Latest News

Wednesday, October 10, 2018

ဒေါ်အောင်ဆန်းစုကြည် နှင့် NHK အင်တာဗျုး အပြည့်အစုံ (ပထမပိုင်း)

၂၀၁၈ အောက်တိုဘာ (၆) ရက်နေ့တွင် ဂျပန် အစိုးရ NHK မှ ဒေါ်အောင်ဆန်းစုကြည် နဲ့ သီးသန့် တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ကဏ္ဍ အလိုက် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမြင်များကို မေးမြန်းသွားခဲ့ပါတယ်၊

ဤသည်တို့က လက်ရှိ ပြဿနာများ အပြင် မြန်မာပြည်ရဲ့ နိုင်ငံခြားရေး မူဝါဒ၊ စီးပွားရေး၊ လူမှုရေး အပေါ် တိုင်းပြည် ခေါင်းဆောင်ရဲ့ ရှု့မြင် ချက် များ ဖြစ်လို့ လေ့လာ ထားသင့်တဲ့ အတွက် အပိုင်း (၃) ပိုင်း ခွဲပြီး တင်ပြသွားပါမယ်။

(၁) ဂျပန်-မဲခေါင် ဆက်ဆံရေး
(၂) တရုတ်၏ သြဇာလွှမ်းမိုးလာမှု
(၃) ရိုဟင်ဂျာ ပြဿနာ
(၄) ရိုဟင်ဂျာ ပြဿနာ အပေါ် ဂျပန်၏ ရပ်တည်ချက်
(၄) ရိုက်တာ သတင်းထောက်များ အဖမ်းခံရမှု
(၅) နိုင်ငံတကာမှ ဝေဖန် ပြစ်တင်မှုများ
(၆) အောင်မြင်ခဲ့မှုများ ပြန်လည် စောင်းငဲ့ကြည့်ခြင်း
(၇) ဂျပန် အား မြန်မာပြည်မှ မည်မျှ အတိုင်းအတာ အထိ မျှော်လင့်ထားသနည်း။

(၁) ဂျပန်-မဲခေါင် ဆက်ဆံရေး

**နှစ် နှစ် အတွင်း ဂျပန် ကို နောက်တခေါက် ပြန်လာပြီး တဲ့ အခါ ဘယ်လို ထင်မြင်ပါလဲ။

ကျမ အနေနဲ့ နှစ်နှစ် အတွင်း ဂျပန် အနေနဲ့ အပြောင်းအလဲ ကြီးကြီးမားမား ရှိတယ်လို့ မပြောနိုင်ပါဖူး၊ ကျမ အနေနဲ့ကလည်း ပြောင်းလဲလား မပြောင်းလဲလား ပြောလို့ရအောင် အနည်းဆုံး နှံ့နှံ့စပ်စပ် ကြည့်မှလည်း ဖြစ်မှာဆိုတော့၊ ဒါပေမယ့် ဂျပန်က သိသိသာသာ ကြီး ပြောင်းလဲသွားလိမ့်မယ်လို့တော့ မထင်ခဲ့ပါဖူး၊ ပြီးခဲ့တဲ့ ဆယ်စုနှစ် များစွာကတည်းက ဂျပန်က ပုံမှန်တိုးတက်လာနေတဲ့ နိုင်ငံလည်း ဖြစ်နေတာကိုး။

**ဂျပန်ကို အခုလို လာတဲ့ ခရီးစဉ်ကနေ ဘယ်လို ရလာဒ်တွေ ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါလဲ။

အခု လာရတဲ့ အဓိက အကြောင်းကလည်း ဂျပန်-မဲခေါင် ဆက်ဆံရေး ကြောင့်ပါ။ ဂျပန်-မဲခေါင် ဆက်ဆံရေးကလည်း အမြဲတမ်းလို ကောင်းမွန်ပြီးသား လည်း ဖြစ်နေပါတယ်။ ပြီးတော့ ကျမတို့ တဦး နှင့် တဦး ပိုပြီး ထိတွေ့ဆက်ဆံလာနို်င်လေ၊ တဦး အကြောင်းကို တဦး ပိုပြီး သိနားလည်လာနိုင်တာကြောင့် ကျမတို့ နိုင်ငံတွေ အကြား ဆက်ဆံရေးလည်း ပိုပြီး ခိုင်မြဲလာနိုင်ပါတယ်။

**ဂျပန်ရဲ့ ပုဂ္ဂလိက အပိုင်းကနေ ပိုပြီး ရင်းနှီးမြုပ်နှံ လာဖို့ မျှော်လင့်ထားပါသလား။

ကျမကတော့ ‘မျှော်လင့်တယ်’ ဆိုတဲ့ စကားက လုံးလုံးလျားလျား မှန်ကန်တယ်လို့  မထင်ပါဖူး၊ ဘာဖြစ်လို့လည်း ဆိုတော့ ကျမတို့ အနေနဲ့ ဂျပန်က လာရောက်ရင်းနှီးမြုပ်နှံသူတွေအတွက် အခြေအနေတွေ ပံ့ပိုး ပေးထားပြီး ဖြစ်နေတာမို့ ပိုပြီး ရောက်လာကြဖို့ပဲ ရှိပါတယ်။ ဒီအတွက် မျှော်လင့်မှု ဆိုတာလောက်ထက် ပိုပြီး မျှော်လင့်ကြပါစို့လား၊

**ဖူကူးရှီးမား က ဂျပန်ရွာ တရွာကိုလည်း အလည်သွားဖို့ ရှိနေတော့ တွေ့ခဲ့မြင်ခဲ့ရတာတွေကနေ တခုခု လေ့လာနိုင်လိမ့်မယ်လို့ ယုံကြည်မိပါသလား။

ကျမကလည်း ဒီတခါတော့ မြို့ကြီးပြကြီးတွေ အစား ကျေးရွာတွေကို သွားဖို့ပဲ ရွေးချယ်ခဲ့ပါတယ်။အရင်အခေါက်တွေတုန်းက မြို့ကြီးတွေ အတော်များများကို ကျမ ကြည့်ခွင့်ရခဲ့ပေမယ့် တခါမှ ဂျပန် ရဲ့ ကျေးလက် ဘ၀ကို အခုလို လေ့လာခွင့်မရခဲ့သေးပါဖူး၊ ဂျပန်ရဲ့ တိုးတက်မှုတွေက ဂျပန် ကျေးရွာသူ ကျေးရွာသား တွေနဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍ ကို ဘယ်လို အကျိုး ရှိအောင် ဖေါ်ဆောင်နိုင်ခဲ့သလဲဆိုတာ မြင်ရသိရရင် ကျမတို့ အတွက် အလွန်ကို အကျိုးရှိလာနိုင်စရာ ရှိပါတယ်။ အားလုံးသိကြတဲ့ အတိုင်းပဲ မြန်မာနိုင်ငံက လယ်ယာ စိုက်ပျိုးရေး အခြေခံထားတဲ့ နိုင်ငံ ဖြစ်တော့ ဖွံ့ဖြိုးမှုကို ဖေါ်ဆောင်ရာမှာ အခွင့်အလန်းတွေ ကို ဖန်တီးပေးနိုင်သလို စိမ်ခေါ်မှုတွေ ပြဿနာတွေ ရှိလာစမြဲပါ။ ဥပမာ အားဖြင့် ကျေးရွာတွေမှာ နေထိုင်တဲ့ လူတွေ နည်းပါးလာနိုင်တာမျိုးတွေ ဒါမျိုးတွေကို ကျမတို့ အနေနဲ့ ကြိုပြီးစဉ်းစားထားဖို့ လိုပါတယ်။ ပြဿနာဆိုတာကြီးက ကိုယ့်ရှေ့ကို တည့်တည့်ရောက်လာပြီဆိုမှတော့ ရှင်းဖို့ အတော် ခက်ပါတယ်။

**တနင်္လာနေ့မှာ မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေး တက်ဖို့ ရှိနေတော့ ဒေသတွင်း နဲ့ မြန်မာ အပါအ၀င် ဂျပန်ရဲ့ ရပ်တည်မှု အနေအထားနဲ့ ပါတ်သက်ပြီး ဘယ်လို ချင့်တွက်ထားပါသလဲ။

မြန်မာ နဲ့ ပါတ်သက်ပြီး ဂျပန်ရဲ့ ရပ်တည်မှုက ကျမတို့ လွတ်လပ်ရေး ရတဲ့ နှစ်တွေ က စလို့ ပြောရရင် အမြဲလို ကောင်းနေပြီး အထူးသဖြင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနိုင်ခဲ့ကြပါတယ်။ ဂျပန်ပြည်သူ တွေ နဲ့ ကျမတို့ မြန်မာ တွေ အကြားမှာ စိတ်ခံစားမှု ပိုင်း ရော ရုပ်ပိုင်ဆိုင်ရာမှာ ပါ အတော်လေး တဦး နဲ့ တဦး အသိခက်ခဲလှတဲ့ သဘောကျ နှစ်ခြိုက်မှုတွေ ရှိနေတယ်လို့ ကျမ ထင်ပါတယ်။ ဒီလိုမျိုး ဆက်ဆံရေးကို ကျမတို့ နှစ်ပေါင်းများစွာ ထိမ်းသိမ်းလာခဲ့ပြီးသား ဆိုတော့ အခုလည်း ဂျပန်နဲ့ နှစ်နိုင်ငံ ချင်း တင် မကတော့ပဲ ဒေသတွင်း နဲ့ နိုင်ငံစုံ ပါဝင်တဲ့ ဆက်ဆံရေးမျိုး ပုံစံ ဖြစ်လာပြီဆိုတော့ ကျမတို့ ဆက်ဆံရေးကို ပို ပြီးပြည့်စုံလာနိုင်တဲ့ ရှု့ဒေါင့်ပေါင်းစုံ ပံ့ပိုး ပေးနိုင်လိမ်မယ် လို့ ထင်ပါတယ်။

(၂) တရုတ်၏ သြဇာလွှမ်းမိုးလာမှု

**တဖက်က မဲခေါင်ဒေသကို ကြည့်ပြန်ရင်လည်း တရုတ် က အကျိုးစီးပွားတွေ အတောာ်များများ လက်ဝယ်ရှိနေခဲ့ပြီး အခု Belt and Road Initiative (BRI) ကိုလည်း တွန်းတွန်းတိုက်တိုက် လုပ်ဖို့ စီစဉ်နေပြီ ဆိုတော့ မြန်မာက ဒီစီမံချက် အောင်မြင်ဖို့ ပထ၀ီ အနေအထားအရ အတော်ကို အရေးပါမှန်း သဘောပေါက်နေကြပါတယ်။ ဥပမာ ရခိုင်ပြည်နယ်မှာရှိတဲ့ ကျောက်ဖြူ ဆိုကြပါစို့၊ အဲ့ဒီဒေသမှာ အထူး စီးပွားရေး ဇုံ၊ ပင်လယ် ရေနက် ဆိပ်ကမ်း၊ ရေနံ နဲ့ ဓါတ်ငွေ့ ပိုက်လိုင်း စီမံချက်တွေ ရှိလာနေပါတယ်။ အဲ့ဒီတော့ BRI ကနေပြီး မြန်မာ အနေနဲ့ အကျိုး အမြတ်တွေ ခံစားနိုင်လိမ့်မယ်လို့ ယုံကြည်ပါသလား။

ကျမတို့ BRI နဲ့ ပါတ်သက်ပြီး တရုတ် နဲ့ အပြန်အလှန် အကျိုးရှိစေရမယ်လို့ နားလည်မှု ရထားပြီးပါပြီ။ ဒါကလည်း နိုင်ငံတွေအကြား ဘယ်လို အတူတကွ လုပ်သင့်လဲ ဆိုတာပါပဲ၊ ကျမတို့ အနေနဲ့လည်း ဒီလို အပြန်အလှန် အကျိုး ရှိအောင် ဘယ်လို နည်းလမ်းမျိုး လုပ်သွားမကြမလဲဆိုတာကို ကြိုတင် စီမံ ထားရပါတယ်။ ရှင် ခုန ပြောသလို BRI နဲ့ ပါတ်သက်ပြီး ကျမတို့နိုင်ငံက ပထ၀ီ သဘောအရ အလွန်အရေးပါတဲ့ အနေအထားမှာ ရှိနေတာဆိုတော့ ဒေသတွင်း ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲအောင် လုပ်နိုင်မယ့် ပုံစံမျိုးမှာလည်း ရှိနေပါတယ်။ ကျမတို့ အဖို့ နိုင်ငံတခုနဲ့ ဆက်ဆံရေး ခိုင်မြဲအောင် ပြုလုပ်နိုင်ရင် အခြား နိုင်ငံတွေ နဲ့လည်း အလားတူ ဆက်ဆံရေး ခိုင်မာလာအောင် ပြုလုပ်နိုင်ရေးမှာ အထောက်အကူ ဖြစ်တယ်လို့ ယူဆထားပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ တကယ်တမ်းကျ ကမ္ဘာကြီးဆိုတာ တခုတည်းပဲ ရှိနေတာမို့ပါ၊ ကျမတို့ အနေနဲ့ အခြားကမ္ဘာကို ရွှေ့သွားလို့လည်း ဖြစ်နိုင်တာ မဟုတ်ပဲ ဒီကမ္ဘာကြီးမှာပဲ အားလုံး အတူတကွ နေထိုင် သွားကြရမှာပါ။ ဒီတော့ ကျမတို့ ဆက်ဆံရေးက ဘက်စုံ ခြုံငုံပြီး ပြောင်းလွယ် ပြင်လွယ်လို့ရတဲ့ ပုံစံမျိုးပဲ ရှိသင့်ပါတယ်။

**မြန်မာအနေနဲ့ ရနိုင်မယ့် အကျိုး အမြတ်နဲ့ နှိုင်းယှဉ်ရင် ပရိုဂျက် ပမာဏ က ကြီးလွန်းလှတယ် ဆိုတဲ့ စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ ဒေသတွင်း က အခြားနိုင်ငံတွေလို အကြွေးထောင်ချောက်ထဲ မြုပ်ကောင်း မြုပ်သွားနိုင်ပါတယ်။ ရှင့် အနေနဲကော အဲ့လို စိုးရိမ်တာမျိုး ရှိပါသလား။

ကျမ စောစောက ပြောခဲ့တဲ့ အတိုင်း ချစ်ကြည်ရေး နဲ့ ဆက်ဆံရေး ပိုင်းမှာ ပြောင်းလွယ် ပြင်လွယ်လို့ ရတဲ့ သဘောမျိုး ရှိရပါမယ်၊ ရေရှည်တည်တံ့မယ့် ဆက်ဆံရေးမျိုး ဆိုတာ အပြန်အလှန် အကျိုးရှိနိုင်မှ ဖြစ်မယ်ဆိုတာ အမြဲလို စိတ်ထဲမှာ ရှိပါတယ်။ ဒီအတွက်လည်း တဦး နဲ့ တဦး နားလည်ထားကြပြီးပါပြီ၊ ဒီလိုမျိုး သဘောရှိမှလည်း ကျမတို့ အတိုင်းအတာနဲ့ အောင်အောင်မြင်မြင် အကောင်အထည် ဖေါ်သွားဖို့ သေချာမှာလည်း ဖြစ်ပါတယ်။

(၃) ရိုဟင်ဂျာ ပြဿနာ

**ရိုဟင်ဂျာ လို့ ခေါ်တဲ့ လူတွေနဲ့ စပ်လျင်းပြီး ရခိုင် ပြည်နယ် အတွင်း ပြဿနာတွေဖက် လှည့်ပါရစေ၊ ဘာကြောင့်လည်း ဆိုတော့ ဂျပန်-မြန်မာ ဆက်ဆံရေး အတွက်လည်း အရေးကြီးနေလို့ပါ။ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုရှိတယ် ဆိုပြီး စွပ်စွဲခံနေရတာတွေနဲ့ ပါတ်သက်ပြီး နိုင်ငံတကာရဲ့ အပြင်းအထန် ဖိအားပေးမှုတွေ မြန်မာ အနေနဲ့ ရင်ဆိုင်နေရပါတယ်။ ကုလ အချက်အလက်ရှာဖွေရေး အဖွဲ့ကလည်း မြန်မာ စစ်ဗိုလ်ချုပ်ကြီး အချို့ကို လူမျိုးတုံး သတ်ဖြတ်မှုအတွက် နိုင်ငံတကာ ဥပဒေ နဲ့ အညီ တရားစွဲသင့်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။ ပြီးတော့ နိုင်ငံတကာ ရာဇ၀တ်မှု ဆိုင်ရာ တရားရုံး (အိုင်စီစီ) ကလည်း ရိုဟင်ဂျာတွေ နှင်ထုတ်တာနဲ့ ပါတ်သက်ပြီး သူတို့မှာ တရားစီရင်ပိုင်ခွင့် ရှိနေတယ် ပြောနေပြန်ပြီ။ ရှင့် အနေနဲ့ နိုင်ငံတကာ အသိုက်အ၀န်းက အခုလို ထွက်လာတဲ့ အသံတွေကို ဘယ်လို တုန့်ပြန်မလဲ။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတိုင်း အလေးထားရမယ့် စည်းမျဉ်း နှစ်ခု ရှိပါတယ်။ တခုက နိုင်ငံတကာ အသိုက်အ၀န်းမှာ ရှိနေတယ် ဆိုတာရယ်။ နောက်တခုက ကိုယ်ပြည်သူတွေအတွက် တာဝန်ရှိနေတဲ့ အချုပ်အခြာ အာဏပိုင် လွတ်လပ်တဲ့ နိုင်ငံတခု ဖြစ်နေရမယ် ဆိုတာတွေ ပဲ ဖြစ်ပါတယ်။ ကျမတို့ အားလုံးလည်း ဒီစည်းမျဉ်း နှစ်ခုအကြား ဟန်ချက်ညီအောင် ကြိုးစားနေကြရပါတယ်။ ကျမတို့ အနေနဲ့ လူ့အခွင့်အရေးကို လုံးဝယုံကြည်မှု ရှိပါတယ်။ ဒါပေမယ့် ရေရှည်မှာ လူ့အခွင့်အရေးကို ထိမ်းသိမ်းနိုင်ဖို့က တရားဥပဒေ စိုးမိုးရေး နဲ့ အထူးသဖြင့် ကျမတို့ နိုင်ငံမှာ အချင်းချင်း ပြန်လည် ပြေလည်နိုင်မှသာ ဖြစ်ပါလိမ့်မယ်။ ကျမတို့ နိုင်ငံမှာ မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးစု ၁၃၀ ကျော်နဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့ အပြင် လွတ်လပ်ရေး ရပြီးကထဲက ဖြစ်နေတဲ့ ပြည်တွင်းစစ်ကြီး ကိုလည်း ရင်ဆိုင် ဖြေရှင်းနေရပါတယ်။ ကျမတို့လို နိုင်ငံမျိုးတွေမှာ တရားဥပဒေ စိုးမိုးရေး နဲ့ တရားမျှတမှု ဆိုတာကို လူတိုင်းက လက်ခံရမယ့် အရာမျိုး ဖြစ်ပါတယ်။ ကျမတို့ ပြည်သူတွေရဲ့ ခံယူထားတဲ့ အမြင်တွေနဲ့ နိုင်ငံတကာ က အမြင်တွေကို ချိန်ညှိစဉ်းစားပေးရမှာ ဖြစ်ပြီး ဒါကလည်း တရားမျှတမှု ဆိုတဲ့ ခိုင်မာလှတဲ့ မူတွေပေါ်သာ အခြေခံပြီး စဉ်းစားရမှာ ဖြစ်ပါတယ်။

အိုင်စီစီ နဲ့ ပါတ်သက်ပြီး ပြောရရင် သူတို့ထဲက အဖွဲ့ဝင်တဦးကိုယ်၌က တောင် အိုင်စီစီရဲ့ ဆုံးဖြတ်ချက်က မှန်ကန်မှု ရှိရဲ့လားလို့ မေးခွန်းထုတ်လာခဲ့ပါတယ်။ ကျမတို့ အမြင်ကို ပြောရမယ်ဆိုရင် အိုင်စီစီရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုအကြောင်းကြောင့် နဲ့ဖြစ်ဖြစ် အားပေးမှာ မဟုတ်ဖူးဆိုတဲ့ ကျမတို့ရဲ့ တရားဝင် သဘောထားကို ပြောခဲ့ပြီး ဖြစ်ပါတယ်။ ရှင့်အနေနဲ့လည်း သိပြီး ဖြစ်မှာဆိုတော့ ကျမ အသေးစိတ် ထပ်ပြောမနေတော့ပါဖူး၊ ကျမ ထပ်ပြောချင်တာ တခုက မကြာသေးမီကပဲ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်တခုကို ဖွဲ့စည်း ခဲ့ပြီး ဖြစ်ပါတယ်။ ဒီအဖွဲ့ထဲမှာ ကုလ သမဂ္ဂမှာ ရာထူးကြီးကြီးနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လွန်စွာမှ အတွေ့အကြုံရှိတဲ့ ဂျပန်လူမျိုးဝါရင့် သံတမန် တဦးလည်း ပါဝင်နေတယ်ဆိုတာ သိထားရမယ့် အချက်တွေပဲ ဖြစ်ပါတယ်။ ကျမတို့ အနေနဲ့ ဒီကော်မရှင် ရဲ့ လုပ်ငန်းတာဝန်တွေ ဆောင်ရွက်ဖို့ အချိန် ကာလတခုတော့ ပေးရမှာ ဖြစ်ပါတယ်။ မစရသေးဖူး သူတို့က FFC, FFE, မဟုတ်ဖူး ဆိုပြီး သူတို့ အလုပ် သူတို့ မလုပ်နိုင်ဖူးလို့ ဆုံးဖြတ်ကြတာမျိုး မဖြစ်သင့်ပါဖူး။

**ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပါတ်သက်ပြီး စုံစမ်းရန် လွတ်လပ်တဲ့ ကော်မရှင်တခုကို တည်ထောင်ပေးဖို့ ကိုယ်တိုင် ဦးဆောင်ဦးရွက် ပြုခဲ့တာ ရှိနေပြီး ဒီအထဲမှာ ပါတဲ့ လူက ဂျပန် သံတမန် ဟောင်း တယောက်၊ ဒီတော့ သူတို့ အနေနဲ့ တရားမျှတပြီး ဘက်လိုက်မှုကင်းကင်း နဲ့ သိသာ မြင်လွယ်မယ့် စုံစမ်းစစ်ဆေးမှုမျိုး လုပ်နိုင်လိမ့်မယ်လို့ အာမခံ နိုင်ပါသလား။

သူတို့ရဲ့ လုပ်ခဲ့တဲ့ သမိုင်းကြောင်းတွေကို လေ့လာစုံစမ်းနိုင်ပါတယ်၊ ပြီးတော့မှ ဒီလို လူမျိုးတွေက ယုံကြည်လို့ ရနိုင်မလား ဆိုတာ ဆုံးဖြတ်ကြပါ။ ကျမတို့ကတော့ သူတို့ကို အတော်ကို လေးစားပြီးသားပါ။ သူတို့အားလုံးက အတွေးအခေါ် အဆင့်အတန်း မြင့်ယုံသာ မဟုတ်ပဲ လူ့အခွင့်အရေး ပြဿနာ တွေ၊ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးတွေ နဲ့ပါတ်သက်ပြီးလည်း အတွေ့အကြုံတွေ ရှိထားပြီးသား လို့ ကျမတို့ ယူဆထားပြီး ဖြစ်ပါတယ်။ ပြီးတော့ သူတို့မှာ ဒီလို ခက်ခဲလှတဲ့ တာဝန်ကြီးကို ထမ်းရွက်ဖို့ သတ္တိတွေ၊ စိတ်ဓါတ်ရေး အရ ကြံ့ခိုင်မှုတွေ လည်း ရှိနေပြီးသား လူတွေပါ။

**တဖက်ကလည်း ကုလသမဂ္ဂလို နိုင်ငံတကာ အဖွဲ့အစည်းတွေက စုံစမ်း စစ်ဆေးဖို့ တောင်းဆိုနေကြတာ ရှိနေတော့ အဲ့ဒီလို စုံစမ်းတာမျိုးက အဖြေတခုရဖို့ ဦးတည်သွားလိမ့်မယ်လို့ ယုံကြည်ပါသလား။

အဲ့တာဆိုရင် ကျမတို့ အခုခန့်ထားတဲ့ COE (Commission of Enquiry) နဲ့ ကုလသမဂ္ဂက ခန့်မယ့် နိုင်ငံတကာ အဖွဲ့ အကြား ဘာတွေ ကွာနေလဲ။ ကျမ စောစောက ပြောခဲ့ပြီးသား၊ နိုင်ငံတကာ က ကိုယ်စားလှယ်တွေကို ကျမတို့ ဖက်က အသေအချာ ရွေးချယ်ခဲ့ပြီးသားလို့၊ သူတို့ လုပ်ရမယ့် ကိစ္စတွေမှာ အတွေ့အကြုံတွေလည်း ရှိပြီးသား၊ ကိုယ်ကျင့် သိက္ခာ ပိုင်းရောပဲ၊ သံအမတ်ကြီး မာနာလို ၊ သံအမတ်ကြီး အိုရှီမာတို့ကို ဂုဏ်သိက္ခာ ပိုင်းအရရော၊ အတွေ့အကြုံ နဲ့ စွမ်းဆောင်မှု ပိုင်းအရပါ တစုံတဦးကမှ မေးခွန်း ထုတ်ခံခဲ့ရဖူးတာ ရှိတယ်လို့ ကျမ မထင်ပါဖူး၊ ပြီးတော့ နိုင်ငံတွင်းမှာ ရှိတဲ့ ပြည်သူတွေရဲ့ စိုးရိမ်မကင်း ဖြစ်နေမှုတွေကိုလည်း ကျမတို့ ကြည့်ရဦးမှာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ဒီလိုမျိုး (ကုလ) ကော်မရှင်မျိုးကကော ဘယ်လောက်အထိ ဘက်မလိုက်ပဲ နေမှာလဲ၊ နှစ်ဖက်စလုံးရဲ့ အပြောတွေကို မျှမျှတတ နားထောင်ကြမယ့် အဖွဲ့မျိုးလား ပူပန်ကြမှာ ဖြစ်တော့ ဒါတွေကို စိတ်ချရတယ်လို့ သူတို့ယူဆမှလည်း ဖြစ်မှာပါ။

**မြန်မာ အနေနဲ့ နိုင်ငံတကာက ဦးဆောင်ဦးရွက် ပြုတာထက် ကိုယ်တိုင် ဦးဆောင်တာမျိုး ကို ဘာကြောင့် ရွေးချယ်ခဲ့လည်း ဆိုတာ မေးပါရစေ၊ ကုလ အချက်အလက် ရှာဖွေရေး အဖွဲ့မျိုးလို နိုင်ငံတကာ စုံစမ်းစစ်ဆေးတာကို မြန်မာက လျှောင်လွှဲနေတာကို အဓိက ထား ဝေဖန် တိုက်ခိုက်နေတာ ဆိုတော့ကာ၊

အဲ့တာမျိုးကလည်း အဖွဲ့ဝင်နိုင်ငံ တနိုင်ငံက လိုလိုလားလား နဲ့ လက်ခံနိုင်စွမ်းရှိမှသာ ၀င်ပါရမယ်လို့ နိုင်ငံတကာ က လက်ခံထားတဲ့ ကုလသမဂ္ဂရဲ့ မူတွေ ပါပဲ၊ နိုင်ငံတခုအနေနဲ့ သူတို့ ပြဿနာကို သူတို့ ဖြေရှင်းဖို့ ကြိုးစားမလားဆိုတာ အဲ့ဒီနိုင်ငံကပဲ ဆုံးဖြတ်ခွင့်ရှိတယ် ဆိုတာကိုကောပါ ၊ အခု ကျမတို့ လုပ်ဖို့ ကြိုးစားနေတာကလည်း ဒီအတိုင်း အတိအကျပါပဲ၊ ကျမတို့ အနေနဲ့ (ကိုယ်ပြဿနာ) ကို လိုလိုလားလား နဲ့ ဖြေရှင်းနိုင်စွမ်း ရှိတယ်ဆိုတာ ပြသဖို့ အခွင့်အရေး ပေးရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အနေနဲ့ အစကတည်းက အဖွဲ့ဝင်နိုင်ငံ တနိုင်ငံကို သူတို့ဖာသာ သူတို့ လုပ်နိုင်စွမ်း ရှိမရှိ အခွင့်အရေး မပေးဖူး ဆိုတဲ့ အမြင်ရှိနေရင်တော့ ကုလသမဂ္ဂ တည်ထောင်ထားတဲ့ မူတွေနဲ့ ကိုက်ညီမှု ရှိမှာ မဟုတ်ပါဖူး၊

**စောစောက ပြောခဲ့တဲ့ အတိုင်းဆို စုံစမ်းစစ်ဆေးမှု ဆိုတာကို မြန်မာပြည်က လူတိုင်း နားလည်သင့်တယ်လို့ ပြောခဲ့တယ်နော်။ ဒီလိုဆို ကုလသမဂ္ဂ လို နိုင်ငံတကာ အဖွဲ့အစည်း တခုက စုံစမ်းစစ်ဆေးတာမျိုးကို မြန်မာ နိုင်ငံသားတွေ နားလည်ကြမှာ မဟုတ်ဖူးလို့ ကျမအနေနဲ့ ယူဆလို့ ရပါသလား။

အင်း..ပြောရမယ်ဆိုရင်တော့ နိုင်ငံထဲမှာ ရှိတဲ့ အချို့သော အင်အားစုတွေက ကျမတို့ ခန့်အပ်ထားတဲ့ စုံစမ်းရေး ကော်မရှင်ကိုတောင် ကျေနပ်မှု မရှိကြပါဖူး၊ သူတို့ အနေနဲ့က ဒါ မျိုးကို နိုင်ငံ နဲ့ သက်ဆိုင်တဲ့ အရေး အရာဆိုပြီး ပိုပြီး တင်းခံထားချင်ကြတာကြောင့် ဖြစ်ပါတယ်။ ကျမ စောစောက ပြောခဲ့သလို ကျမတို့ အဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အဖြစ် နိုင်ငံတကာ မှာ ရပ်တည်နေရပြီး တဖက်ကလည်း အချုပ်အခြာ အာဏာပိုင် လွတ်လပ်တဲ့ နိုင်ငံတခုလည်း ဖြစ်နေပြန်တာကြောင့် ဒီနှစ်ခုစလုံးမှာ ရှိတဲ့ တာဝန်ကို ယူရဖို့ ရှိပါတယ်။ မြန်မာပြည်မှာ လူတိုင်းအဖို့ သူတို့ အမြင်တွေကို လွတ်လပ်စွာ ပြောကြပါတယ်။ ပြီးတော့ COE ကိုလည်း တကယ်တမ်း လိုအပ်တာ မဟုတ်ဖူးဆိုပြီး ဝေဖန်ကြတဲ့ လူတွေလည်း ရှိပါတယ်။

**ပြီးခဲ့တဲ့ လထဲ ဟနွိုင်းက ဖိုရမ် မှာ ပြောခဲ့တဲ့ မိန့်ခွန်းထဲ မှာ အခြေအနေတွေကို ဒီထက် ပိုကောင်းအောင် ကိုင်တွယ် နိုင်ခြေရှိခဲ့တယ်လို့ ပါလာတာ ကြားရတော့ ဒီစကားနဲ့ ပါတ်သက်ပြီး အသေးစိတ် ရှင်းပြလို့ ရနိုင်ပါသလား၊

တကယ်တမ်း ပြောရရင် ဒီလို ကျမ ပြောတယ်လို့ ကိုးကားသွားတာကို နဲနဲတော့ အံ့သြမိခဲ့ပါတယ်၊ ဘာကို ရည်ညွှန်းပြီး ကိုးကားနေတာလဲ ဆိုတာ ကျမ မသိပါဖူး၊ ကျမ အနေနဲ့ တခါမှ အခြေအနေတွေကို ဒီထက် ကောင်းအောင် ကိုင်တွယ် နိုင်တယ် မနိုင်ခဲ့ဖူး ဆိုတာ မမြင်ခဲ့တာကြောင့် ဒီလို ကိုးကား သွားတာကို လုံးဝ နားမလည်နိုင်အောင် ဖြစ်ခဲ့ပါတယ်။
လှစိုးဝေ

အပိုင်း (၂) နဲ့ (၃) ကို ဆက်လက် တင်ပြသွားပါမယ်။

No comments:

Post a Comment