယ်။

မကြာမီကလေးတင် ရန်ကုန်တိုင်း ရှေ့နေချုပ်ကို အကျင့်ပျက် ချစားမှု ဥပဒေနဲ့ အရေးယူနိုင်ခဲ့တာကို ရှင်လည်း ကြားခဲ့ပြီး ဖြစ်မှာပါ။ ရန်ကုန်တိုင်း ဆိုတာ နိုင်ငံတွင်းမှာ အရေးကြီးဆုံး ဒေသကြီး ဖြစ်ပြီး အဲ့ဒီမှာ ရှိတဲ့ ထိတ်တန်း ဥပဒေ အရာရှိကြီး တယောက် ကို အရေးယူနိုင်ခဲ့တာ ကြည့်ရင် ကျမတို့က ရှေ့ကိုဆက်သွားနေတယ်ဆိုတာ ကို ညွှန် ပြနေပါတယ်။ အခြား ဥပမာ အသေးစားမျိုးတွေ ပြနိုင်ပေမယ့် ဒီတခုက အတော်ကို ကြီးမားနေ့လို့ပါ။ သူနှင့်အတူ ပါဝင် ပါတ်သက်နေတဲ့ ရှေ့နေတွေ ရဲတွေကိုပါ အရေးယူထားခဲ့ပြီး ဖြစ်ပါတယ်။

ဒါက ရှေ့ကို လှမ်းနိုင်တဲ့ ခြေလှမ်းကြီး တခုပါ။ ဒါနဲ့ အတူ စီးပွားရေးကို လည်း ရှေ့ကို ရွေ့လျားနိုင်ဖို့ ဇောက်ချ လုပ်ကိုင်နေပါတယ်။ ကျမတို့ရဲ့ မြန်မာ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ဆို အခု ခေါင်းဆောင်မှု အသစ် အောက် ရောက်နေပါပြီ၊ မြန်မာ ကို ရင်းနှီးမြုပ်နှံမှုမှာ အကြိုက်တွေ့စေမယ့် နိုင်ငံတခု ဖြစ်အောင် လုပ်နေပါတယ်၊ ဒီနေရာ မှာ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ခွင့် အဆင်ပြေ ချောမွေ့ရေးကို လက်ရှိထက် ကောင်းအောင် လုပ်သွားဖို့လည်း ရှိပါတယ်။

လူမှုရေး ရှု့ထောင့် ကနေ ပြောရမယ် ဆိုရင် ပညာရေး၊ ကျန်းမာရေး တို့ကအစ ကျမအနေနဲ့ အတော်ကို ကျေနပ် ၀မ်းသာမိပါတယ်။ ကျန်းမာရေး နဲ့ ပညာရေး ရဲ့ ညွှန်းပြကိန်းတွေကြောင့်ပါပဲ၊ ပညာရေး ရဲ့ ၀ိသေသ လက္ခဏာတွေကလည်း နေရာတိုင်းမှာ တိုးတက်လာနေပါတယ်။ ဒါက အရေးအကြီးဆုံးပါ။ လူငယ်တွေ အတော်လေး လှုပ်ရှား တက်ကြွနေတယ်။ သူတို့အတွက် သင်ယူချင်တာတွေ လေ့လာနိုင်ကြပြီး သူတို့အတွက် တိုးတက်ရာ လမ်းကြောင်း ကို ရှာနိုင်လာကြတယ်။ ဒါနဲ့အတူ လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးရာ ဖွံ့ဖြိုးကြောင်း အထောက်အကူ ပြုလာနိုင်တဲ့ ပိုပြီး ပွင့်လင်းကျယ်ပြန်တဲ့ ၀န်းကျင် အနေအထားတွေ ရှာတွေ့လာကြတာတွေ ကြည့်ပြီး ကျမ အနေနဲ့ အတော်ကို အားတက်လာနေမိတယ်။ ပညာရေးမှာ ကျမတို့ လုပ်ချင်သလောက် တွန်းတိုက် လုပ်လို့မရသေးတာတွေတော့ ရှိနေတာပေါ့လေ။

ကျမတို့ ကလေးတွေက အရမ်းကို ညဏ်ရည်ထက်မြက် ထူးချွန်ကြပါတယ်။ အခွင့်အလန်းတွေ ရလာကြမယ်ဆိုရင် ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်သူနဲ့ မဆို ယှဉ်နိုင်တယ်။

အဲ့ဒီတော့ နှစ်နှစ် အတွင်း မဆိုးဖူး ပြောရမှာပဲ၊ အဲ့လို မဟုတ်ဖူး ဆိုရင် ပြောလို့ရတာက နှစ်နှစ်အတွင်း ရေရှည် တည်တံ့မယ့် အောင်မြင်မှု လို့ ပြန်လှည့်ကြည့်နိုင်တဲ့ အရာမျိုးပါပဲ၊ နှစ်နှစ်အတွင်း ပညာရေး နဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ လာမယ့် မျိုးဆက်သစ်တွေအတွက် ဖူလုံမှု တွေ အာမခံချက်တွေ ရနိုင်မယ့် အခြေခံ အုတ်မြစ်တွေ ချပေးနိုင်တဲ့ အနေအထား ရောက်လာပြီ၊ ကျမ အတွက်ကတော့ ဒါက အရေးကြီးဆုံးပါပဲ။

ဒါပေမယ်လည်း အခြား ကြည့်လို့ ရနိုင်တဲ့ နေရာတွေလည်း မရှိဖူး မဟုတ်ပါဖူး၊ ရှိနေပါတယ်။ ဥပမာ ပြောရရင် မူးယစ်ဆေး တိုက်ဖျက်ရေး တို့လို ပြဿနာတွေလေ၊ ဒါတွေကလည်း အနာဂါတ်အတွက် အုတ်မြစ် ချပေးနေတာမျိုးပါပဲ၊ ကျမ အတွက်ကတော့ အရေးကြီးဆုံး အောင်မြင်မှုတွေ လို့ မြင်ပါတယ်။

**ကျမ ရန်ကုန် ရောက်ခဲ့တုန်းက ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်နဲ့ ယှဉ်ရင် အခြေအနေတွေ အများကြီး ကောင်းလာတာ မြင်နိုင်ခဲ့ပါတယ်။ ဒါနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကကော၊ ဘာတွေ အောင်မြင်ခဲ့ပြီးပါပြီလဲ။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု…. ဒီစကားက ဘာဆိုလိုလဲဆိုတာ ကျမတော့ လုံးလုံး မသိပါဖူး။ ရှင်က ဖွဲ့စည်းပုံ ပြောင်းလဲဖို့ ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောနေရင် နိုး လို့ ပြောရမှာပါပဲ၊ ရှင် သိတဲ့ အတိုင်း ကျမတို့ ခုထိ ဖွဲ့စည်းပုံကို မပြောင်းလဲနိုင်ခဲ့သေးပါဖူး။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို နိုင်ငံရေး ဓလေ့ထုံးစံ သဘောအရဆိုရင် နိုင်ငံရေး ဓလေ့ထုံးစံ ဆိုတာမျိုး က ပြောင်းလဲဖို့ အချိန်ယူရပါတယ်။ ပြောင်းတာတော့ ပြောင်းလဲနေပါပြီ၊ လူတွေ အနေနဲ့ သူတို့ ပါဝင်ချင်တဲ့ နိုင်ငံရေးမျိုးကို လွတ်လွတ်လပ်လပ် ပါဝင် လုပ်ကိုင်ခွင့် ရနေကြပါပြီ၊ နိုင်ငံရေး နဲ့ ပါတ်သက်တဲ့ အဲ့ဒီအပိုင်းမှာ ပိုပြီး လုပ်နိုင်ကိုင်နိုင်စွမ်း ရှိလာနေပြီ၊ အဲ့တာကို ကျမ ဘယ်လို ပြောရမလဲ ဆိုတော့..အစိုးရရဲ့ တစိတ်တပိုင်း မဟုတ်တဲ့ နိုင်ငံရေး အခင်းအကျင်းတွေကို ပြောတာပါ၊ သူတို့အနေနဲ့ အခွင့်အရေး တွေ တောင်းဆိုလာကြသလို တချိန်တည်းမှာပဲ တာဝန် ယူရမယ့် အပိုင်းတွေလည်း ပါလာတယ်။

**လူတွေရဲ့ နိုင်ငံရေး စိတ်ဓါတ် ကို ဆိုလိုတာလား။

ဗမာတွေရဲ့ စိတ်ဓါတ်က အမြဲလို နိုင်ငံရေးဖက် အတော်လေးကို အားသန်လေ့ရှိကြပါတယ်။ နိုင်ငံရေး စိတ်ဓါတ်တွေ ရှိလာနေတာ အခွင့်အရေးတွေ တောင်းဖို့ တင် ဆိုလိုတာ မဟုတ်ဖူး ဆိုတာ သိလာနေကြပါပြီ၊ အချို့သော တာဝန် ၀တ္တရားတွေ ကို လက်ခံရမယ်ဆိုတဲ့ အဓိပ္ပါယ် ဆိုလိုကြောင်းလည်း သိနေကြပါပြီ၊

**ဖွဲ့စည်းပုံ ပြောင်းလဲရေး ကို ဘယ်လို ဖြစ်အောင် လုပ်ယူနိုင်မလဲ။

ပြည်သူတွေရဲ့ ဆန္ဒရှိရင် အောင်မြင်ရမယ်လို့ ကျမ အမြဲလို ယုံကြည်ထားပါတယ်။ ဒီမိုကရေစီကို အသွင် ကူးပြောင်းနိုင်ဖို့ ကျမတို့ နှစ်သုံးဆယ်ကျော် လုပ်ခဲ့ကြတာလည်း အဲ့ဒီ ယုံကြည်ချက်ကြောင့် ဖြစ်ပါတယ်။ ကျမတို့ အကြမ်းမဖက်ခဲ့တဲ့ အပြင် လူထု ဆန္ဒပြပွဲကြီး တခုတောင် ကျမတို့ ဦးဆောင်ပြီး မလုပ်ခဲ့ဖူးပါဘူး၊ ဥပဒေ ဘောင်အတွင်းက ပဲ ကျမတို့ တဖြေးဖြေး လုပ်ယူခဲ့တာပါ။ ရှင်မြင်တဲ့ အတိုင်းပဲ ရလာဒ်တွေ ထွက်ပေါ်လာခဲ့တာပါပဲ၊ ဒီရလာဒ်တွေကို ခိုင်မြဲသည်ထက် ခိုင်မြဲအောင် လုပ်ပြီး ရှေ့ကို တက်လှမ်းသွားရမှာပါပဲ၊

**ရှင်ရဲ့ ကျန်ရှိတဲ့ သက်တမ်း တ၀က်အတွက် ဘယ်လို ရည်မှန်းထားပါလဲ။

ရည်မှန်းချက် ဆိုတာ မှန်တဲ့ အသုံးအနှုန်းလားလို့တော့ ကျမ မသိဖူး၊ ကျမတို့မှာ အစီအစဉ်တွေ ရှိနေတာတော့ အမှန်ပဲ၊ စီးပွားရေး ကဏ္ဍနဲ့ ပါတ်သက်တဲ့ အစီအစဉ်တွေ၊ ဒီလိုပဲ လူမှုရေး နိုင်ငံရေး နဲ့ ပါတ်သက်တဲ့ အစီအစဉ်တွေ ရှိထားပြီးသားပါ။ ကျမတို့ စီးပွားရေး ကဏ္ဍ အတွက် ဘာတွေ စီမံချက် ချထားလဲလို့ ရှင် မေးမယ်ဆိုရင်တော့ ပျိုးထောင်ပေးဖို့ပဲ၊ အခြေခံ အဆောက်အအုံပိုင်းတွေ ခိုင်မာလာစေချင်တယ်၊ ရင်းနှီးမြုပ်နှံစရာ ရှိမယ့် လုပ်ငန်းတွေ တိုးချဲ့ပေးချင်တယ်။ လူမှုရေး ကဏ္ဍကို ကြည့်မယ်ဆိုရင် ကျမ စောစောက ပြောခဲ့တဲ့ အတိုင်း အဓိက အကျဆုံး က ကျန်းမာရေး နဲ့ ပညာရေး ပါပဲ၊ ဘာဖြစ်လို့လည်း ဆိုတော့ ကျန်းမာရေး နဲ့ ပညာရေး သာ လတ်တလောကော၊ ရေရှည် အတွက်ပါ ရလာဒ်တွေ ရနိုင်တာမျိုး မို့ပါ။ လူငယ်တွေ က အတတ် မြန်ကြတယ်ဆိုတာ ကျမတို့ သိလာခဲ့ပြီးပါပြီ။

သူတို့လေးတွေ လုပ်ခဲ့ကြတဲ့ တိုးတက်မှု အချို့ကို လက်ရှိမှာ မြင်တွေ့နေရပါပြီ၊ အနာဂါတ်ဆိုတာ ကိုတောင် စောင့်နေဖို့ မလိုတော့ပါဖူး၊ ပြီးတော့ နိုင်ငံရေး ကဏ္ဍမှာဆိုရင် ကျမတို့ အစိုးရ အဖွဲ့ရဲ့ အရေးကြီးဆုံး တာဝန်ယူ ဆောင်ရွက်နေတာကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေပဲ ဖြစ်ပါတယ်။ ကျမတို့ ဒီအကြောင်းတွေ မပြောရသေးပါဖူး၊ ဒါက အရမ်းကို အရေးကြီးနေပြီး ကျမတို့ ရှေ့ကို ဆက်သွားနေပါပြီ၊ ရှင်သိတဲ့ အတိုင်း ကျမတို့ ပင်လုံညီလာခံကြီးကို သုံးကြိမ်တိုင်တိုင် လုပ်ခဲ့ပြီးပါပြီ၊ အခက်အခဲတွေ ရှိနေပေမယ့် ညီလာခံ တခုစီတိုင်းမှာ တိုးတက်မှုတွေ ရလာခဲ့ပါတယ်။ ရှေ့ကို ဆက်သွားဖို့က သိပ်ကို ခက်ခဲမယ်လို့ အတော်များများက စိုးရိမ်မကင်း ဖြစ်နေပါတယ်။ အခက်အခဲတွေ ရှိနေပေမယ့် ညီလာခံ တိုင်း မှာ တိုးတက်အောင်မြင်မှု ရခဲ့တာတွေ အစီရင်ခံနိုင်ခဲ့ပါတယ်။ ကျမတို့ ဒါတွေ ကို ရှေ့ဆက်လုပ်သွားမှာ ပါပဲ၊ ဖွဲ့စည်းပုံကြီး ရှိနေတယ် ဆိုတာကလည်း မေ့ထားလို့လည်း မဖြစ်သေးပါဖူး။

**အခုထိတော့ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ လူမှုရေး နဲ့ အလေ့အကျင်တွေ ကို ပြုပြင်နိုင်ရေးမှာ ရှင့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့ လုံလောက်တဲ့ ခြေလှမ်းတွေ လှမ်းခဲ့ပြီးပြီလို့ ယုံကြည်ပါသလား၊

ဘယ်သူမဆို လုံလောက်နေပြီ လို့ မယူဆသင့်ပါဖူး၊ အဲ့လိုမျိုး အားရကျေနပ် မှု တွေ ဖြစ်သွားပြီဆိုတာနဲ့ ရှေ့လျောက် ကြိုးစားမှုတွေ လုပ်တော့မှာ မဟုတ်လို့ပါပဲ၊ ကျမတို့ လုပ်နိုင်တာတွေ အများကြီး ရှိနေသေးတယ်လို့ တွေးနေရမှာ ဖြစ်ပါတယ်။

**ရှင့်ရဲ့ စံတွေ မှတ်ကျောက်နေနဲ့ ဆိုရင် အခုထိ ရနေတဲ့ အောင်မြင်မှုတွေကို ဘယ်လို တန်ဖိုးဖြတ်မလဲ။

အဲ့လို အတိအကျ ဆိုရင် ရှေ့မှာ လုပ်နိုင်စရာတွေ အများကြီး ရှိတယ်လို့ ပြောရမှာပါပဲ။

(၇) ဂျပန် အား မြန်မာပြည်မှ မည်မျှ အတိုင်းအတာ အထိ မျှော်လင့်ထားသနည်း

**နောက်ဆုံး အနေနဲ့ မေးရရင် ဂျပန်ဆီက ဘယ်လို ထောက်ခံမှုမျိုးတွေ မျှော်လင့်ထားပါသလဲ၊ ရခိုင်ကိစ္စတင် မဟုတ်ပါဖူး၊ ဒီထက် ပိုကျယ်ပြန့်တဲ့ အတိုင်းအတာ နဲ့ ဆိုရင်ပေါ့။

ကျမ စောစောက ပြောခဲ့ပြီးပြီ ထင်ပါတယ်။ ကျမတို့ ဂျပန်ဆီက အကူအညီ နဲ့ ထောက်ခံမှုတွေ ရပြီးနေပါပြီ၊ ပိုလိုချင်တယ် ပြောရင်လည်း လောဘကြီးရာ ကျနေမယ်။ ၂ နိုင်ငံ အကြား ရှိပြီး ဖြစ်တဲ့ နားလည်မှု နဲ့ ချစ်ကြည်ရင်းနှီးမှုတွေကို ခိုင်မာအောင် တည်ဆောက်သွားလိုပါတယ်။ တချိန်တည်းမှာပဲ ကျမတို့က ပေးရမှာထက် အယူဖက်ကချည်း ဖြစ်နေတော့ တချိန်ကျရင် မိတ်ဆွေကောင်းပီသစွာ ပေးနိုင်သူတွေ ဖြစ်လာနိုင်ကောင်းရဲ့လို့ ကျမ အမြဲလို တွေးနေမိပါတယ်။

**ဂျပန် ပြည်သူတွေ အနေနဲ့ မြန်မာပြည်ကို ကြည့်ရှု့နိုင်ဖို့ ဘယ်လို မျှော်လင့်ထားပါသလဲ။

လာသာ လာခဲ့ပါ၊ ဗီဇာ မလိုတော့ပါဖူး၊ ကျမတို့ အခု ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက် ရထားပြီးပါပြီ၊ လာပြီး မြန်မာပြည်ကို ကြည့်လှည့်ပါ၊ ကျမတို့ တယောက်နဲ့ တယောက် ပြောနေတာတွေ အခြားနိုင်ငံတွေက သတင်းတွေ နားထောင်နေမယ့်အစား ကိုယ်တိုင်သာ လာခဲ့ပါ။

**ဘာဖြစ်လို့လဲဆိုတော့ ရခိုင် နဲ့ ရခိုင်လူမျိုးတွေ အပေါ် သတင်းတွေ အများကြီး ထွက်နေတော့ ဂျပန်နိုင်ငံသားတွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ အစိုးရ အရာရှိတွေက အဆိုးဖက်က အမြင်တွေ ရှိနေကြတယ်။

ကောင်းပြီ။ ဒါဆိုရင် ကိုယ်တိုင်လာပြီး ကြည့်ရတော့မှာပေါ့၊ ထိုင်ပြီး အဆိုးဖက်က မြင်နေမယ့်အစား လေယာဉ်ပေါ် တက်ပြီး အခြေအနေတွေ လာကြည့်ဖို့ အတော်ကို လွယ်နေပါပြီ။

**ရှင့်အနေနဲ့ ဂျပန် ပြည်သူတွေကော၊ ကမ္ဘာတ၀ှမ်းက လူတွေကိုပါ မြန်မာနဲ့ ပါတ်သက်ပြီး နားလည်မှုတွေ ရှိလာအောင် ဘယ်လို မက်ဆေ့ခ်ျ မျိုး ပေးချင်ပါလဲ။

နားလည် ပေးချင်တဲ့ လူက နားလည်ကြမှာပါပဲ၊ အခြေအနေတွေကို နားလည်ပေးချင်စိတ်နဲ့တော့ စရမှာပါပဲ၊ ဆိုလိုတာက အခြေအနေတွေကို ပိုပြီး သိမြင်လာအောင် စိတ်ကို ဖွင့်ပေးထားတာမျိုး ပါ၊ အားလုံးကို သိပြီးသားလို့ ယူဆထားရင်တော့ ဘာမှ လေ့လာစရာ တွေ တွေ့လာနိုင်မှာ မဟုတ်ပါဖူး။ အဲ့ဒီကျ တွေ့လာတဲ့ အခြေအနေတိုင်းကိုလည်း နားလည်မှုတွေ ကျယ်ကျယ်ပြန့် ပြန့် ပေးလာနိုင်စရာ မရှိတော့ပါဖူး။

**ရှင့်အနေနဲ့ မြန်မာပြည်ရဲ့ အခြေအနေအမှန်ကို ကမ္ဘာတ၀ှမ်းက လူတွေ သိမြင်လာဖို့ မျှော်လင့်နေပါသလား။

နားလည်စေချင်တယ် ဆိုတာ ကျမ ပြောခဲ့သလိုပါပဲ နားလည်ပေးချင်တဲ့ စိတ် ရှိမှ ဖြစ်မှာပါ။ ဆိုလိုတာက ရှင် သိထားတာတွေနဲ့ မတူတဲ့ အခြား ရှင်းပြလို့ရတဲ့ အကြောင်းတွေ ရှိနေတယ်ဆိုတာ လက်ခံဖို့ ပြင်ဆင်ထားရမှာကို ဆိုလိုတာပါ။
လှစိုးဝေ

No comments:

Post a Comment