Latest News

Friday, October 26, 2018

မြန်မာ့ဂုဏ်ဆောင်အောင်လအန်ဆန် ဝမ်းမစ်ဒယ်ဝိတ်တန်းခါးပတ် ဆက်လက် ကာကွယ်နိုင်

မြန်မာ့ဂုဏ်ဆောင်အောင်လအန်ဆန် ဝမ်းမစ်ဒယ်ဝိတ်တန်းခါးပတ် ဆက်လက် ကာကွယ်နိုင်

ရန်ကုန် အောက်တိုဘာ ၂၆

One Championship က ကြီးမှူးကျင်းပသည့် ကမ္ဘာ့အဆင့်မီ ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲ ONE: Pursuit of Greatness ကို ယနေ့ညနေ ၆ နာရီခွဲ က ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ ယင်းပြိုင်ပွဲတွင် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ရှင် အောင်လအန်ဆန်က ချန်ပီယံခါးပတ်ကို ဆက်လက်ကာကွယ်နိုင်ခဲ့ပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့သည်။

အဆိုပါပွဲတွင် စိန်ခေါ်သူ လက်ဘနွန်နိုင်ငံသား မိုဟာမက်ခရာခီက အောင်လအန်ဆန်အား ချုပ်ကွက်ဖြင့် အနိုင်ယူရန်ကြိုးစားသော်လည်း အောင်လအန်ဆန်၏ လက်သီးထိုးချက်များကြောင့် ၂ မိနစ်နှင့် ၂၂ စက္ကန့်ခန့်တွင် အောင်လအန်ဆန်အား အရှုံးပေးလိုက်ရသည်။

''ကျွန်တော့်လက်သီးက တော်တော်ပြင်းတယ် (ရယ်လျက်) ကျွန်တော်ထိုးလိုက်တာ သူနှာခေါင်းရိုး ကျိုးသွားတယ်။ သူက နှာခေါင်းရိုးကျိုးသွားတော့ လုံးချင်တယ်၊ လုံးချင်တဲ့အချိန်မှာ အကယ်၍ ကျွန်တော် မလုံးတတ်ဘူးဆိုရင်၊ ကိုယ့်ဆီမှာ နပန်းမတတ်ဘူးဆိုရင် အလုံးခံရမှာ၊ မကာကွယ်နိုင်ရင် ရှုံးနိုင်တယ်။ နောက်ပိုင်း လိုက်ဟဲဗီးဝိတ် ကာကွယ်ဖို့ရှိတယ်။ ၁ဝဝ ရာခိုင်နှုန်းတော့ မပြော နိုင်သေးဘူး။ ကျွန်တော့်ကို ဟဲဗီးဝိတ်တစ်ယောက်က စိန်ခေါ်ထားတယ်''ဟု ပွဲအပြီးတွင် အောင်လအန်ဆန်က သတင်းထောက်များကို ပြောသည်။

ပြည်တွင်းပွဲစဉ်တွင် ရဲသွေးနီက မိုက်ရိုင်းအား အမှတ်ဖြင့်လည်းကောင်း၊ ဆူးဘား(မလေးရှား)က ပထမ အချီတွင် ဖိုးသော်(မြန်မာ)အားချုပ်ကွက်ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့သည်။

ပြည်ပပွဲစဉ်တွင် သြဂတ်စတင်(အင်ဒိုနီးရှား)က အီဘင်(ဖိလစ်ပိုင်)အား ပထမအချီတွင်လည်းကောင်း၊ ဂျ(စ်)ဆူး(အာဖဂန်နစ္စတန်)က မာဇူဒေါင်(တရုတ်)အား ဒုတိယအချီတွင်လည်ကောင်း၊ တိုနာ (သြစတြေးလျ)က လာဆီရီ(အီတလီ)အား အမှတ်ဖြင့်လည်းကောင်း၊ လူးအစ် ဆန်တိုး(စ်) (ဘရာဇီး)က အေဘီ(ဂျပန်)အား ပထမအချီ တွင်လည်းကောင်း၊ ဟန်ဇီဟွာ(တရုတ်)က ရိုင်ယန်ဂျာကီရီ (ဖိလစ်ပိုင်)အား ပထမအချီတွင်လည်းကောင်း၊ မာဆာကဇူ (ဂျပန်)က ရက်ဒင်း(စင်္ကာပူ)အား ပထမအချီတွင် လည်းကောင်း၊ Khbabez (မော်ရိုကို)က Ibrahim (မော်ရိုကို)အား နောက်ဆုံးအချီတွင်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။

အဆိုပါပြိုင်ပွဲကို တွဲဆိုင်း(၁၂)ဆိုင်း ထည့်သွင်း ကျင်းပသော်လည်း အီမီလီရို(အမေရိကန်)နှင့် ကာဇူကီ (ဂျပန်)တွဲဆိုင်းနှင့် ရာဖေး(လ်)(ဘရာဇီး)နှင့် မိုလစ်ဒ်(ရုရှား)တို့ပွဲမှ ကစားသမားနှစ်ဦးမှာ ဆေးကျခြင်းကြောင့် ယင်းတွဲဆိုင်းနှစ်ခုကို ဖျက်သိမ်းခဲ့ရကြောင်း၊ ဆေးကျ သွားသည့် ကစားသမား နှစ်ဦး၏အခြေအနေမှာ ထိုးသတ် ရန်မဖြစ်နိုင်သည့် အခြေအနေတွင်ရှိပြီး ထိုးသတ်ခွင့်ပေးလို့ မရလောက်အောင် အသက်အန္တရာယ်ရှိခြင်းကြောင့် ဖျက်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

သတင်းနှင့် ဓာတ်ပုံ- ဇာနည်မောင်၊ အေးမင်းသူ

No comments:

Post a Comment