Latest News

Sunday, October 21, 2018

အောင်ဘလေ

အောင်ဘလေ

(၁)

''ဆရာဝင်ခွင့်ပြုပါ'' နေ့စဉ်မှတ်တမ်းရေး နေရင်း ခွင့်တောင်းသံကြားရသဖြင့် ကြည့်မိ တော့ နဝမတန်း(က)မှ မောင်စည်သူ ဖြစ်နေ သည်။ သူ့လက်ထဲမှာတော့  ဖိတ်စာတွေကိုင် ထားသည်ကိုလည်း မြင်ရသည်။       

''ဝင်ခဲ့ပါ သား''

''သားအလှူဖိတ်ကြားတာပါဆရာ။ အိမ် က အလှူဝင်ဧည့်ခံနေ့ ညနေ ဆရာတို့အားလုံး ထမင်းစားလည်း ဖိတ်ခိုင်းလိုက်လို့ပါ ဆရာ''

''သြော် သားက အခုမှ ရှင်ပြုတာလား''

''မဟုတ်ဘူးဆရာ။ ခုအလှူက   သား ညီလေးအတွက်ပေးတာပါ။ သားကရှင်ပြုပြီးပြီ ဆရာ''ဟု မောင်စည်သူက တလေးတစားရှင်းပြ သည်။

''ဟုတ်ပါပြီ ဆရာလာခဲ့ရမှာပေါ့။ လာမယ် နော် သား''

''ဟုတ်ကဲ့ဆရာ''ဟု  ပြောပြီး  လှည့်ထွက် သွားသော မောင်စည်သူ ကျောပြင်ကိုကြည့်၍ အိမ်ကသားကို  ပြေးသတိရမိသည်။  သား အရွယ်တောင်  တော်တော်ရောက်နေပြီပဲ။ခုထက်ထိ  ရှင်မပြုရသေးပါလားဟု  တွေးမိပြီး သက်ပြင်းချမိပြန်သည်။ တပည့်တွေ၊ မိတ်ဆွေ တွေ အလှူဖိတ်စာမြင်တိုင်း ဝေဒနာတစ်ရေးနိုး ရတာ ခဏခဏ။ ခုဆို သားကြီးတောင် နဝမ တန်းရောက်နေပြီ။  ကြီးကောင်ဝင်  လူပျို ပေါက်စ ဖြစ်နေပြီလေ။

''ဖေဖေ သားရှင်ပြုချင်တယ်''လို့ မျက်နှာ ငယ်လေးနဲ့ ပူဆာတိုင်း ဘာပြန်ဖြေရမှန်းမသိ အောင် ပူထူသွားရတာ မကြာခဏ။

''အေးပါသားရယ် နောက်နှစ်တော့ ကြိုးစား မယ် ငါ့သားကြီး ရှင်ပြုရအောင်''လို့ပြောတိုင်း   ''ဟုတ် ဖေဖေ''ဟု ပြောပြီး လေးတိလေးကန် ပြန်သွားသော သားရဲ့ ကျောပြင်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရတာလည်း    ခဏခဏ ဆိုသလိုပါပဲ။

သားကြီးအရွယ်ရောက်လာတော့ ရှင်ပြုဖို့ မပူဆာတော့။ သူလည်း လူကောင်ကြီးလာ တော့ ရှင်ပြုရမှာ ရှက်သည်လား၊  နောက်နှစ် ပေါ့ သားဆိုတဲ့ နှစ်တွေကို မယုံတော့တာလား၊ ကျောင်းဆရာအို သူ့အဖေကိုပဲ အားနာ၍လား လားပေါင်းများစွာနဲ့ ရင်မောအိပ်မပျော်ညတွေ များလာမှာပေါ့လေ။

ကျောင်းဆရာဖြစ်တာ  လုပ်သက်ရင့်ပြီ။လုပ်သက်နှင့်အတူ ဒဏ်ရာတွေလည်း ရင့်လာ လိုက်တာ။ ခုဆို အစိမ်းရောင်ဝေဒနာက ကြီးစိုး လာလေပြီ။ သားကြီးလည်း ခုတလော အနား မကပ်တာကြာပြီ။   ယောက္ခမတွေကလည်း စကားကို လိုသလောက်သာ ပြောတော့သည်။ ဆွေးမျိုးသားချင်းတွေကတော့ သူတို့သားသမီး တွေအတွက် လိုအပ်ချိန်လောက်သာ ''ငါ့အမျိုး က ကျောင်းဆရာ''ဟု  ခိုင်းကောင်းအောင် လေပြည်ထိုးတတ်သည်။ ကျန်အချိန် လမ်းတွေ့ ရင်တောင်  မမြင်သလို  နှုတ်ဆက်ဖော်မရ။ ပါရမီပြည့်ဖက် အမျိုးသမီးသာလျှင် ခုချိန်ထိ အပြစ်မပြော။ ဆိုးတူကောင်းဖက်ပီသစွာ အနား မှာ စကားတွေဖောင်ဖွဲ့ပေးရှာ၍  ကျေးဇူးတင် ရသေးသည်။

(၂)

ဟိုအရင် ကျောင်းဆရာပေါက်စဘဝကို ပြေးမြင်မိတော့

''ကျုပ်တို့သမီးက ဆရာကတော်တော့''

''ကျုပ်သမက်က   ရိုးရိုးဆရာမဟုတ်ဘူး သုံး၊ လေးဘွဲ့ရ ကျောင်းဆရာ''

''ဘီအက်စ်စီ၊  အမ်အက်စ်စီ၊  ဘာအီးဒီ ဆိုလား  ဆီတွေရော အီးတွေရော ထရံကပ် ထားတဲ့ ဘွဲ့ဓာတ်ပုံတွေသာ ကြည့်ကြပါ။ ချိတ် စရာ နေရာတောင်မရှိဘူးတော့''ဟု ဧည့်လာ တိုင်ြး<ွကားရတာ ယောက္ခမခမျာ အမော။

အဲဒီတုန်းက အလှူအိမ်၊ ဘုရားပွဲ စသည် ဖြင့် ပွဲလမ်းတွေရှိရင် ဘုရားစင်အောက်မှာ တကူးတက   တရိုတသေ   ထမင်းကျွေးတဲ့ အကြောင်း ပြောပြရင် ပြုံးပြုံးကြီးကြည့်နေတတ် တာလည်း ယောက္ခထီးကြီးပေါ့။ သူတို့ခမျာ ဂုဏ်ယူမဆုံး   တပြုံးပြုံးဆိုသလို    သမက် ဆရာပေါက်စကို အရိပ်တကြည့်ကြည့်ပေါ့။

 ကြာလာတော့ တပည့်တွေ၊ မိတ်ဆွေတွေ ထမင်းဖိတ်ကျွေးတာတွေ  ပြောလာတာများ တော့ နားထောင်ဖို့နေနေသာသာ ဖုတ်လေတဲ့ ငါးပိရှိသည်မထင်တော့။ ဆင်စီးမြင်းရံစေချင် လို့ တစ်ဦးတည်းသောသမီးကို   ပညာတတ်နဲ့ ပေးစားမှ လူတန်းစေ့မနေရ လင်ကုန်ရှုံးရလေ ခြင်းဟု သတ်မှတ်လေသလားမသိ။

သူတို့လည်း အပြစ်မမြင်ရက်။  ကိုယ်က လည်းတစ်နှစ်နေလို့ တစ်ခါ ရွှေထည်အနည်း ငယ် ဝယ်မပေးနိုင်။ နားကပ်တောင် ပန်သည် ဆိုရရုံ ခပ်သေးသေးသာ ပန်ရရှာသည်။

''ကျောင်းဆရာလစာတစ်ခုတည်းနဲ့တော့ ညည်းတို့ လူမွေးမပြောင်ဘူး။ အခြားအလုပ် လေးပါ တွဲလုပ်မှ ဖြစ်မယ် ဆရာကတော်မကြီး'' ဟု ယောက္ခမက အကြံပေးသည်မှာ မကြား တကြားတစ်ဖုံ ကြားအောင်တစ်မျိုး။

''ဆရာကတော်မကြီး''ဟု   သူ့သမီးကို ခပ်ရွဲ့ရွဲ့ခေါ်ရသည်မှာ အရသာတွေ့နေလား မသိ။ အဲဒီအမည် ခေါ်သံကြားတိုင်း ခါးက ဆတ်ခနဲ ဆတ်ခနဲမတ်လာသည်။   ဘာတဲ့ ''ဆရာကတော်မကြီး''တဲ့။

(၃)

''ဆရာ့သား အိပ်ရာထတော့''

''ဖေကြီးကလည်း   အဲဒီလိုမခေါ်ပါနဲ့ဆို သားမနေတတ်ဘူးဗျာ''

''ကျောင်းဆရာသားမို့ ဆရာ့သားခေါ်တာ ကို ဘာဖြစ်နေတာတုန်း ငါ့မြေးရ''

မနက်မိုးလင်းတာနဲ့ မြေးအဘိုးနှစ်ယောက် ရဲ့ အသံက စီခနဲထွက်လာသည်။

''သားမနေတတ်ဘူးဗျာ''တဲ့။   ကျောင်း ဆရာသားဖြစ်ရတာ ဂုဏ်ငယ်နေပြီလားမသိ။

သြော် သူ့ခမျာလည်း ဟုတ်ပေမည်။ လူပျို ပေါက်စဖြစ်နေပေမယ့်  အခြားကလေးတွေလို လူတန်းစေ့   မဝတ်ရ မစားရဆိုတော့   ခံစား ရပေမည်။ သူများသားသမီးတွေ   ခေတ်ပေါ် ဆိုင်ကယ်တွေ  အမျိုးမျိုးစီးနိုင်ပေမယ့် သား ခမျာတော့ စက်ဘီးဂျောက်ဂျက်လေး စီးနေ ရတာ သိပါသည်။ သိပေမယ့် ဘာမှမတတ်နိုင်၊ စိတ်မကောင်းရုံမှလွဲ  ဘာတတ်နိုင်မည်နည်း။ ရှင်ကလည်း မပြုနိုင်သေး။ သီးနှံလေးရောင်းချ အလှူပေးရအောင်ကလည်း မိဘတွေပေးတဲ့ လယ်မြေယာမြေက      မဟာဘွဲ့တက်တာနဲ့ ရောင်းချလိုက်တာကြာပေါ့။ လယ်မြေအပြင် ရှိစုမဲ့စု ရွှေတိုငွေစလေးပါ အစစ်ပါသွားသေး သည်။  မဟာဘွဲ့ကြီးတော့   နံရံချိတ်ရပါရဲ့။လယ်မဲ့ယာမဲ့နှင့် ကျောင်းဆရာလစာ အမှီ ပြုစားနေရတဲ့ မိသားစုဘဝဖြစ်နေတာ ကြာပါ ပကောလား။

ဖခင်ဆိုတာ အိမ်ဦးနတ်။ အဲဒီ အိမ်ဦးနတ် ကြီးကို အထင်သေးနေပြီးလား။ စိုးရိမ်စိတ်က ဒီဂရီမြင့်လာပြီ။ ဒီနှစ်တော့ မဖြစ်ဖြစ်အောင် ရှင်ပြုဖို့ ကြိုးစားရမည်။  ကြိုးစားတဲ့ဒီနှစ်တွေ ကလည်း များလှပြီ။ အဘွားပြောတဲ့

''မောင်ရင်လေး သန်ဘက်ခါ'' ဆိုသလို ဖြစ်နေသည်။

''ဒီနှစ်တော့ ငါ့သားကို ရှင်ပြုဖြစ်အောင်ကို ပြုမယ်''

(၄)

''အစ်ကိုရယ် သူများတွေလို ကျူရှင်လေး ဘာလေးပြပါ့လား''

''အစ်ကို့သူငယ်ချင်းက   ခေါ်နေတယ်။ သူ့စာသင်ဝိုင်းမှာ လာပြပါလားတဲ့''

''အစ်ကိုစာသင်တာကို ကလေးတွေကြိုက် လို့ သူ့တို့ဘော်ဒါမှာ ခေါ်ပေးပါလို့ ပြောခိုင်း နေတယ်'' စသည်ဖြင့် ကျွန်တော့်အမျိုးသမီး၊ ယောက္ခမကြီး  ခေါ်တဲ့  ဆရာကတော်မကြီး ခမျာ  အပိုဝင်ငွေလေးရအောင် ပြောရှာသည် မှာ ခဏခဏ။ အခုလို သူပြောပြောနေသည် ကလည်း သူ့အတွက် မဟုတ်။ သူ့သားကြီး ရှင်ပြုဖို့ဆိုတာ ဖွင့်မပြောပေမယ့် ကျွန်တော် သိနှင့်ပါသည်။

ဆရာဖြစ်ပြီးဆိုကတည်းက ကျူရှင်မသင် ဘူးဟု ဆုံးဖြတ်ထားသည်။ ဆုံးဖြတ်ထားသည့် တိုင်  ခုချိန်ထိမသင်ဖြစ်ပါ။  ကျောင်းမှာပဲ စေတနာထားသင်မည်။ ပြီးတော့ နယ်ကျောင်း ပီပီ တောသူတောင်သား သားသမီးများသာ များသည်။ သူတို့သားသမီးများကို   ကျောင်းမှာ ထားရုံနဲ့ ပညာရည်ပြည့်ဝစေချင်သည်။ ကျူရှင် အပိုမကုန်စေချင်ပါ။ ကလေးတွေစိတ်ကိုလည်း ဒွိဟမဖြစ်စေချင်။ ကျောင်းတစ်မျိုး ကျူရှင် တစ်မျိုး မဖြစ်စေချင်တာလည်းပါသည်။

''ဟဲ့ ဘော်ဒါက မနက်စောစော အရောက် ပြန်လာဖို့ မှာထားတာ ဘော်ဒါပြန်ဖို့ ပြင်တော့ လေ ဘာလို့ငိုင်နေတာလဲ''

''အမေ ဘာသိလို့လဲ။  ဘော်ဒါကြေးယူခဲ့ လို့ မှာထားတာ။   ငွေမပါဘဲ   မပြန်ဘူး။ ကျောင်းလည်း မတက်တော့ဘူး''

''ညနေ အမေလာသွင်းပါ့မယ့်အေ။ ခု အဆင်မပြေသေးဘူး ပြန်နော်သမီး''

အဲဒီလိုအသံတွေ ကျွန်တော့်ပတ်ဝန်းကျင် မှာ မကြာခဏ ကြားရလေလေ ကျူရှင်သင်ချင် စိတ် မရှိလေလေပါပဲဗျာ။ သားသမီးပညာရေး မျက်နှာမငယ်စေရေးအတွက်   ရှိတာလေး ပေါင်ကြ၊ အတိုးယူကြနဲ့  စိတ်မကောင်းစရာ တွေ မြင်နေရသည်က ကျွန်တော် ကျူရှင်သင် ချင်စိတ်ကို အားမပေးသလိုဖြစ်ရသည်။ပညာ ရေး တိုးတက်လား၊ မတိုးတက်လားတော့မသိ။ ဘော်ဒါဆောင်နှင့် အတိုးပေးသူ၊ အပေါင်ဆိုင် တွေကတော့ တိုးတက်လာသည်။ ချမ်းသာလာ ကြသည်။

''ဘော်ဒါဆောင်ထောင်မလား   အရင်း အနှီးထုတ်ပေးမယ်''ဆိုသူက  ရှိသေးသည်။ပညာရေးသည် စီးပွားရှာစရာသားကောင်ဖြစ် နေပြီလား။

ခုတော့   ကျွန်တော်အမုန်းဆုံးအလုပ်၊ ကျွန်တော်မသွားချင်သော   နယ်မြေသစ်ကို ခြေချရမလို ဖြစ်နေသည်။

''ငါ ကျူရှင်သင်ရကောင်းမလား'' တစ်ခါ တွေးမိတိုင်း အမိကျောင်းတော်ကြီးကို တစ်ခါ မျက်နှာပူရသည်။    သားကြီးရှင်ပြုဖို့ရန်၊ မျက်နှာမငယ်ရအောင် တစ်ခုခုတော့   လုပ်ရ တော့မည်။ ဘွဲ့မရ၊  ဆယ်တန်းမအောင်တဲ့ သူငယ်ချင်းတွေရဲ့    တိုက်တက်တရားနာ၊ ကားလမိုင်းတင် စသည့် အလှူပွဲတွေမှာ ခပ်ကုပ် ကုပ်လေး သွားနေရသည့် ဇနီးသည်မျက်နှာကို လည်း ပြေးမြင်ပြန်သည်။

''လှံထမ်းလာတာမြင်ရပေမယ့် ကံထမ်း လာတာ မမြင်ရပါဘူးခင်ဗျ''

 ''သူဌေးလောင်းရွေးဖို့ တစ်ပတ်အလိုမှာ ပေါက်ဂဏန်းရွေးလို့ ကံစမ်းစို့လား''

ကျွန်တော့်အကြားအာရုံထဲ   ထီရောင်း သမားအသံက အာဝဇ္ဇန်းရွှင်ရွှင်။  ထီကားမှ ဖွင့်သောသီချင်းသံက ကျယ်လိုက် တိုးလိုက်။

''ဟုတ်ပြီ'' ချက်ချင်းပဲ အိမ်နဲ့မလှမ်းမကမ်း က ထီကားဆီမပြေးရုံသွားပြီး   ''ရှင်ပြုရန်'' အတိတ်ပေးပြီး လက်ကျန်ငွေစလေးနဲ့ ထီထိုး လိုက်သည်။ ပြီးတော့ ထီလက်မှတ်ကိုင်၍ ဘုရားစင်အောက်ပြေးကာ ဦးချပြီး

''တပည့်တော်ကျောင်းဆရာသည် တပည့် များကို တတ်အားသရွေ့  ဥာဏ်စွမ်းရှိသရွေ့ သင်ကြားပြသခဲ့ပါသည်။ ဤမှန်သောသစ္စာ တည်ပါက တပည့်တော်သားလေးအား ရှင်ပြု ရပါစေ အရှင်ဘုရား''ဟု  သစ္စာဆို၊ ဦးသုံးကြိမ် ချအပြီး နောက်အလှည့်မှာတော့ ဘယ်အချိန် က ရောက်နေမှန်းမသိသော သားနဲ့ မယားက ပြုံးပြုံးကြီးကြည့်နေပါသည်။ ကျွန်တော်လည်း သူတို့ကို ပြုံးပြပြီး အောင်ဘာလေထီလက်မှတ် လေးကို ပြလိုက်ပါသည်။

သို့သော်  ပြုံးနေသူများမှာ မျက်ရည်စတို့ ဝေ့ဝဲလျက်     မျက်ရည်စနဲ့    ပြုံးနေကြ လျက်....။   ။

သူဝေး(တမာမြေ)

No comments:

Post a Comment