Latest News

Friday, October 12, 2018

အစိုးရနှင့်သတင်းစာ




အစိုးရ၏အမှားကို ဖော်ပြရာတွင် သတင်းစာများအဖို့ အလွန်ကြောက်စရာကောင်းသည့် ပုဒ်မတစ်ခုသည်ကား 'အကြည်ညိုပျက်စေသော အရေးအသား' ဆိုခြင်းပင် ဖြစ်၏။ အမှားကိုဖော်ပြလိုက်လျှင် ဖတ်ရသောပရိတ်သတ်သည် ထိုအမှားကိုပြုသော အစိုးရအပေါ်၌ အနည်းနှင့်အများ 'အကြည်ညိုပျက်စေသည်' ဟု ဆိုနိုင်တော့သည်သာ ဖြစ်သောကြောင့် 'အစိုးရအကြောင်းနှင့်ပတ်သက်၍ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မကောင်းမရေးရ' ဟု ပိတ်ပင်တားမြစ်ခြင်းနှင့် အတူတူပင် ဖြစ်နေတော့သည်။

သို့ရာတွင် သတင်းစာကောင်းတို့မည်သည် 'အလွန်အရုပ်ဆိုးသောအမှားများကို တွေ့ရသည့်အခါ ၎င်းပုဒ်မဖြင့် ဆွဲချင်ဆွဲနိုင်သည်' ဟု သိသော်လည်း စွန့်စားဖော်ပြကြရ၏။ ဤသို့ စွန့်စားရာတွင် တိုင်းသူပြည်သားတို့၏ နိုးကြားခြင်းအခြေအနေကို ကြည့်၍ ပြုလုပ်ကြရ၏။ ပုဒ်မအလိုအားဖြင့်ဆိုလျှင် မကောင်းဘက်မှ ဘာတစ်ခုမျှ မဖော်ပြရမလောက် ဖြစ်နေ၏။ ဤတွင် သတင်းစာဆရာသည် မိမိအား အစိုးရက အရေးယူလျှင် တိုင်းပြည်က မည်သို့လက်ခံကြမည်ကို အကဲခတ်ရလေသည်။

တစ်စုံတစ်ခုသောအစိုးရသည် သတင်းစာများက အမှားဖော်ပြခြင်းကို မခံမရပ်နိုင်ဘဲ 'အကြည်ညိုပျက်မှု' နှင့် ခဏခဏ ဆွဲသည် ဆိုအံ့။ အဆွဲမခံရသောသတင်းစာများက 'ကောင်းပါလေစ' ဆို၍ ကြည့်နေကြသည်ဖြစ်စေ၊ တိုင်းသူပြည်သားတို့ကလည်း 'ဇတ်ရဲလှတဲ့လူ ဆွဲတာကောင်းတယ်' ဆို၍ အေးအေးဆေးဆေး နေလိုက်ကြသည်ဖြစ်စေ ရှိနေပါမူကား ၎င်းအစိုးရသည် လုပ်ချင်ရာလုပ်၍ ဝေဖန်သူပေါ်လာတိုင်း ဆွဲပေတော့မည်။ နောက်ဆုံးတွင် ၎င်းတိုင်းပြည်၌ အစိုးရအား ဝေဖန်ဝံ့သူ မပြူထွက်တော့ဘဲ ၎င်းအစိုးရ၏သဘောထားအတိုင်း ထင်ရာစိုင်းပိုင်ခွင့် ရှိပေတော့မည်။

စင်စစ်သော်ကား အစိုးရများသည် ဤသို့သောကိစ္စမျိုးတွင် တိုင်းသူပြည်သားတို့၏ နိုးကြားခြင်းအခြေအနေကို ကြည့်၍ စီမံတတ်ပေရာ၊ မိမိတို့ဆွဲသည်ကို ကာယကံရှင်မှတပါး ကန့်ကွက်သူမရှိဆိုပါက ရဲတင်းစွာ ဆွဲကြလိမ့်မည်သာဖြစ်၏။ သို့ဖြစ်၍ သတင်းစာသည်လည်းကောင်း၊ အစိုးရသည်လည်းကောင်း တိုင်းသူပြည်သားတို့၏ နိုးကြားမှုအလျောက် စခန်းသွားကြရ၍၊ နိုးကြားသောတိုင်းပြည်တွင် အစိုးရပင်လျှင် မဟုတ်တရုတ်လုပ်ရန် မဝံ့ဘဲဖြစ်ရသည့်အတွက်ကြောင့် 'သူ့ပြည်အားနှင့် သူ့အစိုးရ ထိုက်တန်သလောက်သာ ရသည်' ဟု ဆိုကြခြင်းဖြစ်ပေသတည်း။

ရွှေဥဒေါင်း




No comments:

Post a Comment