Latest News

Sunday, October 21, 2018

အဆင့်မြင့်မင်္ဂလာဈေးသစ်တည်ဆောက်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်

အဆင့်မြင့်မင်္ဂလာဈေးသစ်တည်ဆောက်ခြင်းလုပ်ငန်း
စတင်ဆောင်ရွက်

ရန်ကုန်  အောက်တိုဘာ  ၂ဝ

ရန်ကုန်မြို့တွင်  လက်ကားဈေးကြီးတစ်ခုဖြစ်သော အဆင့်မြင့် မင်္ဂလာဈေးသစ် တည်ဆောက်ခြင်းလုပ်ငန်းအတွက်  ဘိုးပိုင်လုပ်ငန်းများနှင့် ကြိုတင်လုပ်ဆောင် ခြင်းလုပ်ငန်းများကို  စတင်ဆောင်ရွက်လျက်ရှိကြောင်း ဈေးသစ်တည်ဆောက် ရေး စီမံကိန်းလုပ်ငန်းခွင်မှ သိရသည်။

''ဆေးပစ္စည်းဆိုတာ အပူချိန်ကြောင့် ပျက်စီးရလွယ်ပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးကိုဖြန့်ချိနေတဲ့ပစ္စည်းမို့လို့ ဆေးရောင်းသူတွေ ထိန်းသိမ်းမှုအဆင် ပြေစေဖို့အတွက်  အပူချိန်ထိန်းညှိပေးတဲ့  သိုလှောင်ရုံငယ်တွေကို ဈေးသစ် တည်ဆောက်ရေးမှာ ထည့်သွင်းသွားမှာပါ။ ဈေးသစ်ကြီးတည်ဆောက်ပြီးစီးပြီ ဆိုရင်တော့ ကုန်တင်၊ ကုန်ချစနစ်တွေ၊ ကား အဝင်၊ အထွက် စနစ်တွေလည်း အများကြီး တိုးတက်ပြောင်းလဲလာတော့မှာ ဖြစ်ပါတယ်။ Smart Building  ဖြစ်အောင်                             
လုပ်ဆောင်နေပြီး ဈေးလုံခြုံရေးအတွက် ဗဟိုထိန်းချုပ်မှု စနစ်ကနေ   စောင့်ကြည့်တဲ့ပုံစံများကိုပါ  ထည့်သွင်း ဆောက်လုပ်မှာဖြစ်ပါတယ်။ ဈေးသစ်အတွင်းမှာ အဓိက ကတော့ ယာဉ်ရပ်နားတာထက် သယ်ယူပို့ဆောင်ရေးကို မြန်ဆန်စွာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ကားတစ်စီးက ကုန်ပစ္စည်းချဖို့ကြာနေတယ်ဆိုရင် နောက်က စောင့်နေတဲ့ ကားအတွက်  အချိန်ကြာမြင့်မှုကို  ဖြစ်ပေါ်စေပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ကSmart System ကို ထည့်သွင်းလုပ်ဆောင်ထားပြီး ဒီSmart System က ကားအစီးရေ ၅ဝ ကုန်တင်၊ ကုန်ချလုပ်ပေးဖို့ကို တစ်ပြိုင် တည်း စီမံခန့်ခွဲပေးသွားမှာ ဖြစ်ပါတယ်။ အဆောက်အအုံ ထဲက ယာဉ်သွားတဲ့လမ်းကြောင်း ဧရိယာမှာ ကုန်တင်၊ ကုန်ချ လုပ်နေချိန်အတွက် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပွား စေဖို့ ကြိုတင်စီမံထည့်သွင်းဆောက်လုပ်မှာ ဖြစ်ပါတယ်''ဟု မင်္ဂလာဈေးသစ်တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင် ရှိ  ဆောက်လုပ်ရေးကုမ္ပဏီမှ  မန်နေဂျင်းဒါရိုက်တာ ဒေါက်တာနေလင်းထွန်းက ပြောသည်။

အဆိုပါ အဆင့်မြင့်မင်္ဂလာဈေးသစ်တည်ဆောက်ရေးစီမံကိန်းအား မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဗညားဒလ လမ်းနှင့် စက်ရုံလမ်းထောင့်၌ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီပိုင်   မြေနေရာအကျယ်အဝန်း       ၈ ဒသမ ၂၆၈ ဧကပေါ်၌ ဆန်းမြတ်ထွန်း ဆောက်လုပ် ရေးကုမ္ပဏီက အကျိုးတူပူးပေါင်းဆောင်ရွက်နေခြင်းဖြစ် ပြီး ဈေးသစ်တည်ဆောက်ရေးစီမံကိန်းအတွက် ငွေကျပ် ၆၈ ဘီလီယံ အကုန်အကျခံကာ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ ဈေးသစ်တည်ဆောက်သည့် စီမံကိန်းဧရိယာ အတွင်း မြေညီထပ်နှစ်ထပ်အပါအဝင် အထပ်မြင့် ၁၅ ထပ်ရှိ ဈေးသစ်အဆောက်အအုံကို ဆောက်လုပ်မည်ဖြစ်ပြီး ဈေးသူ ဈေးသားများ နေ့စဉ်ဘဝဖြတ်သန်းမှု အဆင်ပြေ စေရန်နှင့်  ဈေးဝယ်သူများ  အဆင်ပြေစေရန်အတွက် မြေညီထပ်နေရာတွင် ဘဏ်များ၊ စားသောက်ဆိုင်များနှင့် နေ့စဉ်အသုံးအဆောင်ပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် အဆင့်မြင့်စူပါမားကက်ကိုပါ ထည့်သွင်းဆောက်လုပ်မည် ဖြစ်သည်။

မြေညီထပ်နှစ်ထပ်အပါအဝင် ခြောက်ထပ်မှ ၁၃ ထပ်အထိ ယာဉ်အစီးရေ ၇ဝဝ ကျော် ရပ်နားနိုင်မည့် ကားပါကင်နေရာပါဝင်မည်ဖြစ်ပြီး ကိုးထပ်နှင့် ၁ဝ ထပ် တွင် ဆိုင်ခန်းများနှင့် ကုန်လှောင်ရုံများ ပါဝင်မည်ဖြစ်ကာ ၁၁ ထပ်မှ ၁၃ ထပ်အထိ ရုံးခန်းများ ထည့်သွင်းဆောက် လုပ်မည်ဖြစ်သည်။ စီမံကိန်းအတွင်းရှိ ဆောက်လုပ်ရေး ကုမ္ပဏီမှရရှိမည့်  အပိုင်းနေရာတွင်  အထပ်ငါးထပ်မှ ရှစ်ထပ်အထိ ဆိုင်ခန်းပေါင်း ၁ဝဝဝ ကျော်ကို ထည့်သွင်း ဆောက်လုပ်မည်ဖြစ်ပြီး   မြေညီထပ်မှ   လေးထပ်အထိ ယခင်မင်္ဂလာဈေး မီးလောင်မှုကြောင့် ဈေးအတွင်းဆိုင်ခန်း များငှားရမ်းကာ ရောင်းချနေကြသည့် ဈေးသူ ဈေးသား များအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ က စီမံခန့်ခွဲကာ ပြန်လည်နေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအနေအထားအရ ဈေးသစ်တည်ဆောက်ခြင်း အတွက် ဘိုးပိုင်လုပ်ငန်းများနှင့် ကြိုတင်လုပ်ဆောင်ခြင်း လုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိပြီး ပြည်ပအတွေ့ အကြုံရှိသည့်  ကျွမ်းကျင်အင်ဂျင်နီယာ ၄၆ ဦးနှင့် လုပ်သား အင်အား ၆ဝဝ တို့ဖြင့်  ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မီးဘေးလုံခြုံရေးအတွက် အရေးပေါ် ထွက်ပေါက်ဂိတ်တံခါးများ ထည့်သွင်းဆောက် လုပ်မည်ဖြစ်ပြီး ဈေးပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်စေရေး အတွက် အစီအမံများချမှတ်ကာ တည်ဆောက်သွားမည်ဖြစ် ကြောင်း သိရသည်။

အဆင့်မြင့်မင်္ဂလာဈေးသစ် တည်ဆောက်ခြင်းလုပ် ငန်းအတွက် ပြီးခဲ့သည့် မေလတွင် ပန္နက်ရိုက်ပြီး ဆာဗေး လုပ်ငန်းများ   လုပ်ဆောင်ခြင်းနှင့်  အကြိုအင်ဂျင်နီယာ လုပ်ငန်းများကို  စတင်ဆောင်ရွက်ခဲ့ကာ  ဇူလိုင်လတွင်       ပိုင်ရိုက်ခြင်းလုပ်ငန်းများ စတင်ခဲ့ကြောင်းနှင့်   စတင် တည်ဆောက်ချိန်မှ လပေါင်း ၃ဝ အတွင်း အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း  အဆင့်မြင့်မင်္ဂလာ ဈေးသစ်တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်မှ သိရ သည်။     

 သတင်း-ပွင့်သစ္စာ၊ ဓာတ်ပုံ-စိုးမြင့်အောင်

No comments:

Post a Comment