တစ်နေ့သ၌ နံနက်ခင်း ဝေလီဝေလင်းအချိန် တွင် ခေါင်းကိုငိုက်စိုက်၍ ဘေးဘယ်ညာသို့ မကြည့်ဘဲ လူငယ်လေးတစ်ဦးသည် နေမင်းကြီးအား မျက်နှာမူ လမ်းလျှောက်လာ ခဲ့လေ၏။ ဤကဲ့သို့ပင် နေ့စဉ် ကျန်းမာ ရေးအတွက် လမ်းလျှောက်နေကျ အငြိမ်းစား ကျောင်းအုပ်ဆရာကြီး တစ်ဦးသည်လည်း ပုံမှန်ထက် လမ်းလျှောက်နှုန်း အရှိန်ကိုမြှင့်၍ နေမင်းကြီးအားကျောခိုင်းကာ လမ်းလျှောက် လာခဲ့လေ၏။ သည်လိုနှင့် တိုက်ဆိုင်စွာပင်
လမ်းအချိုးအကွေ့တစ်ခုသို့ ရောက်သော အခါ ကျောင်းအုပ်ဆရာကြီးသည် မြေကြီး၌ ထိုးထွက်နေသော ခဲအားမမြင်ဘဲ ခလုတ် တိုက်မိလေ၏။ ထို့နောက် ကျောင်းအုပ်ဆရာ
ကြီးသည် မိမိ၏ကိုယ်အရှိန်အား မထိန်းနိုင်ဘဲ ခေါင်းငိုက်စိုက်၍ လမ်းလျှောက်လာသော လူငယ်လေးအား ဝင်၍တိုက်မိလေသည်။
''ခွပ်''
''အား''
အရှိန်မှာ အနည်ငယ်ပြင်းသောကြောင့် နဖူးပြင်များ အသီးသီး အတော်ပင်နာသွား ကြလေ၏။ မတော်တဆဖြစ်သည်ဆိုသော် လည်း ကျောင်းအုပ်ဆရာကြီးသည် မိမိ၏ အမှားဖြစ်သောကြောင့် ပျာပျာယာယာပင် ''တောင်းပန်ပါတယ်၊ လူလေးရယ် အဘိုး တကယ် မမြင်လိုက်မိလို့ပါနော်'' ဟု လေးလေး စားစား ပြောဆိုလိုက်၏။ သို့သော် လူငယ် လေးသည် ကျောင်းအုပ်ဆရာကြီးအား ခေါင်းပင်မော့၍ မကြည့်ဘဲ နဂိုကအတိုင်း ခေါင်းကလေး ငိုက်စိုက်ငိုက်စိုက်ဖြင့် ကျောခိုင်းထွက်ခွာသွားလေ၏။ ထိုစဉ် လူငယ် လေး၏ မျက်ဝန်းများမှ မျက်ရည်အချို့အား ကျောင်းအုပ်ဆရာကြီးသည် အမှတ်မထင် တွေ့မြင်လိုက်ရလေ၏။ ထို့ကြောင့် မိမိနှင့် တိုက်မိ၍ နာကျင်ငိုကြွေးသွားသည်ဟု ထင် ကာ ကရုဏာသက်မိပြီး လူငယ်လေး၏ နောက်သို့ ခပ်မြန်မြန်ပြေးလိုက်ကာ-
''လူလေး ခဏလေးကွဲ့၊ စောစောက အဘိုးနဲ့တိုက်မိတာ တော်တော်လေးနာသွားလို့ လားကွယ်'' ဟု ဆိုလိုက်၏။ လူငယ်လေးသည် အခုမှခေါင်းအား မော့၍-
''ရင်ဘတ်ထဲက အနာလောက်တော့ မနာ ပါဘူး အဘိုးရယ်'' ဟု ကျောင်းအုပ်ဆရာကြီး အား ပြန်လည်ပြောလေ၏။ ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်အရွယ်သာ ရှိသေးသော လူငယ် တစ်ယောက်၏ ရင်ဘတ်ထဲမှ အနာဟုဆိုသော စကားကြောင့် ကျောင်းအုပ်ဆရာကြီးမှာ အံ့အားသင့်သွားလေ၏။ ထို့နောက် လူငယ် လေးအား ကျောင်းအုပ်ဆရာကြီးက -
''ကဲ လူလေး မွန်းကျပ်နေတာလေးတွေရှိ ရင်လည်း ပေါ့ပါးသွားအောင်ဖွင့်ဟချင်တယ် ဆိုရင် ပြီးတော့ ဗိုက်လည်းစာနေသပဆိုရင်ပေါ့ ကွာ။ ဟိုးရှေ့မှာတွေ့လား အဲဒီလက်ဖက်ရည် ဆိုင်ကို လိုက်ခဲ့ကွာ။ လူလေး ပြောတာတွေ အားလုံး အဘိုးနားထောင်ပေးမယ်။ မုန့်လည်း ကျွေးမယ်ကွာ'' ဟု ကျောင်းအုပ်ဆရာကြီးက ဖိတ်ခေါ်လိုက်လေ၏။ လူငယ်လေးသည် နားမလည်နိုင်သော မျက်ဝန်းများနှင့် ကျောင်းအုပ်ဆရာကြီးအား စိုက်၍ ကြည့်ကာ-
''ဟုတ်ကဲ့ အဘိုး ကျွန်တော်ရင်ဖွင့်ပါ့မယ်''ဟုပြောကာ ကျောင်းအုပ်ဆရာကြီးနှင့်အတူ လိုက်လာခဲ့လေ၏။ လက်ဖက်ရည်ဆိုင်သို့ ရောက်သောအခါ လူငယ်လေးသည် အီကြာကွေးနှင့် လက်ဖက်ရည်အား ညကတည်းက ဘာမှမစားရသေးသဖြင့် ဗိုက် အလွန်ဆာနေသောကြောင့် အငမ်းမရစား သောက်လေ၏။ စားသောက်ပြီးသောအခါ ကျောင်းအုပ်ဆရာကြီးအား လူငယ်လေးသည် ဤကဲ့သို့ ရင်ဖွင့်လေ၏။
''ကျွန်တော့်ရဲ့ အဖေက အရာရာ တင်းကျပ်သူပါအဘိုး။ ကျွန်တော် လူငယ် တစ်ယောက်ဖြစ်ပေမယ့် တစ်ခါမှ လွတ်လပ် ခွင့်မရှိခဲ့ဘူး။ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရနဲ့။ ဟိုကိုမသွားရ၊ ဒီကိုမသွားရနဲ့၊ ကြာတော့ ကျွန်တော့်အပေါင်းအသင်းတွေကြား မျက်နှာ ငယ်လာတယ် အဘိုးရာ။ ဒါကြောင့် အဖေနဲ့ အတိုက်အခံဖြစ်ပြီး မနေ့ညကတည်းက ကျွန်တော်အိမ်ပေါ်က ဆင်းလာခဲ့တာပါ။ ပိုက်ဆံလည်း တစ်ကျပ်မှမပါလာခဲ့ပါဘူး။ ခုလို ကျွန်တော့်ကို မနက်စာကျွေးတာ ကျေးဇူး အများကြီးတင်ပါတယ်အဘိုး''ဟု လူငယ်လေး သည် ကျောင်းအုပ်ဆရာကြီးအား ပြောလေ၏။
လူငယ်လေး၏ စကားဆုံးသည်နှင့်ပင် ကျောင်းအုပ်ဆရာကြီးသည် အနည်းငယ်မျှ ပြုံးလိုက်မိ၏။ ဤအခြင်းအား လူငယ်လေး မြင်သောအခါ ''ဘာလို့ပြုံးတာလဲ အဘိုး။ ကျွန်တော်က သိပ်သနားစရာ၊ သိပ်ရယ်စရာ ကောင်းနေလို့လား''။
''မဟုတ်ပါဘူး လူလေးရယ်။ လူလေး အဖြစ်က အဘိုးဖတ်ဖူးတဲ့ပုံပြင်ထဲက ကလေး လေးနဲ့ တူနေလို့ပါ'' ဟု ကျောင်းအုပ်ဆရာကြီး က ပြောလိုက်လေ၏။
''ဗျာ''
အံ့သြသွားသော လူငယ်လေး၏ မျက်နှာအားကြည့်ပြီး ကျောင်းအုပ်ဆရာကြီး သည် ကျောင်းဆရာပီပီ လူငယ်လေးအပေါ် ကောင်းကောင်း နားလည်လိုက်ပါသည်။သို့သော်လည်း ငါလူကြီး၊ ငါပြောတာကို နားထောင်ရမည်ဟု သက်ရောက်မှု မရှိရလေအောင် ကျောင်းအုပ်ဆရာကြီးက-
''လူလေး နားထောင်ချင်သပဆို အဘိုး ပြောပြပါ့မယ်။ နားမထောင်ချင်ရင်တော့ ရှိပါ စေတော့''ဟု ဆိုလိုက်လေရာ လူငယ်လေးက-
''ပြောပါ၊ ပြောပါအဘိုးရယ်၊ ကျွန်တော် နားထောင်ချင်ပါတယ်'' ဟုဆို၏။ ကျောင်းအုပ် ဆရာကြီးသည် ကျောင်းသားတစ်ယောက်အား စာရှင်းပြသကဲ့သို့ပင် စိတ်ရှည်စွာဖြင့် ပြောပြ ပါလေတော့သည်။
''တစ်ခါက ဖခင်တစ်ဦး စွန်လွှတ်နေတာ ကို သားဖြစ်သူက သေသေချာချာကြည့်ပြီး ခဏအကြာမှာ သားဖြစ်သူက ဖခင်အား ဒီလိုပြောတယ် လူလေး''
''ဖေဖေ စွန်ကလေးမှာချည်ထားတဲ့ကြိုး ကြောင့် စွန်ကလေးက လွတ်လပ်စွာ မပြန် နိုင်ဘူးနော်။ စွန်လေး သနားပါတယ် ဖေဖေ ရယ်။ လွတ်လပ်စွာ ပျံသန်းနိုင်ဖို့ ကြိုးကို ဖြတ်ပေးလိုက်ပါနော်'' လို့ သားဖြစ်သူက တောင်းဆိုလိုက်တယ်။ အဲဒီအခါ ဖခင်ဖြစ် တဲ့သူက-
ဖြတ်လိုက်လို့မဖြစ်ဘူးလေသားရဲ့။ စွန် ကလေး တည့်မတ်ဖို့ဆိုတာ ဖေဖေတို့ ထိန်း ကျောင်းဖို့လိုတယ် မဟုတ်လား၊ မဟုတ်ရင် စွန်ကလေး ပျက်စီးသွားမှာပေါ့'' လို့ ပြန်ပြောလိုက်သတဲ့။ ဒါပေမယ့် သားဖြစ်သူ က သူ့အဖေပြောတဲ့စကားကို လုံးဝလက်မခံဘဲ စွန်ကလေးကို လွတ်လပ်ခွင့်ပေးဖို့အတွက်သာ အကြိမ်ကြိမ် တောင်းဆိုတာပေါ့။ ဒီလိုနဲ့ နောက်ဆုံးမှာ အဖေဖြစ်သူက သားဖြစ်သူရဲ့ ဆန္ဒကို လိုက်ရောပြီး စွန်ကြိုးကိုဖြတ် တောက်လိုက်တယ်။ ဒီလိုနဲ့ စွန်ကလေးဟာ ကြိုးမဲ့စွန်လေး ဖြစ်သွားတယ်။ ဒါကိုကြည့်ပြီး ကလေးငယ်လေးက ပျော်ရွှင်စွာ ထခုန်တော့ တာပဲ။ ဒါပေမယ့် အဲဒီပျော်ရွှင်မှုဟာ ခဏ တာမျှနဲ့ ပျောက်ကွယ်သွားတော့တာပါပဲ'' ဟုဆိုလေရာ ထိုအခါကျမှ ပုံပြင်ထဲမျောနေ သော လူငယ်လေးသည် သက်ဝင် လှုပ်ရှားလာ ကာ- ''အဘိုးပုံပြင်က ကျန်သေးတယ်လေ။ ဘာဖြစ်လို့ ကလေးလေးက ခဏပဲပျော်ရတာ လဲဟင်''
ကျောင်းအုပ်ဆရာကြီးသည် လူငယ်လေး အား ကျေနပ်စွာပြုံးပြရင်း-
''လူလေးရေ လွတ်လပ်စွာပျံသန်းခွင့် ရသွားတဲ့ စွန်ကလေးမှာက ထိန်းသိမ်းပေးမယ့် ကြိုးမှမရှိတော့တာ။ အဲဒါကြောင့် ခဏ အကြာမှာပဲ မြေပြင်ပေါ် ပြုတ်ကျပျက်စီး သွားတာပေါ့။ ဒါကြောင့်မို့ ကလေးငယ်လေး ရဲ့အဖေက ကြိုးမဲ့စွန်လေးမဖြစ်စေလိုလို့ တားခဲ့တာပေါ့ကွယ်''ဟု ဆိုတော့မှ လူငယ် လေးသည် ခေတ္တမျှ တွေဝေငေးမောသွားပြီး-
''အဖေ့ရဲ့စေတနာ၊ မေတ္တာတွေကို ကျွန်တော် ကောင်းကောင်း နားလည်သဘော ပေါက်သွားပါပြီ အဘိုး၊ နောက်နောင် မိဘ တွေရဲ့ စကားကို ကျွန်တော်နားထောင်ပါ တော့မယ်'' ဟု ကတိပြုကာ ကျောင်းအုပ်ဆရာ ကြီးအား ရှိခိုးကန်တော့၍ လူငယ်လေးသည် နှုတ်ဆက်စကားဆိုကာ မိဘများ၏ အိမ်သို့ သွက်လက်ပေါ့ပါးစွာ ပြန်သွားပါလေတော့ သည်။ ။
ချစ်ညီ(ဘဝရသ)
No comments:
Post a Comment