အဒေါ်ဖြစ်သူ အယ်လ်ခွန်းရီ၏ တေးသီချင်းများကို ပြန်လည်သီဆိုပြီး ပွဲခံဦးမည့် အဆိုတော် L ဆိုင်းဇီ
ဂီတလောကကို ၂ဝဝ၄ ခုနှစ်က စတင်ဝင်ရောက်ခဲ့ပြီး အသက် ၁၇ နှစ်အရွယ်နှင့် အဆိုတော်အဖြစ်ခံယူခဲ့သူ သူအောင်မြင်ခဲ့သည့် တေးသီချင်း ''မိုးရာသီ'' စီးရီးထဲမှ ''လှည့်ကြည့်ပါဦး'' သီချင်းက ပရိသတ်ရင်ကို ထိစေခဲ့ပြီး L ဆိုင်းဇီအနေနှင့် ကချင် တိုင်းရင်းသားထုတစ်ရပ်လုံးသာမက မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအထိ ပျံ့နှံ ပေါက်ရောက်အောင်မြင်ခဲ့သူတစ်ဦးလည်း ဖြစ်ခဲ့သည်။
မေး - ဒီတစ်ခါ ပရိသတ်ကို တင်ဆက်ဦးမယ့် ၊ဂီတပုံစံလေးတွေက ....
ဖြေ - အဒေါ်အယ်လ်ခွန်းရီရဲ့ သီချင်းတွေကို အဒေါ်နဲ့အတူ ပြန်ပြီး သီဆိုဖို့ရှိပါတယ်၊ နှစ်မကုန်ခင်တွေ့ရမှာပါ၊ အန်တီအယ်လ်ခွန်းရီ အောင်မြင်ခဲ့တဲ့ ချစ်ဓားပြလေး၊ မှားလား၊ စစ်ပွဲတော်ည စတဲ့ သူ့ရဲ့သီချင်းတွေ ကို ပြန်ဆိုပြီး MTVအဖြစ် လည်း ရိုက်ပြီးပြီဆိုတော့ အခု The Sun Musicကနေ ဖြန့်မှာပါ၊ ရိုက်ကူးပေးကြတာလည်း ကိုမောင်မောင်သန်း ၊ MRTV-4 ကလည်း ရိုက်ပေးတယ်၊ တက်သစ်စ လူငယ်ဒါရိုက်တာတွေလည်း ပါကြတယ်ဆိုတော့ အရင်ဆုံး ညီမလေးကိုယ်တိုင် သီဆိုထားတဲ့ ''လွန်းကြင်ငှက်''ဆိုတဲ့ သီချင်း လေးတစ်ပုဒ်ကို ပရိသတ်အတွက် အမြည်း သဘောလေးအနေနဲ့ တင်ဆက်ဖို့ရှိပါတယ်။ ဒီတစ်ပတ် အတွင်းမှာပါပဲ ၊ အမှန်အတိုင်း ပြောရရင်တော့ အောက်တိုဘာ ၂၇ ရက်က ဆိုင်းဇီရဲ့ မွေးနေ့ဖြစ်နေတယ်။ အဲ့နေ့ ထွက်ချင်တာပေါ့နော်၊ ဒါပေမယ့် အခုခေတ်အခြေ အနေအရ စီဒီကြီးပဲဆို အဆင်မပြေဘူး၊ ရုပ်လေးပါထည့်မှ အဆင်ပြေတာမျိုးဆိုတော့ အွန်လိုင်းမှာ အရင်တင်ပြီးမှပဲ နိုဝင်ဘာ မဟုတ်ရင် ဒီဇင်ဘာလအကုန်လောက် ရုပ်နဲ့အသံတွဲပါတဲ့ အခွေကိုထွက်ဖို့ စဉ်းစားထား ပါတယ်။
မေး - ပြန်ဆိုတေးဆိုတဲ့အခါ ဘယ်လိုပုံစံခွဲထွက်ပြီး ဖန်တီးသွားမှာလဲ။
ဖြေ - အကုန်လုံး ချိန်းထားတယ်၊ အခုဆို အန်တီရဲ့သီချင်းတွေကို စိတ်တိုင်း
ကျ တိုင်ပင်ပြီးမှ လုပ်ထားတာပါ၊ ဆိုင်းဇီ ၂ဝ၁၆ ခုနှစ် က ''အိပ်မက်ဆုံရာ''သီချင်းဆိုပြိုင်ပွဲမှာ ဒိုင်အဖြစ်နဲ့ လုပ်တုန်းက အဲ့ပွဲမှာ Winner ဆုရှင်ဖြစ်သွားတဲ့ မိုးသောက်နဲ့ ပြန်ဆိုထားတယ်၊ နောက်ထပ် အန်တီလည်းပါမယ်၊ ဘာလို့လဲဆို သူ့သီချင်းတွေဖြစ်တာမို့ သူကိုယ်တိုင်လည်း ပါဝင်ထားပါတယ်၊ နောက် ဆိုင်းဇီအစ်ကိုဖြစ်တဲ့ ကိုလအောင်ပါမယ်၊ အဆိုတော် ငဲငယ်လည်းပါမယ်။ သီချင်းအားလုံး စုစုပေါင်း ၁၁ ပုဒ် ပါမယ်၊ စီးရီးနာမည်ကိုလည်း ''မိုးကောင်းကင်ခရီး ''ဆိုပြီး နာမည်ပေးထားပါတယ်၊ ဒီသီချင်းလေးကို အရင်က အန်တီနဲ့ ဦးစိန်လွင်ဆိုခဲ့တယ်၊ နောက်ပိုင်း မဟေမာနေဝင်းနဲ့ ဦးညီထွဋ်တို့ စုံတွဲဆိုခဲ့တယ်၊ အခုတော့ ဆိုင်းဇီနဲ့ အစ်ကိုလအောင်နဲ့ တွဲဆို ထားပါတယ်၊ ပုံစံလေးတော့ ပြောင်းသွားမယ်ရှင့်။ ဂျပ်ဇ်ပုံစံလေးပေါ့နော်၊
မေး - ဒီအခွေလေးထွက်ခဲ့ရင် ၊ ပရိသတ်ရဲ့ အမျိုးမျိုးတုံ့ပြန်လာနိုင်မှုအတွက် ဆိုင်းဇီ ဘာတွေပြင်ဆင် ထားလဲ။
ဖြေ - ဒါကတော့ လူဆိုတာ လက်တောင်တစ်ချောင်းနဲ့တစ်ချောင်း မညီကြတာလေ၊ တစ်ယောက်က
ကောင်းတယ်ပြောမယ်၊ တစ်ယောက်က မကောင်းဘူးပြောမယ်၊ အဲဒီအတွက်တော့ ဆိုင်းဇီ လက်ခံနိုင်ရမှာပဲလေ၊ ကိုယ်ကအနုပညာရှင်ဖြစ်နေတာကို၊ ပတ်ဝန်းကျင်ကပြောတာကို ခံနိုင်ရည်ရှိရမှာပဲ၊ အနုပညာအလုပ်ကို လုပ်ရမှာကို၊ ဆိုင်းဇီအခုဆို ၁ဝ စုနှစ်ကျော်ပြီဆိုပေမယ့် ပြောခံနေရတုန်းပါပဲ၊ ဒါပေမယ့် အားလုံးအေးဆေးပါပဲ။ ဝေဖန်တယ်ဆိုတာ ကိုယ်ကိုချစ်လို့မဟုတ်လား။
မေး - နောက်ထပ်သီချင်း ဖန်တီးတာတွေ နည်းနည်းသွားသလိုပဲ ဘာကြောင့်လဲ။
ဖြေ - ဆိုင်းဇီအနေနဲ့ဆို အခုပြန်ဆိုတေးလုပ်ဖြစ်တာကလည်း ကိုယ့်အဒေါ် ရဲ့ သီချင်းတွေကို ပရိသတ်နဲ့ ရင်းနှီးမှုပြန်ယူတဲ့သဘောပါပဲ၊ ဖန်တီးမှုအသစ်တွေချမပြ နိုင်လို့တော့ မဟုတ်ပါဘူး၊ အခုဆို ဆိုင်းဇီရဲ့
ဖခင်က တေးရေးဆရာ လဇွန်တွဲဝါဆိုတာ အားလုံးသိပြီးသားပါ၊ ချစ်ပြက္ခဒိန်၊ ပင်စင်ယူပါဦး၊ လေယာဉ်ပျံ စတဲ့ သီချင်းတွေ ရေးသူပါ ၊ အဖေရေးပေးတဲ့ သီချင်းလေးတွေ ဆိုဖို့လုပ်နေတယ်၊ အခွေတစ်ခွေ ထပ်ထွက် လာဦးမှာပါ၊ ၂ဝ၁၆ ခုနှစ်လောက်ကလည်း ညီမ ''အစွဲအလမ်းကြီးသူ''ထွက်ခဲ့တယ်၊ ၂ဝ၁၇ မှာ ''အနှိုင်းမဲ့ ကျေးဇူးတော်'' တစ်ကိုယ်တော်ခွေထွက်တယ်၊ အခု ၂ဝ၁၈ မှာ လည်း အန်တီ့ သီချင်းခွေထွက်မယ်ဆိုတော့ သိပ်တော့မဝေးသေးပါဘူး။
ကိုလင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment