Latest News

Saturday, October 6, 2018

ဆေးပညာလောက၊ နိုင်ငံရေးလောက၊ စာပေလောကမှ ကြယ်တစ်ပွင့်ကြွေလွင့်

ဆေးပညာလောက၊ နိုင်ငံရေးလောက၊ စာပေလောကမှ ကြယ်တစ်ပွင့်ကြွေလွင့်

တစ်ခေတ်တစ်ခါက     မြန်မာ့အသံရေဒီယိုမှ ကျန်းမာရေးအသိပညာပေးဆောင်းပါးများ ထုတ်လွှင့် ခဲ့သူ၊ စာနယ်ဇင်းများတွင် ကျန်းမာရေးဆိုင်ရာ ဆောင်းပါး များ ရေးသားခဲ့သူ၊ ကျန်းမာရေးစာအုပ်များ အထူးသဖြင့်    ဖိုမပညာပေးစာအုပ်များရေးသားခဲ့ပြီး ထိုခေတ်ကာလက လူငယ်ထုအကြားတွင်    ရေပန်းစားခဲ့သည့်  ဆရာ ဒေါက်တာအောင်ခင်ဆင့်သည်    အောက်တိုဘာလ ၂ ရက်နေ့  ည ၈ နာရီခွဲအချိန်က ရန်ကုန်မြို့ မြောက်ဒဂုံ မြို့နယ်ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ထင်ရှားသည့် အမျိုးသားစာပေ ဆုရ     ဆရာဝန်စာရေးဆရာဖြစ်သူ   ဒေါက်တာ အောင်ခင်ဆင့်ကို ပခုက္ကူမြို့တွင် အဖကျောင်းအုပ် ဆရာကြီး ဦးမောင်ကလေးနှင့်  မိခင် ဒေါ်သီလှတို့မှ မွေးဖွားခဲ့ပြီး ရန်ကုန်ဆေးတက္ကသိုလ်မှ ဆေးပညာဘွဲ့ကို ၁၉၆၃   ခုနှစ်တွင်   ရရှိခဲ့ပြီးနောက်  ဗြိတိန်နိုင်ငံ မန်ချက်စတာတက္ကသိုလ်မှ ပြည်သူ့အကျိုးပြု ဆေးပညာ ပါရဂူဘွဲ့ကို ရရှိခဲ့သည်။

ဆရာကြီးသည် ၁၉၅၁ ခုနှစ် ရန်ကုန် ဆရာ အတတ်သင်လေ့ကျင့်ရေးကျောင်း ၁ဝ တန်းကျောင်းသား ဘဝ၌ ကျောင်းနှစ်ပတ်လည်စာစောင်တွင် ''မိခင် ပြောသော မေတ္တာစကား သားတော်တော်နာသွားသလား'' ဆောင်းပါးနှင့် ''The Sunset by the side of the River Irrawaddy''ဆောင်းပါးများကို စတင်ရေးသား ခဲ့သည်။

ဆရာသည်  အသက်  ၈၆ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ပြီး ဆရာ့ဘဝဖြတ်သန်းခဲ့သော ကာလ တစ်လျှောက် ဆေးပညာလောက၊ နိုင်ငံရေးလောကတို့၌ တက်တက်ကြွကြွ     လှုပ်ရှားစွမ်းဆောင်နိုင်ခဲ့သည်။ ဆရာသည် ဆေးပညာပြန့်ပွားရေးတွင် အထူးဝါသနာ ထုံခဲ့ပြီး သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရေဒီယို၊ ရုပ်မြင် သံကြား စသည့်မီဒီယာပေါင်းစုံတို့မှ  ဆေးပညာပေး စာပေများ ရေးသားထုတ်လွှင့်နိုင်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ကာကွယ်၍   ကုသနည်း ဆေးပညာပေးစာအုပ်ဖြင့် အမျိုးသားစာပေဆုကိုရရှိခဲ့သည်။

ဆရာသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီး အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ပြီး ၁၉၉ဝ ပြည့်နှစ် ရွေးကောက် ပွဲတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD  ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည်။ ဆရာသည် ပြည်သူများ၏ လေးစားခြင်းခံရသော ဆရာဝန် တစ်ဦး၊ စာရေးဆရာတစ်ဦး၊ ပြည်သူ့ကိုယ်စားလှယ် တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် အမျိုးသားညီလာခံကို NLD  ပါတီကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပြီး  ညီလာခံကို  ဝေဖန်ပြစ်တင်ခဲ့သော ကြောင့် အဖမ်းခံရကာ ထောင်ဒဏ် အနှစ် ၂ဝ ကျခံခဲ့ရသူ ဖြစ်သည်။

ဆရာသည် ငယ်စဉ်ကတည်းက နိုင်ငံရေးကိုစိတ်ဝင် စားသူဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှု ကာလတွင် အာရှလူငယ်အဖွဲ့ဝင်အဖြစ် လှုပ်ရှားခဲ့ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၌လည်း တပ်ဦး ကျောင်းသားအဖြစ် တက်တက်ကြွကြွ ပါဝင်လှုပ်ရှား ခဲ့သည်။   ၁၉၈၈   ခုနှစ်  အရေးတော်ပုံကာလတွင် ကျန်းမာရေးဝန်ထမ်းများသမဂ္ဂဥက္ကဋ္ဌအဖြစ် တက်ကြွစွာ ဆောင်ရွက်ခဲ့သဖြင့် ဝန်ထမ်းအဖြစ်မှ အငြိမ်းစားပေးခံရ သည်။ ထိုအချိန်မှစတင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှနေ၍ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး နောက် နိုင်ငံရေးလောကမှ အနားယူခဲ့သည်။ ကွယ်လွန် ချိန်တွင် ဇနီးဒေါ်ခင်စိန်စိန်နှင့် သားသမီးသုံးဦး ကျန်ရစ် ခဲ့သည်။ ဆရာကြီးကွယ်လွန်ခဲ့သည့်အတွက် ဆေးပညာ လောက၊ စာပေလောက၊  နိုင်ငံရေးလောကအတွက် ကြီးမားသောဆုံးရှုံးမှုဖြစ်သလို ဝမ်းနည်းကြေကွဲခြင်း ဖြစ်ကြရပါသည်။

ဆရာရေးသားပြုစုခဲ့သော စာအုပ်အချို့မှာ-

(၁) ကိုယ်ဝန်ဆောင်မိခင်များနှင့်သိမှတ်စရာ
(၂)  သက်ကြီးရွယ်အိုဘဝကို စိုပြေစေဖို့ ကြိုးပမ်းစို့ (၁၉၆၄)
(၃) တိုးတက်သောဆေးပညာနှင့် ကာကွယ်ရေး(၁၉၆၇)
(၄) ကျား+မ သဘာဝဆိုင်ရာ ဆေးစာတမ်းများ(၁၉၇ဝ)
(၅) ကာကွယ်၍ ကုသနည်း
 (အမျိုးသားစာပေဆုရ)(၁၉၇၂)
(၆) ဖိုမဆက်ဆံရေး(၁၉၇၅)
(၇) ကျန်းမာခြင်းနှင့်ဆေးပညာ(၁၉၇၈)
(၈) ကျန်းမာရေးရှုထောင့်အသွယ်သွယ်(၁၉၈၁)
(၉) ကိုယ်တွေ့အတွေ့အကြုံများ(၂ဝဝ၄)
(၁ဝ) ယောက်ျားလေး၊ မိန်းကလေး ကာကွယ်
 ကုသရေး(၂ဝဝ၅)
(၁၁) အတိုက်အခိုက်ခံ  နှလုံးရောဂါ(၂ဝဝ၆)
(၁၂) ယခုခေတ်ပြည်သူတို့အတွက် ကာကွယ်ကုသရေး ဆေးပညာ(၂ဝဝ၇)

No comments:

Post a Comment