(တစ်)
မင်းခန့် အခန်းပြန်ရောက်တော့ ညဆယ်နာရီ ထိုးခါနီးပြီ။ မနက်ဖြန်အိမ်ကို ပိုက်ဆံလွှဲဖို့ စီစဉ်ရဦးမည်။ တိုင်းတစ်ပါးမှာ အလုပ်လုပ် ရတယ်ဆိုတာ လုံးဝမှမလွယ်။ အစစအရာရာ ကိုယ့်မြေနဲ့ကွဲပြားပြီး ကိုယ့်ကိုယ်ကိုယ် လုံခြုံ အောင်လည်း ကိုယ်တိုင်ကာကွယ်နိုင်မှ တော်ကာကျသည်။ ဒါတောင်မှ မြန်မာပြည်နဲ့ ယဉ်ကျေးမှုခြင်း အနီးစပ်ဆုံးတူညီပါတယ်ဆိုတဲ့ ထိုင်းနိုင်ငံ။ တိုင်းတစ်ပါးကို ထွက်အလုပ် လုပ်ကြတယ်ဆိုတာ ဘယ်သူမှတော့ သွားချင် လွန်း၍မဟုတ်။ မိသားစု စားဝတ်နေရေး၊ ရှေ့ရေးတွေ တွက်ဆကာ အရဲစွန့်လာရခြင်း ဖြစ်သည်။ အဆင်ပြေမယ် မပြေဘူးဆိုတာက မသေချာ။ တစ်ဖက်နိုင်ငံရောက်မှ ကိုယ့်မြေ၊ ကိုယ့်ရေကို ဘယ်လောက်အောက်မေ့ သတိရ တယ်ဆိုတာ အခုတော့ သူလက်တွေ့ကြုံရပြီ။ မင်းခန့်က အကြီးဆုံးသားမို့ မိသားစုတာဝန်ကို အပြည့်အဝယူထားရသည်။ အဖေနဲ့အမေ ကလည်း အသက်ကြီးပြီမို့ အလုပ်တွေ ပင်ပင် ပန်းပန်းမလုပ်နိုင်တော့။ ဒီကြားထဲ မိရိုးဖလာ တောင်သူလုပ်ငန်းကို မစွန့်လွှတ်နိုင်တော့ အခက်သား။
'အဖေကတော့ သားကြီးကို အဖေ့ တောင်သူလုပ်ငန်းမှာ ဝင်လုပ်စေချင်တာပဲ။ အခုဆို အဖေတို့နိုင်ငံရဲ့ အဓိကလုပ်ငန်းဖြစ်တဲ့ ဒီတောင်သူအလုပ်ကို လုပ်တဲ့သူနည်းသွား ကြပြီ။ လူတိုင်းက တော်ကြာနေ ထိုင်းထွက် မယ်၊ မလေးထွက်မယ် လုပ်နေကြတာ။ ဒီလိုနဲ့ ကြာရင် အဖေတို့ရဲ့တောင်သူလုပ်ငန်းကြီး ပျောက်ကွယ်တော့မယ်ကွ'
'ဟုတ်တယ်..သား။ သားက ဆန္ဒပြင်းပြ လွန်းလို့သာ အမေလည်းခွင့်ပြုရတာ။ ရေခြား မြေခြားမှာ နည်းနည်းလေးမှ အမေစိတ်မချ ဘူး။ အမေတို့ရဲ့ တောင်သူလုပ်ငန်းက အမြတ်နည်းပေမယ့် ထမင်းတော့မငတ်ပါဘူး ငါ့သားရယ်'
ထိုင်းမထွက်ခင်တစ်ညက အဖေနဲ့ အမေ ပြောခဲ့သောစကားများကို သူပြန်ကြားယောင် လာသည်။ အဖေနဲ့အမေပြောတာမှန်ပါသည်။ သို့သော် လုပ်ရတာနဲ့ ပြန်ရတာမကာမိတဲ့ ဒီလုပ်ငန်းကို မလုပ်ချင်ကြတော့တာရယ်၊ ခေတ်စနစ်တွေပြောင်းလဲ တိုးတက်လာတာ ကြောင့်ရယ်နဲ့ သူလည်းပဲ ထိုင်းကိုထွက်လာ ခဲ့မိသည်။
မိမိမှာတော့ ရွာအလယ်တန်းကျောင်း အောင်လို့ ကျောင်းထွက်ပြီး အခု ထိုင်းနိုင်ငံ ရောက်လာသည်။ အလတ်ကောင်ကလည်း မိဘနဲ့ အိုးမကွာအိမ်မကွာဆိုတော့ ပူစရာ မလို။ အဖေပြောတဲ့ နောက်စကားတစ်ခွန်း ကိုလည်း မှတ်မိနေပါသေးသည်။
'အကြီးကောင်မရှိရင်တော့ အလတ်ကောင် ကို အားကိုးရမှာပဲ။ အငယ်ကောင်လေးကို တစ်မိပေါက်တစ်ယောက်ထွန်းဆိုသလို ပညာ တတ်ကြီးဖြစ်စေချင်သေးတယ်'
အငယ်ဆုံးကောင်လေးကိုတော့ သူစိတ်ပူ သည်။ ဒီကောင်က မနှစ်ကမှ ဆယ်တန်း အောင်ပြီး ဒီနှစ်မှာတော့ ကျောင်းဆရာ သင်တန်း တက်နေပြီ။ ဒီကောင်လေးကြောင့်ပဲ သူအလုပ်တွေပိုကြိုးစားဖြစ်နေသည်။ အခု လည်း ညပိုင်းအချိန်ပိုဆင်းရလို့ အခန်းပြန် နောက်ကျခြင်းဖြစ်သည်။ အလတ်ကောင် အတွက်ကတော့ ပူစရာမလို။
'ကိုကြီး မင်းဟိုရောက်သွားရင် မိန်းမ တွေနဲ့ ရှုပ်မနေနဲ့နော်။ နိုင်ငံခြားက မိန်းမ တွေဆိုတာ ကောင်းတာမဟုတ်ဘူး။ အဖေနဲ့ အမေကိုလည်း ညတိုင်းကန်တော့အိပ် ကြားလား။ ငါနဲ့ အငယ်ကောင်ကိုလည်း မေ့မသွားနဲ့ဦး'
အလတ်ကောင်ပြောတဲ့ စကားတွေကို ပြန်တွေးရင်း သူပြုံးမိသည်။ စိတ်ထဲမှာလည်း တွေးနေမိသည်။
'အလတ်ကောင်ပဲနားအေးတယ်။ အိုး မကွာအိမ်မကွာ မိဘနဲ့လည်းအတူနေရတယ်။ ငါလည်းအိမ်ပြန်ချင်ပေမယ့် နောက်တစ်နှစ် လောက် ထပ်နေဖြစ်ဦးမယ် ထင်တယ်။ မိဘနဲ့ အတူနေရတာလောက် ဒီကမ္ဘာမှာ ကံကောင်း တာ ရှိပါဦးမလား..'
(နှစ်)
'သားရေ..လင်းခန့်..မင်း..မနက်ဖြန် မြို့တက်ရမယ်နော်'
'ဘာလဲ အဖေ..ပိုက်ဆံထုတ်ပြီး ပြန်လွှဲရမှာပဲမှတ်လား'
အိမ်နောက်ဖေးတွင် နွားစာကျွေးနေရာမှ လင်းခန့် အဖေ့စကားကို ခွန်းတုံ့ပြန်လိုက်သည်။ အဖေမပြောလည်း သူသိပြီးသားဖြစ်သည်။ မနက်ဖြန်လကုန်ရက်ဆိုတော့ သေချာ ပေါက်သူ မြို့တက်ရမည်။ ကိုကြီးလွှဲတဲ့ ပိုက်ဆံကို ဘဏ်မှာထုတ်ပြီး အငယ်ကောင် ညီခန့်ဆီပြန်လွှဲရမည်။ အကြိမ်ပေါင်းများစွာ လုပ်နေကျအလုပ်မို့ ဒါတွေကို လင်းခန့် ကျွမ်းကျင်နေပြီ။ နွားစာကျွေးပြီးလို့ အိမ်ပေါ် တက်လာတော့ အဖေက ဧည့်ခန်းမှာ တရား စာအုပ်ဖတ်နေသည်။
'အဖေတို့ကလည်းနော် သားသုံးယောက် ရှိတဲ့အထဲမှာ ဒီသားလေးကိုပဲ ခိုင်းစားနေ ကြတယ်။ ကိုကြီးတို့၊ အငယ်ကောင်တို့များ ဘယ်လောက်ပိုင်လဲ။ ကိုကြီးက အလုပ်ရလို့ အချိန်တန် အိမ်ကိုပိုက်ဆံပြန်ပို့။ ဟော..အငယ်ကောင်ဆိုတာကလည်း စာလေး ကျက်ပြီး အိမ်ကပို့တဲ့ ပိုက်ဆံလေးမျှော်နေရုံပဲ။ အဲဒါကြောင့်ပြောတာ အလတ်ဖြစ်ရတာ ဘယ်တော့မှမကောင်းဘူးလို့'
'သားရယ်..အဲဒီလိုလည်း ဘယ်ဟုတ် ပါ့မလဲ။ သားကိုကြီးနဲ့အငယ်ကောင် အဝေးမှာ ရောက်နေတော့ အမေတို့မှာ အားကိုးစရာ ဆိုလို့ ဒီသားတစ်ယောက်ပဲရှိတာကို'
အမေက မီးဖိုချောင်ထဲမှာ ဟင်းချက် နေရာက လှမ်းပြောသည်။ အဖေကတော့ စာဖတ်နေရာက သူ့ကို ပြုံးစိစိနဲ့ လှမ်းကြည့် သည်။
'မင်းအမေပြောတာ ဟုတ်တယ်သား..။ အခု ငါ့သားရှိတော့ ဒီလယ်ထွန်၊ နွားကျောင်း အလုပ်တွေ အဖေမလုပ်ရတော့ဘူးပေါ့။ တကယ်လို့ ငါ့သားပါ အဝေးရောက်သွားမယ်ဆို ဒီအလုပ်တွေကို အဖေတစ်ယောက်တည်း အိုကြီးအိုမနဲ့ လုပ်နေရမှာကွ'
'အဲ့ဒါလည်း ဟုတ်တာပဲ။ ငယ်ငယ် တုန်းကဆို ကိုကြီးဆော့ပြီးသားအရုပ်ကို ကျွန်တော်က မဆော့ရဘူး အငယ်ကောင်ကို ပေးရတယ်။ အငယ်ကောင်မဆော့ချင်မှ ကျွန်တော်ကရတယ်။ ဒါနဲ့ အမေက ကျုပ် ကိုကျ ဘာလို့ကျောင်းဆက်မထားတာတုံးဗျာ'
'အဲ့ဒါကတော့ သားရယ်..။ သား ခြောက်တန်းမှာ ကျန်းမာရေးချူချာတာကို။ သားကျန်းမာရေးမကောင်းတော့ တစ်လ လောက် ကျောင်းမတက် နိုင်ဘူးလေ။ အဲ့ဒါနဲ့ အမေတို့လည်း ကျောင်းထုတ်လိုက်ရတာပါ။ ဟော..အခု မင်းကိုကြီးနဲ့ မင်းညီ အဝေးမှာ ရောက်နေတော့ သူတို့နေမကောင်းဖြစ်ရင် ဘယ်သူပြုစုမလဲ။ အခု အမေ့သားက အမေတို့ အနားမှာရှိတော့ သားနေမကောင်းဖြစ်တဲ့ အချိန် အမေတို့ပြုစုလို့ရတာပေါ့။ ပြီးတော့ အဖေတို့အမေတို့ရဲ့ အချစ်တွေကို သား တစ်ယောက်ပဲ အပိုင်ရတာပေါ့ ဟုတ်ဘူးလား'
'အမေပြောတော့လည်း ဟုတ်နေတာပဲ'
ဒီလိုဆိုတော့ လင်းခန့်လည်းကျေနပ်သွား ရပြန်သည်။
ဒေါ်ငွေစန်း သားကိုနှစ်သိမ့်ရင်း ရင်ထဲ မှာတော့ စိတ်မကောင်းဖြစ်နေမိသည်။ ငယ်ငယ်ကတည်းက ကျန်းမာရေးချူချာခဲ့တဲ့ သားလေးရဲ့စိတ်ထဲမှာ တခြားညီအစ်ကို တွေနဲ့ယှဉ်ပြီး စိတ်ဒဏ်ရာရသွားမှာကိုတော့ ဒေါ်ငွေစန်း စိတ်ပူမိသည်။ စိတ်ထဲမှာလည်း သူ့သားကို ပြန်ပြောနေမိသည်။
'အမှန်တော့ သားထင်သလိုမဟုတ်ပါဘူး သားရယ်..။ အလတ်မို့ လပ်နေတာ မဟုတ် ပါဘူး။ အမေတို့က အလတ်မို့ ပိုမက်နေကြ တာပါ။'
(သုံး)
ညခုနစ်နာရီ ခေါင်းလောင်းတီးသံက သင်တန်းသားအားလုံး ''စာကျက်ကြတော့'' လို့ အမိန့်ပေးသံအလား ထွက်ပေါ်လာသည်။ စာအုပ်ကိုကိုင်ရင်း ညီခန့်မှိုင်နေသည်။ ပညာရေးကောလိပ်ဆိုတာကိုရောက်မှ ခေါင်းလောင်းသံတွေကို ချစ်တတ်၊ မုန်းတတ် လာခဲ့ပြီ။ တင်းကျပ်လှတဲ့ စည်းကမ်းဘောင် တွေကြားထဲမှာ ဆရာတစ်ယောက်ရဲ့ လုပ်ငန်း ဆောင်တာတွေက များပြားလွန်းလှသည်။ အစက ကျောင်းဆရာတစ်ယောက်ဖြစ်ဖို့ ဒီလောက်ခက်ခဲလိမ့်မယ်လို့ သူတစ်ခါမှမတွေး မိခဲ့။ မိမိဝါသနာအရင်းခံနှင့် မိဘတွေ ဖြစ်စေချင်တဲ့လမ်းကို သူလျှောက်ခဲ့ခြင်း ဖြစ်သည်။
မနက်ငါးနာရီ မျက်စိနှစ်လုံးပွင့်ကတည်း က ညကိုးနာရီ မျက်လုံးမမှိတ်မချင်း သူ့အချိန် နဲ့သူ လည်ပတ်နေတဲ့ ပညာရေးကောလိပ် ဆိုတာကြီးထဲမှာ သူငြီးငွေ့လှပြီ။ ဆရာကောင်း တစ်ယောက်ဖြစ်ဖို့၊ အရည်အချင်းပြည့်ဝဖို့တွေ သူမတွေး။ ခုချိန်မှာ သူအိမ်ပြန်ချင်တာပဲ သိသည်။ အဖေနဲ့အမေကိုလွမ်းသည်။ ကိုကြီး နဲ့ ကိုလတ်ကိုသတိရသည်။
'ညီခန့် ငွေလွှဲရောက်တယ်'
Row မှူးရဲ့အသံကြောင့် သူ့အတွေးတွေ ပျက်သွားသည်။ သင်တန်းသားတွေဆီ ငွေလွှဲချင်ရင် သင်တန်းသားတွေဆီတိုက်ရိုက် လွှဲလို့မရ။ အဆောင်မှူးကနေတစ်ဆင့် လွှဲရ သည်။ ဘဏ်ဖွင့်ရက်(ကျောင်းဖွင့်ရက်)တွေမှာ သင်တန်းသားတွေ အပြင်ထွက်ခွင့်မရှိ။ ငွေလွှဲ သူကနေ အဆောင်မှူးဆီ၊ အဆောင်မှူးဆီမှ တစ်ဆင့် သင်တန်းသားတွေဆီ ရောက်သည်။
အဆောင်မှူးဆရာထံမှ ငွေယူပြီး ပြန်အလာ ပိုက်ဆံထုပ်ကိုကြည့်ရင်းသူ့ အတွေးတွေနယ်ချဲ့နေမိပြန်သည်။ ဒီပိုက်ဆံ သည် ကိုကြီးဆီမှ ပိုက်ဆံဖြစ်မည်။ ကိုကြီး လွှဲလိုက်တဲ့ ပိုက်ဆံကို ကိုလတ်ကထုတ်ပြီး သူ့ဆီတစ်ဆင့်လွှဲတယ်ဆိုတာကို သူလည်း သဘောပေါက်ပြီးသား ဖြစ်သည်။
ကိုလတ်..ကိုလတ် ညီအစ်ကိုသုံးယောက် ထဲမှာ အဖေတို့ အမေတို့နဲ့ အတူနေရဆုံး။ ကိုကြီးထက် ကိုလတ်ကို သူပိုချစ်သည်။ ပိုလည်း သနားသည်။ သူ့ခမျာ ကျောင်းလည်း မနေရရှာ။ အဖေနဲ့အမေအနားမှာနေပြီး ရွာနဲ့လည်းမခွဲရ။ ငယ်ငယ်က သူလိုချင်တဲ့ ကိုကြီးဆီက အရုပ်တွေကို ကိုလတ်ဆီက ရနေကျ။ သူမကိုင်ချင် တော့မှ ကိုလတ်က ကိုင်ရသည်။ ကိုကြီးနဲ့ သူရန်ဖြစ်ရင် ကိုလတ် ကပဲ သူ့ဘက်က ဝင်ကူပေးနေကျ။ ပြီးတော့.. အမေခိုင်းခဲ့တဲ့ သူမလုပ်ချင်တဲ့ ရေခပ်၊ ထင်းခွဲ အလုပ်တွေကို ကိုလတ်ကပဲ ကူလုပ်ပေးနေကျ။
'အငယ်ကောင် ကောလိပ်ဆိုတာကြီးကို ရောက်ရင် မင်းရည်းစားမထားနဲ့နော်။ ရည်းစားထားလို့ကတော့ ငါလိုက်ရိုက်မှာ။ ဟိုမှာ ကောင်းကောင်းနေကြားလား။ မင်းက အဝေးမှာဆိုတော့ မင်းမလုပ်ချင်တဲ့ အလုပ် တွေကို ငါလုပ်ပေးလို့မရတော့ဘူး။ အို..ကျောင်းဆိုမှတော့ ဘယ်အလုပ်လုပ်ရတော့ မတုံးနော။ အေး..မင်းရန်လည်းမဖြစ်နဲ့။ ငယ်တုန်းကလို မင်းရန်ဖြစ်ရင် ငါ မင်းဘက်က ပါပေးလို့မရတော့ဘူး။ သေတ္တာထဲမှာ အမေ ဝယ်ပေးထားတဲ့ ငါ့ပုဆိုးအသစ်ရှိတယ်။ အဲ့ဒါ မင်းယူသွား'
သူကောလိပ်မသွားခင်တစ်ညက ကိုလတ် ပြောခဲ့သော စကားများကိုပြန်ကြားယောင် နေမိသည်။ သူ့အပေါ် ကောင်းလွန်းသော ကိုလတ်အကြောင်းတွေးရင်း ညီခန့်မျက်ရည် စို့နေမိသည်။ သူ့စိတ်ထဲမှာလည်း တွေးနေမိ သည်။
'ကိုလတ်က ဒီကမ္ဘာမှာ ကျွန်တော့်အတွက် အကောင်းဆုံးလူသားပါပဲ။ ကိုလတ်ကလည်း ကံအကောင်းဆုံးလူသားပဲ။ အိမ်နဲ့မခွဲရဘဲ အဖေတို့အမေတို့နဲ့ အတူနေရတယ်။ အိမ်ပြန်ရောက်မှ ကိုလတ်ကို ကန်တော့ရ ဦးမယ်'
နေဘုန်းညီ
No comments:
Post a Comment