Latest News

Thursday, October 4, 2018

ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်း အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိ

ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်း အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိ

ရန်ကုန် အောက်တိုဘာ ၃

ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေး၍ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။

'' အမွေအနှစ် အဆောက်အအုံတွေကို ပြုပြင်ထိန်းသိမ်းဖို့ဆိုရင် ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲဆိုတာ ပညာပေးနေတာတွေ ရှိပါတယ်။ ကျွန်တော်တို့အဖွဲ့က အကြံပေးတဲ့ လုပ်ငန်းပေါင်းစီမံကိန်း ၁၀၀ ကျော်ရှိပါတယ်။ သုတေသနတွေလည်း လုပ်ပါတယ်။ ရန်ကုန်မှာ ဘယ်လိုနေရာမျိုးမှာတော့ ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်သင့်တယ်၊ ဘယ်လိုနေရာမျိုးမှာတော့ နဂိုအတိုင်းထားသင့်တယ်၊ သမိုင်းကြောင်းဆိုင်ရာတွေ ပိုပြီးသိလာအောင် သမိုင်းသုတေသနတွေ လုပ်ပါတယ်'' ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ စီမံကိန်းအရာရှိ ဦးသူရိန်အောင်က ပြောသည်။

အဆိုပါ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့် စနစ်တကျရှိလာစေရန် အစိုးရအဖွဲ့နှင့် တိုင်ပင်ဆွေးနွေး၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

''ထိန်းသိမ်းစောင့်ရှောက်တဲ့လုပ်ငန်းမှာ လက်တွေ့လုပ်မယ့် လက်သမားတွေ၊ ပန်းရန်သမားတွေက မူလလက်ရာမပျက်အောင် ဘယ်လိုထိန်းသိမ်းမလဲ၊ ဘယ်လိုနည်းပညာတွေသုံးရမလဲဆိုတဲ့ အသိပညာပိုင်း၊ အတတ်ပညာပိုင်း ဆိုင်ရာတွေကိုလည်း ကျွန်တော်တို့ သင်တန်းပို့ချပေးတယ်'' ဟု ဦးသူရိန်အောင်က ပြောသည်။

ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အနေဖြင့် ရန်ကုန်မြို့လယ်တွင် ရှေးဟောင်းအမွေအနှစ် စာရင်းကောက်ယူခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ မြေပုံပေါ်တင်ခြင်း စသည့်လုပ်ငန်း များကို ဆောင်ရွက်ပြီးစီး၍ ဗဟန်းမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် ဆက်လက် ဆောင်ရွက်လျက် ရှိရာ ပြီးစီးသလောက်ရှိပြီဖြစ်ကြောင်းသိရသည်။

သတင်း-ဇာနည်မောင်၊ ဓာတ်ပုံ-စောသိန်းဝင်း

No comments:

Post a Comment