တာချီလိတ်၌် အမျိုးသမီးတစ်ဦးအား လက်နက်ပြ ခြိမ်းခြောက်ခေါ်ဆောင်မှုဖြစ်
တာချီလိတ် အောက်တိုဘာ ၃
မြန်မာ-ထိုင်း-လာအို နယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်း ယနေ့နံနက်ပိုင်းက အမျိုးသမီးတစ်ဦးအား ပြန်ပေးဆွဲသည့်အသွင် မင်းမဲ့စရိုက်ဆန်ဆန် လက်နက်များဖြင့် ခြိမ်းခြောက်ခေါ်ဆောင်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၃ ရက် နံနက် ၈ နာရီခွဲခန့်က တာချီလိတ်မြို့မှ လာအိုနယ်စပ်ဝမ်ပုံကားလမ်းမပေါ်ရှိ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာ တွင် နေထိုင်ပြီး အိမ်ဆိုင်ဖွင့်လှစ်ထားသည့် ဦးအိုက်ကျောက် (၄၃ နှစ်)သည် နေအိမ် အတွင်း တီဗွီကြည့်နေစဉ် နေအိမ်ရှေ့ဈေးဆိုင်တွင် ဈေးရောင်းနေသည့် ဇနီးဖြစ်သူ ဒေါ်အီနန်း (၅ဝ နှစ်)၏ အော်သံကြားသဖြင့် အိမ်ရှေ့သို့ထွက်ကြည့်ရာ ဦးထုပ်များ ဆောင်းထားပြီး မျက်နှာဖုံးတပ်ထားကာ သေနတ်ကိုင်ထားသူနှစ်ဦးက ဒေါ်အီနန်း အား သေနတ်ဖြင့်ချိန်ထားပြီး အခြားသူနှစ်ဦးက ဒေါ်အီနန်းအား ချုပ်ကိုင်ကာ အတင်း ဆွဲခေါ်နေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်းတို့က ဦးအိုက်ကျောက် အိမ်အတွင်းမှထွက်လာသည်ကိုတွေ့သောအခါ သေနတ်ဖြင့်ချိန်ထားပြီးနောက် အိမ်ရှေ့တွင် အသင့်စောင့်ဆိုင်းနေသည့် မော်တော် ယာဉ်ပေါ်သို့ ဒေါ်အီနန်းအား အတင်းအဓမ္မတင်ဆောင်ကာ ဟွေလုကျေးရွာဘက်သို့ မောင်းနှင်ထွက်ခွာသွားသဖြင့် ဦးအိုက်ကျောက်က ဝှေလေလန်ပူးပေါင်းစစ်ဆေး ရေးဂိတ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
သတင်းအရ ဝမ်ပုံနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်မောင်မောင်စိုးနှင့် တပ်ဖွဲ့ဝင် များက အခင်းဖြစ်နေအိမ်အား သွားရောက်စစ်ဆေးရာ ဒေါ်အီနန်းက အကြွေးငွေများ ပေးဆပ်ရန်ရှိသည်ကို မပေးဆပ်သည့်အတွက် အကြွေးများပြန်လည်ရရှိရန် ပြန်ပေး ဆွဲသွားခြင်းဖြစ်ကြောင်း သိရပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ဝမ်ပုံနယ်မြေရဲစခန်းက အမှုဖွင့်စုံစမ်းနေကြောင်း သိရသည်။
မောင်ယဉ်ကျေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment