(၁)
''အမေ… အမေ့ယောက်ျားကိုကြည့်ထိန်း ထား၊ နောက်မှ မိတူးမ ရိုင်းတယ်လာမပြောနဲ့''
မိတူးမ အမေ့ကို ပြန်အော်ပြောလိုက်ရ သဖြင့် စိတ်ထဲတော့မကောင်းလှ။ ဒါပေမယ့် လည်း အမေကအမြဲ သူ့လူဘက်ကသာနေလေ့ ရှိတယ်။ မိတူးမကို သမီးလို့တောင် သတ်မှတ် သေးရဲ့လားတော့မသိ။ ဘာပြဿနာပဲဖြစ်ဖြစ် မိတူးမကြောင့်ပဲဖြစ်သလိုလိုနဲ့ စာဖွဲ့ပြောတတ် သေးတယ်။ ကဲ ဒီတော့ ဘေးလူတွေကမြင်ချင် သလို မြင်ကြတော့တယ်။ ရပ်ကွက်ထဲကလူ တချို့ ပြောကြရင်ဖြင့် မိတူးမက စရိုက်ကြမ်း တယ်တဲ့။ ဟုတ်ပါပြီ။ မိတူးမ ဒီလိုစရိုက်ကြမ်း တမ်းတာ ဘယ်သူတွေကြောင့်ဆိုတာတော့ သိဖို့ကောင်းကြပါတယ်လေ။ မိတူးမ ကြားရ သလောက်က အဖေက မိတူးမ မမွေးခင်က တည်းက ဓားထိုးခံရပြီး ဆုံးပါးသွားခဲ့တယ်တဲ့။မိတူးမ သုံးနှစ်သမီးအရွယ်မှာ အမေနဲ့ လက်ရှိ ပထွေးဖြစ်သူ ဦးဘဖေနဲ့ နောက်အိမ်ထောင်ပြု တယ်။ ဦးဘဖေဟာ မိတူးမ ငယ်ငယ်တုန်းက တော့ အလုပ်လုပ်သေးတယ်။ မိတူးမကိုလည်း သမီးရင်းနဲ့မခြား ဂရုစိုက်တာကို မိတူးမ ရေးရေး ကလေးတော့မှတ်မိပါသေးတယ်။ မိတူးမ ပဉ္စမတန်းတက်တဲ့နှစ်လောက်မှာ ဦးဘဖေ အရက်နှင့်သာနှစ်ပါးသွားနေတော့တယ်။ အဲဒီ နောက်ပိုင်းတော့ အမေကသာ ဒိုင်ခံပိုက်ဆံရှာ ပြီး မိတူးမကို ကျောင်းဆက်ထားပေးခဲ့ပေမယ့် ဦးဘဖေကတော့ နေ့စဉ်နေ့တိုင်း အရက်နဲ့ သာ မျက်နှာသစ်နေခဲ့တယ်။ ကိုယ်ရှာကိုယ်သုံး လုပ်နေသည့် ဦးဘဖေကို အမေ့မှာ အပြစ်ပြော တယ်ဟူ၍မရှိပါ။ အမြဲ နှုတ်ဆိတ်လျက်သာ။အခုနောက်ပိုင်း အမေကျန်းမာရေး ချူချာ လာခဲ့တယ်။ တစ်အိမ်လုံးရဲ့ကိစ္စအဝဝမှန်သမျှ မိတူးမခေါင်းပေါ်မှာပဲ စုပုံလာခဲ့တော့တယ်။
(၂)
''ခင်ဗျားကြီးလွန်နေပြီ ဦးဘဖေ၊ မိတူးမ ပိုက်ဆံတွေ အဲဒီလိုယူတာ မကြိုက်ဘူး''
''အေ့ …ထွီ…ကောင်မ အပိုတွေပြောမနေနဲ့။ ငါလိုလို့ယူတာ ဘာဖြစ်လဲ''
''ဘာဖြစ်ရမလဲ ခင်ဗျားကြီးယူချင်တိုင်း ယူရအောင် သည်ပိုက်ဆံတွေက မိတူးမ ရှာထား တာတွေ။ ခင်ဗျားကြီး သုံးချင်ရင် ကိုယ့်ဘာသာ ရှာ။ မိတူးမပိုက်ဆံကိုလာမထိနဲ့ မကြိုက်ဘူး''
''ဟာ… ဒီကောင်မ ငါလက်ပါတော့မယ်''
တစ်နေ့တစ်နေ့ မိတူးမမှာ နားရတယ်ကို မရှိပါဘူး။ မိတူးမအသက်မှာ ခုမှ ၁၈ နှစ်။ သူများတွေလို လူငယ်ဘဝ ပျော်ပါးချိန်များ ပျောက်ဆုံးနေခဲ့သည်။
မိတူးမမှာ မနက်စောစော ၃ နာရီလောက် ဆို ရေစင်ဈေးကြက်ဒိုင်က ကြက်တွေယူ။ ပြီး တော့ ရပ်ကွက်က မိုးမလင်းဈေးလို့ခေါ်တဲ့ မနက်ဈေးဆီ အပြေးရောင်းရတယ်။ ဈေးက အပြန်တောင် မနားရသေး။
အမေ့အတွက် ဆန်ပြုတ်ကျိုကာ စားဖို့ သောက်ဖို့ ချက်ပြုတ်ရသေးတယ်။ ဒါတင် မကပါဘူး။ ညဈေးတန်းမှာ ပျံကျဈေးလည်း ရောင်းတော့ ညသွားရောင်းဖို့အတွက် ရောင်း ဖို့ ချက်ပြုတ်ကြော်လှော်ရသေးတယ်။ မိတူးမ သာ နေ့မနား ညမနား အလုပ်လုပ်နေတာပါ။ဘယ်မှာလဲ ပိုက်ဆံလို့မေးလာရင် ပြစရာ ပိုက်ဆံမရှိ။ ဘယ်ရှိပါ့မလဲ။ အမေက အိပ်ရာ ထဲလဲနေတာဖြင့် တစ်ပတ်၊ နှစ်ပတ်မှမဟုတ်။လချီ၊ နှစ်ချီရှိပြီလေ။ ဝင်ငွေက အမေ့ဆေးဖိုး နဲ့တင် လိပ်ပတ်မလည်အား။ ပြီးတော့ ဟိုလူကြီး။ ဟိုလူကြီးဆိုတာက ဦးဘဖေပေါ့။သူက မျက်မမြင်အမည်ခံပြီး သက်သာသလိုနေ တာ။ စုံလုံးကန်းတယ်ဆိုလည်း ထားပါတော့။ခုက တစ်လုံးလေးကွယ်ရုံလေးနဲ့ အိမ်ကိစ္စမှန် သမျှ သူနဲ့မဆိုင်သလိုနေတာ။ တစ်နေ့တစ်နေ့ သောက်လိုက် စားလိုက်နဲ့ မိသားစုကို ပြန်ငဲ့ တယ်ဆိုတာ မရှိဘူး။ အမေအိပ်ရာကမထနိုင် တာကလည်း အဲဒီလူကြီးစိတ်နဲ့ဖြစ်တာ။အဲဒီလူကြီးက အိမ်ရဲ့လူပိုပါပဲ။ မိတူးမနဲ့လည်း အစေးကပ်လှတယ် မရှိပါဘူး။ နေ့တိုင်းလိုလို တကျက်ကျက်ပဲ။ သူအလုပ်မလုပ်လို့ ပိုက်ဆံ မရတဲ့နေ့များဆို သူသောက်ဖို့ အရည်တွေ အတွက် မိတူးမသာ အိတ်စိုက်ပေးရတာ။သောက်သောက်ပြီး ရန်ဖြစ်လာပြီဆိုရင်လည်း နောက်ကနေ မိတူးမက လိုက်ဖြေရှင်းပေးနေ ကျ။ ပလိုင်းပေါက်နဲ့ ဖားကောက်တယ်ဆိုသလို ပဲပေါ့။ ဘယ်ထူးမလဲ ရှာလိုက်ထွက်လိုက်ပဲ။အရည်သောက်လာတယ်ပဲ ထားပါတော့။သောက်ပြီး အေးအေးလူလူနေပါလား။ ရပ်ကွက် ထဲပြဿနာ ရှာချင်ရှာ မရှာရင် အိမ်မှာလာရှာ ရော။ တစ်နေ့တစ်နေ့ မိတူးမမှာ မနားရပါဘူး ဆို အိမ်ပြန်လာရင်လည်း စိတ်ညစ်ရ။ သေသာ သေလိုက်ချင်မိတော့တယ်။ အခုလည်း ကြည့်ပါဦး မိတူးမ ဈေးခြင်းထောင်းထဲက မိတူးမ မသိအောင် ပိုက်ဆံနှိုက်နေတာ။တောင်းရုံသာမကဘူး။ ခုက ခိုးယူနေတဲ့အထိ ဖြစ်နေပြီလေ။ မိတူးမ သည်းမခံနိုင်တော့ဘူး လေ။
''ရိုက်ပါ ရိုက်ကြည့်စမ်းပါ မိတူးမကိုများ ဘာထင်နေလဲ''
''တော်ကြပါတော့ဟယ် ငါတောင်းပန်ပါ တယ် ရှိကြီးခိုးပါရဲ့''
အမေ့အသံကြောင့် တိတ်လိုက်ရပေမယ့် မကျေနပ်ချင်။ မိတူးမ တော်တော်ဒေါသဖြစ်မိ တယ်။ဘယ့်နဲ့ ရှာကျွေးနေတဲ့ မျက်နှာကိုမှ မထောက်။ ဒါနဲ့များ အဖေနေရာ ယူချင်နေ သေးတယ်။ ထားပါ။ အများအမြင်က မိတူးမ အဖေပေါ့။ အဲဒီလူကြီးမရှိရင်တောင် အကောင်း သားဟုတွေးရင်း ပိုစိတ်တိုလာနေမိတယ်။ အမေ့ကြောင့်မို့သာ မိတူးမ သည်အိမ်မှာနေ တာ။ နောက်မို့ဆို ထွက်သွားတာကြာလှပေါ့။
(၃)
''မိတူးမ မိတူးမ''
''ဘာဖြစ်လာတာလဲ ရီရီရယ် ရေးကြီး သုတ်ပျာနဲ့''
''အာမလေး မောတာဟာ နင့်အဖေ အရက်ဆိုင်မှာ ရန်ဖြစ်နေလို့''
''သူ့ဘာသာရန်ဖြစ်တာ ငါဘာလုပ်ရမလဲ''
''ဟယ် နင့်အဖေလေ နင်ကလည်း''
''ကျစ် ''
တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့လူကြီးပါလား။ မိတူးမမှာ မိန်းမသားတန်မဲ့ ညဥ့်ကြီး လည်းမရှောင် အလုပ်လုပ်နေရတာ။ မိတူးမကို နည်းနည်းလေးမှ စိတ်မပူတတ်တဲ့အပြင် အရက် ဆိုင်ကကို မထွက်နိုင်တာပဲ ကြည့်လေ။ အခု လည်း ရန်ဖြစ်ပြန်ပြီတဲ့။
ဒီညအဖို့ ဈေးရောင်းမကောင်းပါဘူးဆို။ဘယ်ဈေးရောင်းကောင်းပါ့မလဲ အမြဲရန်ဖြစ်နေ တဲ့ အဲဒီလူကြီးကြောင့် လာဘ်ပိတ်နေပြီလေ။
''ဖြစ်ပါစေပေါ့ သူရန်ဖြစ်ပြီးရင် ငါလိုက် ရှင်းရတာပဲလေ''
''ဟယ် ဒါတော့ ဒါပေါ့။ သွားတားရမှာ နင့်အပိုင်းလေ''
''ထားလိုက်ပါ ခု ငါဈေးရောင်းနေတယ် မအားဘူး''
''အေး ရန်ဖြစ်ပေမယ့် ဘာမှမဖြစ်ရင် အကောင်းပေါ့ဟာ။ တစ်ခုခုဖြစ်သွားမှာစိုးလို့ ငါစေတနာနဲ့ လာပြောရတာ ငါသွားတော့ မယ်''
ရီရီရဲ့ကျောပြင်ကိုကြည့်ရင်း မိတူးမ သက်ပြင်းချလိုက်မိတယ်။ ရီရီက မိတူးမရဲ့ ကျောင်းနေဖက်သူငယ်ချင်း။ ရီရီရဲ့ဘဝလေးက ပြည့်စုံတော့ မိတူးမ ကျိတ်အားကျခဲ့ရတာ။ မိတူးမမှာတော့။ တော်ပါပြီ။ ဒါတွေ ဆက်တွေး လည်း ဘာမှပြောင်းလဲမှာမှ မဟုတ်တာပဲ။
အတွေးတွေကို ဥပေက္ခာပြုလိုက်ကာ ဆိုင်သိမ်းဖို့ ပြင်ဆင်လိုက်တယ်။ လက်တွန်း လှည်းနဲ့ ရောင်းရတာဆိုတော့ ထွေထွေထူးထူး တော့ သိမ်းစရာမလို။ တွန်းလှည်းလေးကို တွန်းရင်း ဟိုလူကြီးပြဿနာအတွက် မနက်ဖြန် ထုတ်ပေးရမယ့် ပိုက်ဆံအတွက် ရင်လေးနေမိ ကာ သက်ပြင်းအကြိမ်ကြိမ်ချနေမိတယ်။
(၄)
''မိတူးမ ငါနင့်ကို ချစ်တယ်ဟာ''
''ငထူး နင်ငါ့အကြောင်း မသိသေးလို့ လာပြောနေတာလား''
''ဟဲဟဲ သိတာပေါ့ မိတူးမရာ။ နင်သာ ငါ့ကိုပြန်ချစ်ကြည့် နင့်အကြောင်း ဒီထက်မက သိပြီပေါ့ဟဟ''
''ဟုတ်လား… ဖြန်း…ဖြန်း ခုပိုသိပြီမလား''
''ဟင် နင်နင် ငါ့ကိုရိုက်တယ်ပေါ့ မိတူးမ။ အေး နင်ငါ့အကြောင်း ကောင်းကောင်းသိမယ်။ ထွီ နင်သတိထားနေတော့''
အရက်သမားကများ မိတူးမကို ချစ်တယ် လာပြောရဲသေး။
အရက်သမားဆို ဟိုလူကြီးကို ကြည့်ပြီး ချဉ်နေပြီးသား။
မိတူးမကိုများ လာစမ်းရဲသေးတယ်။ အရက်သမားဖိုးထူးရဲ့ ဒယီးဒယိုင်ခြေလှမ်းတွေ ကိုကြည့်ရင်း မိတူးမ ခပ်ချဉ်ချဉ်တွေးလိုက် ကာ ဈေးဆက်ရောင်းနေလိုက်တယ်။
ညဈေးမို့ လူစည်သော်လည်း ၉ နာရီ နောက်ပိုင်းဆို လူကျဲသွားတယ်။ မိတူးမပြန်ချိန် က ၉ နာရီဆိုပေမယ့် တွန်းလှည်းနဲ့မို့ ခရီး မတွင်သဖြင့် ၁ဝ နာရီလောက်မှ အိမ်ပြန် ရောက်တတ်တယ်။ ဟူး ဒီညမှ မီးကပျက်လိုက် တာ တစ်လမ်းလုံးမှောင်မည်းနေတာပဲ။ အဖေ အမည်ခံပြီး စောင့်ရှောက်ဖော်မရတဲ့ ဦးဘဖေ ကိုသာ မုန်းနေမိသည်။ ဦးဘဖေလည်း မိတူးမကို တော်တော်မုန်းနေလောက်မည်။ဦးဘဖေမှာ အိမ်ကို ပြန်ချင်တဲ့အချိန်မှ ပြန် လာတတ်ကာ ပြန်မလာတဲ့ညများလည်းရှိ တယ်။ အိမ်ကိုများ ဇရပ်ထင်နေလားမသိ။
''မိတူးမ ရပ်လိုက်''
''ဟင် ရှင် ရှင်''
''ဟုတ်တယ် ငါပဲ''
''လွှတ် …ရှင်မယုတ်မာနဲ့နော်''
''ဟားးးးးး''
''ရှင့်ကို လွှတ်လို့ ပြောနေတယ်နော်''
ထိုသူသည် တဟားဟားနှင့် အော်ရယ် လျက် မိတူးမဆီ ဝင်လုံးလို့လာသဖြင့် မိတူးမ အားကုန်သုံး၍ရုန်းသော်လည်း ယောက်ျား အားနှင့် မိန်းမအား မမျှဖြစ်ကာ အချည်းနှီးသာ ဖြစ်လို့နေ၏။ ထိုစဉ် ဒုတ်ခနဲ မြည်သံနှင့်အတူ မိတူးမကိုယ်ပေါ် ရောက်ရှိနေသော ထိုသူ သည်လည်း ဘုန်းခနဲ လဲကျသွားတော့၏။
(၅)
ဦးဘဖေ ဦးဘဖေ။ မိတူးမ ရှိုက်ကြီးတငင် ငိုနေမိသည်။ သွားပြီ။ မိတူးမ မှားပြီ။ ဆုံးရှုံးပြီ ပေါ့။ မိတူးမဘဝက အဖတ်ဆယ်မရတော့။ သည်တစ်ခါ ပြဿနာကို ငွေနဲ့လည်းဖြေရှင်းမရ တော့။ မိတူးမ ကိုယ့်အဖြစ်ကို ကိုယ်နောင်တရ မဆုံးဖြစ်နေမိတယ်။ ဒီလိုမှန်းကြိုသိခဲ့ရင် မိတူးမ မရိုင်းစိုင်းခဲ့ပါဘူး။ ခုတော့ အဲဒီအပြစ် တွေကို မိတူးမမှာ ယူကျုံးမရဖြစ်မိတယ်။ အမေ့ စကားကိုနားထောင်ရင်း မိတူးမ အသံတိတ် ရှိုက်ကာ နောင်တရနေမိသည်က အကြိမ်ကြိမ်။
''ဟုတ်တယ် သမီးအဖေရဲ့ အပြစ်တွေကို ခွင့်လွှတ်လိုက်ပါကွယ်။ သမီးအဖေက သမီးကို မွေးစားဖို့ကောက်ယူခဲ့တာ။ သမီးအဖေ့ဆန္ဒ အရ အမေလက်ခံခဲ့တယ်။ အမေတို့မှာလည်း သားသမီးမရှိတော့ သမီးကို သမီးအရင်းလေး လို အချစ်ပိုခဲ့ရတာ။ ဒါကြောင့်လည်း ခုချိန်ထိ သမီးအရင်းလို့ သမီးထင်နေခဲ့တာလေ။ သမီး အဖေ မျက်စိတစ်ဖက်ကွယ်ခဲ့တယ်ဆိုတာကလည်း သမီးအတွက်ကြောင့်ပါကွယ်။ အဟွတ် အဟွတ်''
''ဟင့် အဟင့် မိတူးမ ဘာမှမကြားချင် တော့ဘူး''
''ဆုံးအောင်နားထောင်ပါ သမီးရယ်။သမီး နှစ်နှစ်အရွယ်က မတော်တဆဖြစ်ပြီး သမီးမျက်လုံးတစ်ဖက် ထိခိုက်ခဲ့တယ်။ သမီး အဖေမှာ သူ့သမီးလေး မျက်မမြင်ဘဝနဲ့ မရပ်တည်စေချင်လို့ သူ့အလင်းတွေကို သမီး ကို မျှဝေခဲ့တာသမီး။ သူ ခုလိုအရက်သောက် တယ်ဆိုတာကလည်း သူ့ငွေတွေ အလိမ်ခံရပြီး စီးပွားပျက်လို့ စိတ်ညစ်ညစ်နဲ့ အရက်သောက် ရင်း ခုလိုဖြစ်သွားတာ သမီးရယ်။ သူအရက် သောက်လို့ သွေးဆိုးတာမှန်ပေမယ့် သမီးကို ရော အမေ့ကိုပါ လက်ဖျားနဲ့တောင်မထိခဲ့ဖူးဘူး လေကွယ်။ ခုတော့ သမီးအဖေ ဒီလိုသတ္တိရှိ မယ်လို့ မထင်ခဲ့မိဘူး သမီးရယ်………ဟီး ဟီး''
မိတူးမက မွေးစားသမီးတဲ့။ မိတူးမရဲ့ နောင်တတွေက အဖေ့ကို အဲဒီပြစ်ကလွတ်အောင် မကယ်ပေးနိုင်တော့။ အဖေကတော့ မိတူးမ ဘဝကိုကယ်တင်ခဲ့ပြီ။ ထိုနေ့ညက………
''ဟား…''
''ငထူး နင်မယုတ်မာနဲ့လို့ ငါပြောနေတယ် နော်''
''ကဲဟာ … ကဲဟာ''
''ရိုက်စမ်းပါမိတူးမ နင်ရိုက်ပြီး ငါ့အလှည့် ပေါ့ကွာ''
''နင်… နင်…''
''ခွပ်…ဒုတ် …အင့်''
''ဟင်… အဖေ …ဟီး'' အဖေ့ကိုဖက်ရင်း မိတူးမ ငိြုေ<ွကးခဲ့ရတယ်။ အဖေ ကယ်လို့သာ ပေါ့။ အဖေ အရောက်မြန်လို့သာပေါ့။ အဖေ့ ကြောင့် မိတူးမဘဝ မပျက်ခဲ့ပေမယ့် မိတူးမ ကြောင့် အဖေဘဝပျက်ခဲ့ရပြီ။ ခေါင်းကိုအရိုက် ခံလိုက်ရတဲ့ဒဏ်ကြောင့် ဖိုးထူးသေပြီ။ သမီး ကြောင့် အဖေ လူသတ်မှုကျူးလွန်ခဲ့ရပြီ။ အဖေ ရယ်။ မိတူးမ အဖေ့အပေါ် အများကြီးရိုင်းခဲ့မိ ပါတယ်။ မိတူးမ အဖေ့အပေါ် စေတနာမရှိ ဖြစ်ခဲ့တယ်။ အဖေမရှိရင်ကောင်းမှာပဲလို့ အကြိမ်ကြိမ်တွေးခဲ့မိတယ်။
အဖေရယ် သမီးအမှားတွေအတွက် သမီး ကို ခွင့်မလွှတ်ပါနဲ့။ သမီးအတွက် အများကြီး ပေးဆပ်ခဲ့တဲ့ အဖေ့ကျေးဇူးတွေကို သမီး အသက်ရှင်နေသမျှကာလပတ်လုံး သမီး ပေးဆပ်ဖို့ အဖေ့ကိုစောင့်နေပါ့မယ် အဖေ။
(၆)
''ဂျိမ်း…ကျွိ''
''အဖေ မိတူးမ ဒီမှာ''
မိတူးမ အဖေ့ကို လက်ဝှေ့ယမ်းပြရင်း အဖေ့ဆီ အပြေးအလွှားသွားကြိုလိုက်တယ်။ထောင်ထဲက ထွက်လာတဲ့ အဖေ့မျက်နှာက ပကတိကြည်လင်ဝင်းပနေကာ အရင်လို ညှဉ်းသိုးသိုးမဟုတ်တော့။
''အဖေက ဖြူလို့ ချောလာလို့ပါလား''
''ဟား… မိတူးမ ကောင်းမှုကြောင့် ဒီထဲ နေရတော အသားဖြူလာတာပေါ့ကွ''
''အဖေရယ်''
''အဖေက စနေတာပါကွယ်။ အဖေ အရက်ဖြတ်လိုက်ပြီ မိတူးမလေးရဲ့။ ဒါကြောင့် မို့ လူက လန်းဆန်းနေတာပါ''
''ဟုတ် အဖေ။ အိမ်မှာ အမေ မျှော်နေ တော့မယ် သမီးတို့ အိမ်ပြန်ကြစို့နော်''
ဒီနေ့ မိတူးမ အရမ်းပျော်နေမိတယ်။အဖေ လွတ်လာပြီဆိုတော့ အဖေ့ရဲ့ လက်ကျန် နေ့ရက်တွေကို မိတူးမ ပြန်ပေးဆပ်ရမယ်။အဖေ့ကျေးဇူးတွေကို မိတူးမ ဆပ်လို့မကြေနိုင် ပေမယ့် မိတူးမ အဖေ့အပေါ် ရိုင်းစိုင်းခဲ့မိတဲ့ အဲဒီလိုအပြစ်ကနေ လွတ်နိုင်မယ်လို့ ထင်မိ တယ်။ ကိုယ့်သွေးသားအရင်းမဟုတ်တာတောင် သားသမီးအရင်းလို သဘောထားပြီး ပေးဆပ်ရဲ ခဲ့တဲ့ အဖေ့ကျေးဇူးတွေကို အသက်ရှင်နေသရွေ့ ဆပ်နေပါ့မယ် အဖေရယ်။ ။
ရိုးရာ (မကန)
No comments:
Post a Comment