Latest News

Sunday, October 21, 2018

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို မုန်တိုင်းဝင်မည်

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို မုန်တိုင်းဝင်မည်


ရန်ကုန်၊ အောက်တိုဘာ ၂၁

ကပ္ပလီပင်လယ်ပြင်မှ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းပြီး မုန်တိုင်းငယ်အဖြစ်ရောက်ရှိကာ အောက်တိုဘာလ ၂၂ ရက်နေ့ဝန်းကျင်တွင် မြန်မာ့ကမ်းရိုးတန်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ ဖြတ်ကျော်ဝင်ရောက်နိုင်သည့်အတွက် သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။
အဆိုပါမုန်တိုင်းငယ်သည် အောက်တိုဘာလ ၂၂ ရက်နေ့၌ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကိုဖြတ်ကျော်ပြီးနောက် ဆက်လက်ရွေ့လျားကာ အောက်တိုဘာလ ၂၄ ရက်နေ့ဝန်းကျင်တွင် ရခိုင်ကမ်းရိုးတန်းဒေသကို ဝင်ရောက်နိုင်ခြေရှိကြောင်း၊ မုန်တိုင်းဖြတ်ကျော်စဉ် မိုးသက်လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။
ယင်းမုန်တိုင်းအရှိန်ကြောင့် ဧရာဝတီတိုင်းဒေသကြီးတွင် မိုးသည်းထန်နိုင်ပြီး ငွေဆောင်နှင့် ချောင်းသာကမ်းခြေဒေသတို့တွင်လည်း မိုးသည်းထန်ကာ လေပြင်းများတိုက်ခတ်နိုင်သည့်အတွက် ယင်းဒေသများသို့ ခရီးသွားလာခြင်းမပြုသင့်ကြောင်း ဒေါက်တာကျော်မိုးဦးက သတိပေးပြောကြားသည်။


“ဒီရက်ပိုင်းကတော့ မုန်တိုင်းအရှိန်ရှိနေတော့ ကမ်းခြေသွားတာက အန္တရာယ်တော့နည်းနည်းရှိတယ်”ဟု ၎င်းက ဆိုသည်။
ထို့ပြင်မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ပြီး မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ကာ လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment