(၁)
မိုးသည် နံနက်လင်းအားကြီးချိန်ကတည်းက တစိမ့်စိမ့် ရွာနေ၏။ ခြံထဲရှိ အရှေ့ဘက်ထောင့်တွင်ရှိသော သရက် ပင်သည် မိုးရွာသောကြောင့် ပို၍ စိမ်းလန်းတောက်ပနေ သလို သရက်သီးတချို့သည်လည်း မှည့်ဝင်းအိနေ၏။
ကိုအောင်ဇံသည် ရေနွေးကြမ်းတစ်ခွက်ကို အသာ အယာမှုတ်သောက်ရင်းဖြင့် ''ဒီနေ့အဖို့တော့ အလုပ်ဆင်း လို့မရတော့ပါလား''ဟု တွေးမိသည်။ တော်တော်နှင့်တိတ် မည့်ပုံမပေါ်သော မိုးကိုအိမ်ထဲမှ ငေးကြည့်ရင်း မနေ့ညက င်္ရြေဒီယိုမှ ကြေညာသံကို ပြန်ကြားယောင်မိသည်။င်္ရြေဒီယိုက ကြေညာသွားသည်မှာ ဘင်္ဂလားပင်လယ် အော်အနောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်း မုန်တိုင်းအရှိန်ကြောင့် နောက်သုံးရက်အတွင်း ဒေသအချို့ တွင် မိုးကြီးနိုင်ကြောင်းတဲ့။
''ကိုအောင်ဇံ...ဆန်အိုးထဲမှာ ဆန်က ဒီနေ့တစ်ရက် စာပဲရှိတော့တာတော့။ ဝယ်ရတော့မှာ သေချာတယ်''
ဇနီးဖြစ်သူ မကျော့စိန်သည် မီးဖိုထဲမှ ထမင်းချက်ရင်း လှမ်းအော်ပြောသည်။
''အေးပါကွာ။ မနေ့က ငါအလုပ်သွားတော့ ရခဲ့တဲ့ လုပ်အားခလေး ရှစ်ထောင်ရှိပါသေးတယ်၊ ဘာမှမပူပါနဲ့၊ မနက်ဖြန်မနက်စောစောကျ ရပ်ကွက်ထဲက ဒေါ်ငွေတင် ဆိုင်မှာ သွားဝယ်လိုက်...''
တစ်နေ့လုပ်မှ တစ်နေ့စားရသော ကိုအောင်ဇံအတွက် တော့ ယခုလို မတိတ်ဘဲတစိမ့်စိမ့်ရွာနေသောမိုးသည် သူ၏ ဝမ်းရေးကိုနှောင့်ယှက်သော ဂြိုဟ်ဆိုးတစ်ကောင်ဟု မှတ်ယူမိ၏။ လက်သမား၊ ပန်းရန်၊ ရေမြောင်းဖော်၊ ခြံရှင်း၊ အိမ်သာကျင်းတူးအစရှိသည့် ကြုံရာကျပန်းအလုပ်များကို လုပ်ကိုင်နေသော ကိုအောင်ဇံအတွက်မူ ရာသီဥတုသာယာ ကြည်လင်မှသာ အလုပ်အကိုင်အခွင့်အလမ်းဖြောင့်မည်ဖြစ်လေ၏။ သားတစ်ယောက်နှင့် သမီးတစ်ယောက်ရှိသော် ငြား စောစီးစွာအိမ်ထောင်ကိုယ်စီကျသွားကြသဖြင့် အိမ်ခွဲ နေကြလေသည်။ ထို့ကြောင့် ကိုအောင်ဇံနှင့် မကျော့စိန်တို့ လင်မယားနှစ်ဦးသာ တစ်ယောက်ကိုတစ်ယောက် အမှီ သဟဲပြုရင်း ကိုယ့်အားကိုယ်ကိုးရင်း ဤအိမ်လေးထဲတွင် နှစ်ယောက်တစ်ကမ္ဘာ တည်ဆောက်နေထိုင်ကြရလေ၏။
တစ်မနက်လုံးစွေနေသော မိုးသည် နေ့လယ်ခင်းထိ တိုင်အောင်မတိတ်ပေ။ ကိုအောင်ဇံသည် နေ့လယ်စာစားပြီး သောအခါ ဆေးပေါ့လိပ်တိုကို ရှိုက်ဖွာရင်း မြေစိုက် ထရံကာ သွပ်မိုးအိပ်ခန်းကျဉ်းလေး၏ ပြတင်းပေါက်မှ မိုးကို ထပ်မံငေးမောကြည့်နေမိပြန်သည်။ဤသို့ဖြင့် ညနေ စောင်းသွား၏။မိုးကား မတိတ်သေးသော်လည်း ယခင် လောက်မသည်းတော့ဘဲ ဖွဲဖွဲသာကျနေဆဲပင်။
''ထုန်း…ထုန်း...''
ဆိုင်ကယ်စက်သံကျယ်လောင်စွာဖြင့် ခြံရှေ့သို့ရောက် လာသောလူကို ကိုအောင်ဇံကြည့်လိုက်သောအခါ သူ၏ သားတော်မောင် အောင်ကျော်ကျော်ဖြစ်နေသည်ကို တွေ့ရ၏။
''အဖေ''
အောင်ကျော်ကျော်သည် ဖအေကို ကျယ်လောင်စွာ ခေါ်ရင်း ခြံထဲသို့ဝင်လာသည်။
''အဖေ...''
''ဟေ''
''သားကို ပိုက်ဆံတစ်သောင်းလောက်ခဏပေးပါဦး။အရေးတကြီးလိုလို့ပါ''
''ဘာတွေ အရေးကြီးလာတာလဲ ငါ့သားရဲ့''
''ကလေးနေမကောင်းလို့ ဆေးခန်းသွားပြမလို့ပါ အဖေ။ ယောက္ခမဆီကလည်း သားမတောင်းချင်လို့ အဖေ့ ဆီလာတောင်းတာပါ''
''သြော် အေးပါ၊ ကလေးက ဘာဖြစ်တာလဲ ငါ့သား''
''ဖျားတာပါ အဖေ၊ ဒီနေ့တော့ သက်သာပါပြီ။ မနေ့ က ဆေးခန်းပြပြီးပါပြီ၊ ဒီနေ့ ထပ်ပြရမှာမို့ပါ အဖေ''
''အင်း... ငါ့ဆီမှာ တစ်သောင်းတော့မရှိဘူးကွ။ ရှစ်ထောင်ပဲရှိတာကွ''
''ရပါတယ် အဖေရာ၊ ရှိတာသာပေးပါ။ သားဆီမှာ သုံးလေးထောင်တော့ရှိပါတယ်၊ ဆေးခန်းကို ပိုပိုလိုလို ယူသွားချင်လို့ပါ''
''အေး... အေး၊ မကျော့စိန်ရေ မင်းသားကို အခန်းထဲမှာ ချိတ်ထားတဲ့ ငါ့ရှပ်အင်္ကျီအိတ်ကပ်ထဲက ပိုက်ဆံရှစ်ထောင်ယူပေးစမ်းပါကွာ''
''ရော့ ရော့ ပြန်မပေးတော့နဲ့။ ကလေးကိုသာ သေချာ ဂရုစိုက်''
မကျော့စိန်သည် ခင်ပွန်းဖြစ်သူ၏ ရှပ်အင်္ကျီအိတ်ကပ် ထဲမှ ပိုက်ဆံရှစ်ထောင်ကို သားကြီးဖြစ်သူ အောင်ကျော် ကျော်ကိုပေးရင်း ပြောဆိုလိုက်၏။
''ဟုတ်ကဲ့ပါ အမေ။ ကဲ သားသွားတော့မယ် အဖေနဲ့ အမေ''
''အေး..အေး...''
ပျာယီးပျာယာရောက်လာပြီး ခပ်သုတ်သုတ်ထွက်ခွာ သွားသော သားကြီးဖြစ်သူကို ငေးကြည့်ရင်း ကိုအောင်ဇံ တို့လင်မယားသည် သက်ပြင်းကို မသိမသာချမိသည်။
''ကဲ..ကဲ..ထမင်းစားဖို့ပြင်တော့ မကျော့စိန်...''
(၂)
မကျော့စိန်ခူးခပ်ပြင်ဆင်ထားသော ပူပူနွေးနွေးထမင်း နှင့်ဟင်းကို ကိုအောင်ဇံစားရန်ပြင်လိုက်စဉ်မှာပင် အိမ်ရှေ့ ခြံတံခါးဆီမှ အသံတစ်ခုထွက်ပေါ်လာသည်။
''အဖေ အဖေ အမေ တံခါးဖွင့်ပါဦး သမီးပါ။ အဟင့် အဟင့်''
သမီးဖြစ်သူ၏ ငိုရှိုက်သံရောစွက်နေသော ခေါ်သံ ကြောင့် ကိုအောင်ဇံတို့လင်မယားသည် ထမင်းကို မစားနိုင် သေးဘဲ စိုးရိမ်ပူပန်မှုအချို့ဖြင့် အိမ်ရှေ့ ခြံတံခါးဆီသို့ ထွက်လာကြသည်။
''ဘာဖြစ်လာတာလဲ..ငါ့သမီး''
ကိုအောင်ဇံက ခြံတံခါးကိုဖွင့်ပေးရင်း သမီးဖြစ်သူ ကျော့ကေသွယ်ကို စိုးရိမ်စွာ မေးမြန်းလိုက်၏။
''သမီး... သမီး ကိုကိုနဲ့ရန်ဖြစ်ခဲ့တာ ဖေဖေ။ သမီး သူနဲ့မပေါင်းချင်တော့ဘူး။ အရက်သောက်လာပြီးရင် သမီး ကို အရမ်းပြဿနာရှာတာပဲ။''
''သြော်... ငါ့သမီးရယ် မောင်ထွန်းထွန်းနဲ့ ရန်ဖြစ် လာပြန်ပြီလား။''
သမက်ဖြစ်သူ ထွန်းထွန်းနှင့်စကားများရန်ဖြစ်လာ သော သမီးဖြစ်သူကို ကိုအောင်ဇံ သေချာကြည့်မိသည်။သမီးငယ်၏ ပါးပြင်ပေါ်တွင် မျက်ရည်စများနှင့် ကျော့ကေ သွယ်သည် တဟင့်ဟင့်ငိုရှိုက်ရင်း အိမ်ထဲသို့ ဝင်သွား၏။
''လင်နဲ့မယားဆိုတာ လျှာနဲ့သွားလိုပဲ သမီးရဲ့။ စိတ်အခန့်မသင့်တဲ့အခါမျိုးမှာတော့ တစ်ယောက်နဲ့ တစ်ယောက်စကားများ ရန်ဖြစ်ကြမှာပဲ။ အဲဒီအခါကျ တစ်ယောက်ယောက်က အလျှော့ပေးလိုက်ရင် ပြဿနာက ပြီးသွားတာပါပဲ။ လင်မယားဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အလျှော့ပေးသည်းခံပြီး နေထိုင်နိုင်မှ ရေရှည် အဆင်ပြေမှာပေါ့ သမီးရယ်''
''အို မသိဘူး၊ မသိဘူး၊ သမီး မသိဘူး။ သမီးသိတာက သူနဲ့မပေါင်းချင်တော့တာပဲ..အဟင့်...အင့်''
မကျော့စိန်၏ ချော့မော့၍ပြောသော ဆုံးမစကားကို ကျော့ကေသွယ်သည် ခေါင်းခါလျက်ပြောသည်။ကိုအောင်ဇံသည် သမီးငယ်ကို ဘာမှမပြောဘဲ ဆေးပေါ့ လိပ်ကို မီးညှိရှိုက်ဖွာလိုက်သည်။မကျော့စိန်သည် သူမ၏သမီးငယ်ကို ဖျောင်းဖျနားချနေ၏။ အတန်ကြာသောအခါ သမီးငယ် ကျော့ကေသွယ်သည် အငိုတိတ်၍ စိတ်ဆိုးပြေ သွားပုံပေါ်၏။
သားအမိနှစ်ဦး၏ အခြေအနေကိုကြည့်နေသော ကိုအောင်ဇံသည် ''ကဲ...ကဲ မင်းတို့ သားအမိနှစ်ယောက် ထမင်းစားလိုက်ကြဦးစားပြီးမှ ငါ့သမီးလည်း ထပ်ငိုချင်ငို။ မကျော့စိန်လည်း အဲဒီကျမှ တရားထပ်ဟော ဟုတ်ပြီလား''ဟု ဝင်ရောက်ပြောဆို၏။
''တော်က ထမင်းမစားတော့ဘူးလား၊ လာပါ အတူ တူမျှစားလိုက်ကြအောင်''
''နေပါစေ မင်းတို့သာ ဝအောင်စားကြ၊ ငါမဆာပါ ဘူး''
မကျော့စိန်၏ စကားကို ငြင်းဆန်ရင်း ကိုအောင်ဇံသည် ဆေးပေါ့လိပ်တိုကိုသာ တွင်တွင်ရှိုက်ဖွာမိ၏။ ထို့နောက် အမှောင်ယံကြီးစိုးလာသဖြင့် အလင်းရောင်ရစေရန် မီးခလုတ်များကို လိုက်လံဖွင့်လိုက်၏။
ထမင်းစားသောက်၍ ပန်းကန်ခွက်ယောက်များဆေး ကြောပြီးသောအခါ မကျော့စိန်သည် သမီးငယ်ကျော့ကေ သွယ်ကို ထပ်မံ၍ ဆုံးမစကားများပြောဆိုနေ၏။ မကြာမီ အိမ်ရှေ့ ခြံတံခါးဆီမှ ဆိုင်ကယ်စက်သံကို ကြားရ၏။
''တီ...တီ''
ဟွန်းတတီတီလုပ်၍ ဆိုင်ကယ်ပေါ်မှ ဆင်းလာသူကား ကျော့ကေသွယ်၏ခင်ပွန်း ထွန်းထွန်းပင်ဖြစ်သည်။
ကိုအောင်ဇံသည် သမက်ဖြစ်သူထွန်းထွန်းကို မြင် သောအခါ ခြံတံခါးကို ဖွင့်ပေးလိုက်၏။
''အဖေ...ဟို...အဖေ့သမီးကလေ ကျွန်တော့်ကို စိတ်ဆိုးပြီး အိမ်ကထွက်သွားလို့၊ အဲဒါပြန်လာခေါ်တာပါ အဖေ''
''အေးပါကွာ ပြန်ခေါ်သွားပါ၊ သူ့အမေကလည်း မင်းဆီကိုပြန်သွားဖို့နားချနေတာပါပဲ''
ကိုအောင်ဇံသည် သမက်ဖြစ်သူ၏ မဝံ့မရဲ ဖြေရှင်း ချက်စကားကို မည်သို့မျှ အရေးမကြီးသလိုပုံစံမျိုးဖြင့် ခပ်အေးအေးသာပြန်ပြောလိုက်၏။
ခဏအကြာတွင်တော့ ထွန်းထွန်းသည် ကျော့ကေ သွယ်ကို ချော့မော့ပြောဆိုရင်း ဆိုင်ကယ်နှင့် ပြန်ခေါ်သွား လေ၏။ ကိုအောင်ဇံနှင့်မကျော့စိန်သည် ၄င်းတို့နှစ်ဦးကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့၏။ မိုးကား ဖွဲဖွဲလေးကျနေရာမှ လုံးဝတိတ်သွားပြီဖြစ်၏။
''မနက်ဖြန်အတွက် ဘယ်လိုလုပ်ကြမလဲ ကိုအောင်ဇံ''
''မနက်ဖြန်ကျမှ အသိတစ်ယောက်ယောက်ဆီက ချေးငှားရမှာပေါ့ကွာ''
ဆန်ဝယ်စရာငွေမရှိသော မနက်ဖြန်အတွက် စိုးရိမ် သလိုမေးလိုက်သော မကျော့စိန်၏ အမေးကို ကိုအောင်ဇံ သည် ခပ်ပေါ့ပေါ့သဘောမျိုးသာ ပြန်ပြောလိုက်သည်။
''အင်း မနက်ဖြန်အတွက်က ဟုတ်ပါပြီ၊ အခုညစာ အတွက်ကျရောတော်ကဘာစားမှာလဲ''
''အဲဒါလည်း မပူပါနဲ့ကွာ၊ ဟောဟိုက သရက်ပင် ပေါ်မှာ ငါ့အတွက် ညစာရှိပါတယ်၊ အရင်တုန်းကလည်း ဒီလိုပဲ မကြာခဏစားနေကျပါကွာ''
ကိုအောင်ဇံသည် ခြံထောင့်ရှိ သရက်ပင်ကို လက်ညှိုး ထိုးပြီး ခပ်ပြုံးပြုံးပြောဆိုလိုက်၏။ သရက်ပင်ထက်မှ သရက်သီးတချို့သည် ကိုအောင်ဇံအား ''ခူးခြွေလှည့်၊ စားလှည့်''ဟု ဖိတ်ခေါ်နေသလို ဝါဝင်းအိမှည့်နေလေ သည်။ ။
ခိုင်မြဲသူယျ
No comments:
Post a Comment