သောကြာနေ့၏ ညနေခင်းရုံးဆင်းချိန်သို့ ရောက်ရှိတော့ မည်ဖြစ်သည်။ ခါတိုင်း သောကြာနေ့များနှင့်မတူဘဲ ယခု တစ်ပတ်၏ နောက်ဆုံးသော တာဝန်ဝတ္တရားများကို ထမ်းရွက်ရခြင်းသည် ကိုယ်စိတ်နှစ်ပါး ပေါ့ပါးသလို ခံစား နေရသည်။ အကြောင်းမှာ တနင်္ဂနွေတစ်ရက်သာ ရုံးပိတ်ခဲ့ သော ကျွန်တော်တို့ကုမ္ပဏီကြီးသည် စနေနေ့ကိုပါ ရုံးပိတ် ရက်အဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။ ကျွန်တော်တို့ဝန်ထမ်းများ၏ လူမှုရေး၊ ကျန်းမာ ရေး စသည့် ကိစ္စအဝဝအတွက် တစ်ပတ်လျှင် နှစ်ရက် အနားရမည်ဟူသောကြောင့် ကျွန်တော်အပါအဝင် ဝန်ထမ်းများအားလုံး ပျော်မဆုံးဖြစ်နေကြသည်။ စဥ့်ကူး၊ မတ္တရာ အစရှိသည့် မန္တလေးမြို့ကြီးနှင့် မနီးမဝေးသော မြို့ရွာများမှလာ၍ မန္တလေးမြို့တွင် အဆောင်နေပြီး အလုပ် လုပ်ကိုင်နေကြသော ဝန်ထမ်းများအတွက်လည်း စနေ၊ တနင်္ဂနွေ နှစ်ရက်သည် အိမ်အလွမ်းဝေဒနာများကို ဖြေသိမ့်ရန်အတွက် အချိန်လုံလောက်ခဲ့ပြီဖြစ်သည်။ ကျွန်တော်လည်း မရောက်တာကြာပြီဖြစ်သော မိဘများ ရှိရာ ဇာတိချက်ြေ<ွက ရေတော်မြေသို့ပြန်ရန် စိတ်အား ထက်သန်နေမိတော့သည်။ သို့သော် ဘယ်အချိန် ဘယ်ရာသီ မှာ ပြန်ရမည်ကိုကား မဆုံးဖြတ်နိုင်သေးပေ။
ရုံးဆင်းချိန်ရောက်ပြီဖြစ်သောကြောင့် ဆရာ့ကို နှုတ်ဆက်ရန် ဆရာ့ရုံးခန်းသို့ ကျွန်တော်သွားရောက်ခဲ့သည်။ ဆရာသည် သူ့အခန်းထဲတွင်ရှိသော ကွန်ပျူတာဖြင့် တေးသီချင်းတစ်ပုဒ်ကိုဖွင့်လျက် စိတ်လိုလက်ရရှိစွာ လိုက်လံဆိုညည်းနေလေသည်။ ဆရာသည် သီချင်းအပေါ် မှာ မည်မျှအာရုံစူးစိုက်နေသည်မသိ။ ကျွန်တော်ဝင်လာ သည်ကိုပင် သတိမူမိပုံမပေါ်ပေ။ သူလိုက်၍ ဆိုညည်းနေ သော သီချင်းမှာ အဆိုတော်ခင်မောင်တိုး၏ ဆယ်လမွန် ငါးတို့အပြန်သီချင်းဖြစ်သည်။ ထိုသီချင်းကို ကြားမိတိုင်း တစ်ခုခုကို လွမ်းသလိုလို၊ အားအင်တွေရှိလာသလိုလို ကျွန်တော် ခံစားရလေ့ရှိသည်။ အထူးသဖြင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကြောင့် စာရေးဆရာကြီးများ ရေးသားထား ကြသော ဆယ်လမွန်ငါးတို့၏ ဘဝဖြတ်သန်း နေထိုင် ရှင်သန်ကြပုံများကို သိခွင့်ရခဲ့၍ ထိုသီချင်းကို ပို၍ကြိုက်နှစ် သက်ခဲ့သည်။
သီချင်းအဆုံးမှာ ဆရာသည် ကျွန်တော့်ကို မပြန် သေးဘူးလားဟူသောအကြည့်ဖြင့် စကားဆိုလေသည်။ ကျွန်တော်ကလည်း ဆရာ့ကို လာနှုတ်ဆက်တာပါဟူသော အပြုံးဖြင့် ပြန်လည်စကားဆိုမိသည်။ ဆရာနှင့်ကျွန်တော် နှစ်ယောက်စလုံး အိမ်မပြန်ကြသေးဘဲ ထွေရာလေးပါး စကားပြောကြရင်း ဆရာနားထောင်နေသော သီချင်းအကြောင်း သို့ ရောက်ရှိသွားသည်။ ဆရာက အဆိုတော်ခင်ဝမ်း၏သီချင်းတွေထဲမှာ ဒီဆယ်လမွန်ငါးတို့အပြန် သီချင်းကို အကြိုက်ဆုံးဟု ဆိုလေသည်။
ကျွန်တော်က ခင်မောင်တိုး၏သီချင်းမဟုတ်ဘူးလား ဟုမေးတော့ ဆရာက ကျွန်တော့်ကိုခေါင်းခါပြ၍ ''မဟုတ် ဘူးကွ။ ဒီသီချင်းကို ၁၉၈၁ ခုနှစ်လောက်က အဆိုတော် ခင်ဝမ်းက ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုခဲ့တာ။ မင်းပြောတဲ့ အဆိုတော်ခင်မောင်တိုးက နောက်မှပြန်ဆိုတာ။ အေးလေ မင်းကငယ်သေးတော့ ခင်မောင်တိုးပြန်ဆိုတဲ့အချိန်ကျမှ နားထောင်ဖူးမှာပေါ့''ဟုဆိုရင်း သီချင်းကိုအစမှ ပြန်ဖွင့်ပြ သည်။ စကားလုံးများဖြင့်ဖွဲ့သီ၍ ငြိမ့်ညောင်းလှသော ဂီတအသံဖြင့် တန်ဆာဆင်ထားသော အဆိုတော်ခင်ဝမ်း ၏ ထိုသီချင်းသည် ကျွန်တော့်ရင်ထဲသို့ အတိုင်းအဆမရှိ ဝင်ရောက်နေရာယူနေတော့သည်။ သီချင်းပြီးဆုံးသွား၍ ပိတ်လိုက်သော်လည်း ဆရာနှင့်ကျွန်တော် စကားမပြော ဖြစ်ဘဲ ကိုယ့်အတွေးနှင့်ကိုယ် ရွက်လွှင့်နေမိကြသည်။
အချိန်ဟူသော ဒီရေလှိုင်းတံပိုးသည် ကျွန်တော်တို့ ဆရာတပည့်နှစ်ဦး၏ အတွေးကမ်းစပ်ကို တအိအိ ပုတ်ခတ် နေသည်။ သီချင်းတစ်ပုဒ်၏ ခေါ်ဆောင်ရာနောက်သို့ တကောက်ကောက်လိုက်ပါနေသော်လည်း အိမ်ပြန်ချိန် တန်ခဲ့ပြီဖြစ်သည်။ ပြန်နေကျလမ်းဖြစ်သော်လည်း ဒီနေ့မှ သတိထား၍ အိမ်ပြန်ရာလမ်းတစ်လျှောက် ဘေးဘီဝဲယာ များကို ကျွန်တော် သတိထားကြည့်မိသည်။ ဆယ်လမွန်ငါး အများကြီးကို မြင်တွေ့ခဲ့ရသည်။
တချို့တလေ ရေဆန်ကိုအန်တု ကူးဖြတ်နိုင်ရန် အတွက် ရေစုန်မှာမျောရင်း ရှာဖွေနေကြသည်။ တချို့ ကတော့ ခပ်ကြမ်းကြမ်းရေဆန်လမ်းကို မရပ်မနားကူးခတ် နေကြသည်။ မည်သို့ပင်ဖြစ်စေ တစ်ဘဝတာအတွင်း ရေဆန်လမ်းကို မလွဲမသွေ ကူးခတ်ကြရမည်ဖြစ်သည်။မည်သူတွေ ရေဆန်ကိုအန်တု၍ လိုရာခရီးကို အရောက် သွားနိုင်ကြမည်နည်း။ မည်သူတွေ လမ်းခုလတ်မှာ ကျရှုံး ကြရမည်နည်း။ သေချာသည့်အဖြေသည်ကား မရှိ။ ရွာက အမျိုးများ အလည်လာတိုင်းကြားရလေ့ရှိသည့် ''မင်းညီလေး က ကိုရီးယားမှာ အလုပ်သွားလုပ်နေတာလေ။ မင်းအစ်ကို က ထိုင်းမှာအလုပ်သွားလုပ်နေတာ သုံးနှစ်ရှိပြီလေ။ ရာသီ ဥတုကဖောက်ပြန်နေတော့ စပါးခင်းတွေ ရေမြုပ်၊ ပဲခင်းက အထွက်မကောင်းတော့ မင်းဦးလေးတောင် နွားနှစ်ကောင် ရောင်းပြီး မလေးရှားကို အလုပ်သွားလုပ်နေရတာ'' စတဲ့ ကျွန်တော့်ဆွေမျိုးညာတိတွေကရော ရေဆန်မှာ မည်မျှ ကူးခတ်နေကြရမည်နည်း။ ဇာတိချက်ြေ<ွက မွေးရပ်မြေကို စွန့်ခွာပြီး မကျင်လည်ဖူးသည့် သူစိမ်းနယ်ပယ်မှာ မည်မျှ ခက်ခဲကြမ်းတမ်းစွာ ကူးခတ်နေကြရမည်နည်း။ သူတို့ ဘယ်အချိန်မှာ အိမ်ပြန်နိုင်ကြမည်နည်း။ ကျွန်တော့်အတွေး ပေါင်းများစွာသည် နီရွန်မီးရောင်စုံများကြားတွင် ပြေးလွှား နေတော့သည်။
ပြန့်ကျဲနေသောအတွေးများသည် အနှစ်နှစ်အလလ မေ့လျော့ထားခဲ့သော ကိုယ့်ဘဝထံသို့ အမှတ်မထင် ချင်းနင်းဝင်ရောက်မိသည်။ ဘဝတစ်ခု၏ စားဝတ်နေရေး ဟူသော ခေါင်းစဉ်အောက်တွင် စုန်လိုက်ဆန်လိုက်ဖြင့် ရုန်းကန်နေရသော ကျွန်တော် ဘာတွေရှာဖွေပြီးခဲ့ပြီလဲ။ကိုယ့်ဇာတိရပ်ရွာအတွက်၊ ကိုယ့်အမျိုး၊ ကိုယ့်နိုင်ငံအတွက် မည်မျှစွမ်းဆောင်နိုင်ခဲ့ပါပြီလဲ။ တိုင်းပြည်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်ခဲ့ပါပြီလား။ ကိုယ့်ကိုယ်ကိုယ် မေးမိသော မေးခွန်းများကိုပင် ကျွန်တော်မဖြေနိုင်ပေ။သည့်အတွက် ကံကိုတော့ ရိုးမယ်မဖွဲ့ချင်။ ဆယ်လမွန်ငါး တွေကတော့ သူတို့အမျိုး၊ သူတို့ဇာတိအတွက် မရဏကို ဂရုမထားဘဲ ရေဆန်ကိုကူးဖြတ်၍ အလုပ်နှင့် သက်သေပြ ခဲ့ကြသည်။ ကျွန်တော်က ကိုယ့်အမျိုး၊ ကိုယ့်နိုင်ငံအတွက် မဆိုထားဘိ ကိုယ့်အတွက်ကိုပင် လက်ပန်းကျချင်နေသည်။ ဆရာဇော်ဂျီက
သင်...သေသွားသော်
သင်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြှင့် ကျန်ကောင်းသင့်၏ဟု ''သင်သေ သွားသော်''ကဗျာထဲတွင် မှာတမ်ြးေ>ွခခဲ့သည်။ ကျွန်တော်တို့ က ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသကို တိုးတက်တာမြင်ချင်သည်ဟု ဆိုလေ့ရှိကြသည်။ သို့သော် ကျွန်တော်တို့ ကိုယ့်ရပ်ကိုယ့်ရွာ အတွက် မည်မျှစွမ်းဆောင်ခဲ့ပြီးပြီလဲဟူသည့် မေးခွန်းကို တော့ ဖြေနိုင်သူ အလွန်နည်းပါးပေလိမ့်သည်။
ကျွန်တော်တို့နိုင်ငံတွင် ဆယ်လမွန်ငါးများ များစွာ ရှိသည်။ ရေစုန်မှာမရှာဖွေဘဲ ဖြစ်သလိုမျှောလိုက်ရင်း ဝဲဂယက်မှာ ပျောက်ပျက်သွားသူများလည်းရှိသည်။ ရေစုန် မှာရှာဖွေပြီး ရေဆန်ကို အန်တုနေကြသူများလည်းရှိသည်။ ရေစုန်ရေဆန်လမ်းနှစ်သွယ်မှာ ကူးလူးရုန်းကန်နေရသူ များစွာလည်းရှိသည်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် ရေဆန်ကိုအန်တု မရဏနှင့် စစ်ခင်းခဲ့ကြသူများလည်း ရှိသည်။ သို့သော် ရေဆန်လမ်းကို ဖြတ်ကူးလာမည့် ဆယ်လမွန်ငါးများကို စောင့်ဖမ်းကြမည့် ဝက်ဝံကြီးများစွာ လည်းရှိသည်။ မည်သို့ပင်ဖြစ်စေ ဆယ်လမွန်ငါးများကဲ့သို့ ရေဆန်ကိုအန်တု၍ မလွဲမသွေကူးခတ်ကြရမည်ကတော့ အသေအချာပင် ဖြစ်တော့သည်။
ရေတော်သား
No comments:
Post a Comment