Latest News

Wednesday, October 10, 2018

နရသိန်အကျဉ်းထောင်ထဲက သူလိုလူ ။ (၁၃)


မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးလို့  ကိုယ်တိုင်းပြည်ကို ကိုယ်လူမျိုးတွေ အုပ်စိုတဲ့အခါမှာ အာဏာငန်းငန်း လျှာတန်းလန်းနဲ့  အရပ်သားနိုင်ငံရေးသမားတွေ အုပ်ချုပ်ခဲ့တဲ့  ဖဆပလခေတ်မှာပဲဖြစ်ဖြစ် နိုင်ငံရေးအကျဉ်းသားတွေကို သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား သီးသန့် ထောင်အဖြစ် ဖွင့်လှစ်ခဲ့ပြီမှ နိုင်ငံတ၀ှမ်းလုံးက သာမန်အရပ်သူအရပ်သားတွေကိုပါ ကွန်မြူနစ်တံဆိတ်တပ် ရက်ရက်စက်စက်ကြီးကို နှိပ်ကွပ်ခဲ့ကြတာဖြစ်သည်။ ဗိုလ်နေ၀င်း တိုင်ပြည်ကို အာဏာသိမ်းပြီး မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ရောက်သည့်အခါမှာလဲ ပိုဆိုးလာခဲ့ပြီး ကိုယ်ထူကိုယ်ထ ကိုးကိုးကျွန်းလို ကျွန်အကျဉ်ထောင်များပင်ပေါ်ပေါက်လိုက်သေး၏။ ၁၉၈၈ စစ်အာဏာသိမ်းယူပြီးကတည်းက ဖမ်းဆီးခံနေကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ နေထိုင်ရေး၊ စားရေး၊ လုံခြုံရေးအခြေအနေဟာ အဆိုးတကာ အဆိုးဆုံ အဆင့်ကို ရောက်လာခဲ့တော့သည်။ ထောင်က ကျွေးမွေးသော အကျဉ်းသားရိက္ခာများကို အကျဉ်းဦးစီး ၀န်ထမ်းများက နည်းပေါင်းစုံ ခိုးယူစားသောက်ကြသဖြင့် အကျဉ်းသားတိုင်း ထောင်တွင်း ဖမ်းဆီးချုပ်နှောင်ခံပြီး မိမိတို့ လုပ်အားများပေးဆပ်နေကြရသော်လည်း အဟာရမလုံလောက်မှုတို့ ကြောင့် ကျန်းမာရေးထိခိုက်ပြီး သေဆုံးကြရသည်။

မိမိတို့ ၏ မိသားစုများ၏ အကူအညီ အစားအသောက်များကို မှီခိုးလာကြရသည်။ နည်းပေါင်းစုံနဲ့ အသက်ရှင်သန်ရေးအတွက် အစားအသောက်ရရန်ကြိုးစားကြသည်။ ရာဇ၀တ်အကျဉ်းသားတွေကြားမှာတော့ တဦးနဲ့ တဦး ဗိုလ်ကျစားသောက်နေထိုင်မှုတွေ ထွန်းကားလာခဲ့ပြီး ထောင်စကား ချွတ်ခွာ-လိုင်းဝင် စသည့်စကားများ မကြားချင်မှ အဆုံးကြားနေခဲ့ကြရသည်။ ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို အနိုင်ကျင့် ဗိုလ်ကျ လိုင်းဆိုသော လာဒ်ပေး လာဒ်ယူမှုတွေ လုပ်ကြပြီး အကျဉ်းသားအချင်းချင်းက အကျဉ်းသားအချင်းချင်ွးကြား ကြီးနိုင်ငယ်ညှင် ချွတ်ခွာလုပ်ပြီး စားသောက်နေထိုင်ကြသည်။ နိုင်ငံရေးအကျဉ်းသားတွေက အချင်းချင်း ကူညီပေးကမ်း လက်တွဲခေါ်သော စားသောက်နေထိုင်ခြင်တွေနဲ့  ထောင်တွင်း ရပ်တည်နေထိုင်ခဲ့ကြသည်။ အဘရှိန် တောင်ငူထောင်သို့  ပြောင်းရွေ့ ခံရခြင်းးကြောင်း သမီးဖြစ်သူမှာ ယောကျင်္ာဖြစ်သူ၏ ထောင်ဝင်စာကတဖက်၊ စီးပွားရေးက တဖက်နဲ့  ထောင်ဝင်စာ အလာကျဲခဲ့သည်။ ထောင်တွင်းနေထိုင်မှုပုံစံအတိုင်း ရှိသူရော မရှိသူရော မျှတ စာသောက်ကြသောစနစ်ကြောင့် အဆင်အထိုက်အလျောက်ပြေခဲ့ရသည်။ သူ၏ တောင်ငူထောင်တွင်းရပ်တည်ခဲ့ရပုံက အင်းစိန်ထောင်ထက် ပိုခတ်ခဲခဲ့ရသည်။ သို့ သော်လည်း သူ၏ကြံရည်ဖန်ရည်တို့ ကြောင့် အားလုံးအဆင်ပြေခဲ့ပါသည်။ ကျနော်မသိခဲ့သော အဘရှိန်၏ တောင်ငူထောင်ဖြတ်သန်းမှုအကြာင်းတွေကို ပြောပြနိုင်ခဲ့သူ နောက်တယောက်ရှိသေးသည်။ သူက အရှင်ဦဇ၀န(ရွှေပြည်သာစာသင်တိုက်)ဖြစ်သည်။ ဆရာတော်က ကျနော်တို့  အဘရှိန်တို့ နဲ့  အင်းစိန်သီးသန့် ထောင်မှာ အတူနေထိုင်ခဲ့ပြီး စောစီးစွာ နယ်ထောင်များသို့ ပြောင်းရွေ့ ခံလိုက်ရသူဖြစ်သည်။ သူက သူ၏ထောင်ပြောင်းအတွေ့ အကြုံ့ များကို ပြောပြရင်း အဘရှိန်နဲ့ သူ တောင်ငူထောင်မှာ ပြန်ဆုံခဲ့ကြပုံကို အခုလို ကျနော်အားပြန်ပြောပြခဲ့သေးသည်။

‘’’’’’’’’’’ဦးဇင်းက သာယာဝတီထောင်ကို အရင်ပြောင်းခံခဲ့ရတာ ။ သာယာဝတီထောင်ရောက်မှ ကျန်မာရေးမကောင်းဖြစ်လာလို့  သာယာဝတီထောင်ကနေ ဆေးကုဖို့ အင်းစိန်ကိုပြောင်း ဆေးကုပြီးမှ အင်းစိန်ကနေ တောင်ငူထောင် ပို့ခံလိုက်ရတာပဲ။ အဲ့ဒီရောက်တော့မှ ငါးနှစ်ကြာ ကွဲကွာနေကြရတဲ့ မိတ်ဆွေဟောင်းတွေနဲ့ တချို့နဲ့ ပြန်တွေ့ရတယ်။ အဲဒီတုန်းက အဘက တောင်ငူထောင် ၂ တိုက်၊ ဦးဇင်းက တောင်ငူထောင် ၄ တိုက်မှာပေါ့ ။ အင်မတန် သဘောကောင်းတဲ့ ထောင်ပိုင်ကြီး ဦးငွေစံ လက်ထက်မှာ တနေရာနဲ့ တနေရာ လွတ်လွတ်လပ်လပ် သွားနေရတယ်။ အဲဒီတော့ မိတ်ဆွေဟောင်းဖြစ်ခဲ့တဲ့ အဘနဲ့ အမြဲတမ်းဆုံတွေ့ ဖြစ်နေတယ်ဆိုပါတော့ကွာ။ အဘက ထောင်ဝင်စာ ကျဲတယ်။ အဘကို ထောင်ဝင်စာလာတွေ့တဲ့ သမီးခများလည်း ယောက်ျားဆီ ပြေးရ၊ ဖအေ့ဆီ ပြေးလာရနဲ့ ဖတ်ဖတ်ကို မောနေခဲ့တာပဲ ။ နှစ်ယောက်ဝန် ထမ်းနေရတာမို့ သာမန်လူတွေလို ပုံမှန်ထက် ရက်တွေကြာမှ လာတွေ့နိုင်တာလေ။ ဒါပေမယ့် အဘ အခက်အခဲမရှိဘူး။ ထောင်ထဲ နေထိုင်နည်းကို ကျေကျေညက်ညက် ကြီး သဘောပေါက်ထားသူကွ ။ ကိုယ့်တို့ ရဲဘော်တွေက အဘကို ဝိုင်းဝန်းကူညီကြပါတယ်။ တခုထူးခြားတာက အဘကို လူငယ်တွေက ချစ်တယ် ။ မမှန်ဘူးထင်ရင် သူ့လူကိုယ့်လူ မခွဲခြားဘဲ ပြောဆိုတတ်တဲ့ အကျင့်တခုကလည်း လူငယ်တွေ လေးစားတဲ့အကြောင်းပဲ ။ လူငယ်တွေက သူ့ကို ချစ်စနိုးနဲ့ နောက်ပြောင်တဲ့အခါ အပြုံးမပျက် တုံ့ပြန်တတ်တာက အဘကို လူချစ်လူခင် ပိုများကြတယ် ။ ထောင်ဝင်စာ မှန်တဲ့သူတွေက ထောင်ဝင်စာကျဲသူ အဘတို့လိုလူမျိုးတွေဆီ စားစရာ မုန့်ပဲသရေစာနဲ့ အမဲကြော်၊ ငါးကြော်၊ ငါးပိကြော် စတာတွေကို နိုင်သမျှ မျှဝေပေကြတယ်။ ဒီအခါမှာ အဘရဲ့ ထောင်တွင်းနေထိုင်မှု အတတ်ပညာကို တွေ့လိုက်ရတာပါပဲ။ အဘက တောင်ယာ အမြဲစိုက်တယ်။ သူနေထိုင်တဲ့တိုက်တင်မက အခြားတိုက်တွေက ရဲဘော်တွေကိုပါ မျှဝေနိုင်တယ်။ အသီးအနှံစားချင်ရင် အဘကို ပြောလိုက်တာနဲ့ သူ့တောင်ယာထွက် သီးနှံတခုခုကတော့ ရစမြဲပဲ။
အဘရှိန်ကလဲ သူ့ကို ရဲဘော်တွေ မျှဝေပေးထားတဲ့ ငါးပိကြော်၊ ငါးခြောက်ကြော်တွေကို တောင်ယာထွက် သီးနှံတွေနဲ့ ပွားပြီး ချက်ပြုပ်စားတယ်။ အနေချောင်တော့ ခိုးချက်ပြုပ်စားသောက်လို့  ရတော့ သူအတွက် အတော်ကလေးကို အဆင်ပြေတာ။ အဲဒီတော့ အဘဆီမှာ ဟင်းက မပျက်ဘူး။ ငါးပဲကြော်ကို ဖိုကြီးက ပုံစံ ငါးပိနဲ့ ထပ်ရောလိုက်တော့ စားမရတဲ့ ပုံစံငါးပိကလည်း စားကောင်းတဲ့ ငါးပိကြော်တခွက်ဖြစ်သွားတယ်လေ။ မူလ ငါးပိကြော်ထက် လေး၊ ငါးဆ ကွာသွားတယ်။ ငါးခြောက်ကြော် စတာတွေကိုလည်း တောင်ယာထွက် ချဉ်ပေါင်ရွက်မျိုးနဲ့ ပြန်ရောကြော်ပြီး ပွားထားတယ်။ ငါးခြောက်ကြော် တယောက်စာဟာ အခန်းနေသူ သုံးယောက်အတွက် တလစာ ဟင်းတခွက်ဖြစ်သွားတယ်။ ထောင်ဝင်စာ လာတဲ့သူတွေကသာ ဟင်းကုန် သွားမယ်။ ထောင်ဝင်စာမလာတဲ့ ဘရှိန်ဆီမှာ ဟင်းမပြတ်ဘူး။ ထောင်ဝင်စာလာတဲ့သူတွေကိုတောင် သူက ဟင်းတွေ ပြန်မျှရသေးတယ်။ ၂၀၀၃ မှာ အဘနဲ့အတူနေဖို့ ကြုံလာတယ်ပေါ့။ လွတ်လူတွေ တော်တော်လေးများလာတော့ တိုက်တွေမှာ လူတွေနည်းသွားတယ်။ အဲဒီမှာ နှစ်တိုက်တတိုက် ပေါင်းတော့ အဘတို့ တိုက်က လူတွေအကုန်လုံး ဦးဇင်းတို့ တိုက်မှာ လာပေါင်းကြတယ်။ အခု အန်အယ်လ်ဒီက အန်ကယ်လ် ဦးအုန်းကြိုင်တို့က အဘရှိန်တို့နဲ့အတူ ဦးဇင်းတို့ တိုက်ကိုပါလာကြတာပေါ့။ အဘဦးရှိန်တင်က ဦးဇင်းနဲ့ တခန်းတည်းနေရတယ်။ ဒီတော့မှ အဘနဲ့ အနီးကပ်နေရတာပါ။ ယုံကြည်ရာ အရ သူနဲ့ကိုယ် ဘယ်လိုမှ သဘောမတူနိုင်ပေမယ့် အဘနဲ့ နေလို့ရပါတယ်။ အဘနဲ့ သဘောမတူတာတွေ များစွာကို ပြောဖြစ်ကြတယ်။ သူကတော့ သူ့ပါတီရဲ့အမြင်ကနေ ပြောတာချည်းပဲ။ ဒါကလဲ သူပါတီက ပစ္စည်မဲ့ လူတန်းစာကို ကိုယ်စားပြုတဲ့ပါတီဆိုတော့ သူကလဲ ပစ္စည်းမဲ့ လူတန်းစားအမြင်နဲ့ ပြဿနာတိုင်ကို ချဉ်းကပ်တယ်။ ဦးဇင်းကလဲ ဘာသာရေးသမားဆိုတော့ ဘာသာရေး ရှုထောင့်ကနေ ချဉ်းကပ်ကြတော့ အမြင်မတူတာတွေတော့ ရှိတာပေါ့။ ရဲဘော်ရဲဖက် အာဏာရှင်လက်အောက်မှာ အတူစား အတူနေ အတူအနှိပ်စက် ညှင်းပန်းခံဘ၀တွေ ဆိုတော့ တယောက်ကိုတယောက် နားလည်မှုတွေ ရှိကြရတာပေါ့။ ‘’’’’’

ဦးဇင်းဦးဇန၀က ကျနော်ကို ပြန်တွေ့ တဲ့အခါမှာ သူရဲ့ထောင်အတွေ့ အကြုံတွေ ပြန်ပြောပြရင် သူနဲ့ အတူနေထိုင်ခဲ့ရသော ကျနော်သိလိုသည့် အဘရှိန်၏ တောင်ငူထောင်တွင်း စားသောက်နေထိုင် ဖြတ်သန်းခဲ့ပုံတွေကို ပြောပြရင်းက အဘရှိန်ရဲ့ နောက်ဆုံးနေ့ ရက်များအတွင်းက သူ၏ ကျန်းမာရေး ချို့ယွင်းလာပုံကိုလဲ ၀မ်းပန်းတနည်း ပြောပြခဲ့ပြန်သေးသည်။

‘’’’’’’ဒီလို့ ကွ သူ့ ကျန်းမာရေးက ငါနဲ့ ပြန်တွေ့ ကာစက အကောင်းပဲ။ နောက်ပိုင်းမှာ အဘမှာ မကြာခဏ ဗိုက်အောင့်တတ်တဲ့ ရောဂါရှိတယ်။ ဗိုက်အောင့်တယ်လို့ ပြောတိုင်းလည်း ဆရာဝန်နဲ့ ဆေးမှူးက (ဂျဲလမက် ဆိုဒါမင့် ) စတဲ့ အစာအိမ်နဲ့ ပတ်သက်တဲ့ဆေးတွေ အဘကို ပေးတယ်။ အဘက သူ့ဗိုက်ကို ပရုပ်ဆီ လိမ်း အဝတ်နဲ့ပတ်လိုက်မှ သက်သာတယ်လို့ ယုံတယ်။ ဒါ့ကြောင့် ထောင်ဝင်စာမှာပါတဲ့ ပရုတ်ဆီ စတာတွေကို အဘ အတွက် သီးသန့်ထားပေးရတယ်။ ဒါကတော့ တလ တကြိမ်လောက် ခံစားနေရတဲ့ ရောဂါပဲ။ တခါတလေ နာရီပိုင်းနဲ့ ပျောက်သွားတယ်။ ဒီတော့လည်း သူက သိပ်အလေးမထားဘူး။ သူ့ရောဂါက ပရုပ်ဆီနဲ့တင်ပျောက်တယ်လို့ သူက စွဲမှတ်ထားတာကို။ ၂၀၀၃ နှစ်ကုန် ၂၀၀၄ နှစ်ဆန်းလောက်မှာ အဘ ဗိုက်အောင့်တာ ရက်စိပ်လာတယ်။ တခါတခါ ဖြစ်ရင် နာရီပိုင်း အချိန်ပိုင်းနဲ့ မပျောက်တော့ဘူး။ သက်သာသွားလည်း ခဏပဲ။ ဆရာဝန်ကတော့ အစာအိမ်ဆေးတွေပဲ ပေးတယ်။ တနေ့မှာ ၅ ည တွေနဲ့ အင်မတန်ရင်းနှီးတဲ့ ဆေးမှူးတယောက်ရှိတယ်။ သူ့ နာမည်က အော်လန်ဒို တဲ့။ ဆေးရုံက ရောဂါသည်တိုင်းကို သူက အင်မတန် ဂရုစိုက်တယ်။

နိုင်ငံရေးသမားတွေကို လည်း လေးစားတယ်။ သူ့ကို သေသေချာချာတိုင်ပင်ပြီး ဗိုက်အောင့်တာကို စမ်းခိုင်းတယ်။ သူက ဆရာဝန် ညွှန်ကြားလို့သာ အစာအိမ်ဆေးတွေ ပေးနေရပေမယ့် ရောဂါမသက်သာလာတာကို မူတည်ပြီး ဆေးရုံ တက်ခိုင်းတယ်။ ဒါနဲ့ အဘ ဆေးရုံပေါ်ရောက်သွားတယ်။ ဆေးရုံပေါ်ရောက်လို့ တရက် နှစ်ရက်မှာပဲ အဘ ခြေထောက်တွေ ဗိုက်တွေ ဖောရောင်လာတယ်လို့ သတင်းစကား ကြားရတယ်။ အဘ မသက်သာဘူးတဲ့။ ဒီတော့မှ အဘရောဂါကို အစာအိမ်မဟုတ်ဘူး။ အသည်းရောဂါလို့ ဆရာဝန်ကပြောင်းပြီး နာမည်တပ် တော့တယ်။ နှစ်ရှည်လများ အစာအိမ်ရောဂါထင်ပြီး ပေးခဲ့တဲ့ဆေးတွေဟာ ခုလို အသည်းအသန်ဖြစ်မှ ဆရာဝန်လည်း မှားမှန်းသိတယ်။ ‘’’’’’’’’’

မြန်မာနိုင်ငံအကျဉ်းထောင်တွေ၊ ရဲဖက်စခန်းတွေမှာ အကျဉ်းကျနေကြသော အကျဉ်းသားတိုင်းဟာ လူစိတ်ကင်းမဲ့တဲ့ ဆေးဝန်ထမ်းအများစု၏ ဆေးဝန်ထမ်း ကျင့်ဝတ်မညီတဲ့ လက်လွတ်ဆံပယ် အနာတခြား ဆေးတခြား ကုသပေးမှုတွေကြောင့် မိမိတို့ တွင် ခံစားနေရသော ရောဂါအခြေအနေဟာ ဆိုးဝါးကာ နောက်ဆုံး အသက်ဆုံးရှုံးကြရသည့် အဖြစ်များ ကြုံ့ တွေကြရသည်။ ထိုအဖြစ်ဆိုးမျိုးကို အဘရှိန်ခံစားသွားခဲ့ရကြောင်း ကြားသိရသောအခါ စိတ်မကောင်းဖြစ်ခဲ့ရသည်။ အဘရှိန်ကို နောက်ဆုံးအခြေအနေရောက်တဲ့ အခါမှာ အရင်ဆုံး တောင်ငူထောင်တွင်းဆေးရုံးသို့ အရင်ဆုံးတက်ခွင့်ပြုလိုက်သည်။
ထောင်းတွင်းဆေးရုံရောက်သည်အခါမှာတော့-------

‘’’’’’’’’ထောင်တွင်းဆေရုံတင်လိုက်ချိန်မှာ အဘရှိန်ရောဂါဝေဒနာက အတော်ဆိုးနေပြီကွ။ အရင်ဆုံး အဘဗိုက်ထဲက ရေတွေကို စုတ်ထုတ်ရမယ်။ အဘလွတ်ဖို့ကလည်း လပိုင်းပဲ လိုတော့တယ်လေ။ ရဲဘော်တွေ အားလုံးက အဘကို ကျန်းကျန်းမာမာနဲ့ အပြင်လောကကို ပြန်ရောက်သွားစေချင်ကြတယ်။ ဆေးရုံမှာ အမြဲဆေးရုံတက်နေရတဲ့ နိုင်ငံရေးသမားတချို့ ရှိတယ်။ ပြင်းထန်တဲ့ သူတို့ရဲ့ ရောဂါတွေကြောင့် ကျပ်တည်းကျဉ်းမြောင်းတဲ့ တိုက်ခန်းထဲကိုပြန်မပို့ဘဲ ဆေးရုံမှာပဲ ထားရသူတွေပေါ့။ သူတို့ကတော့ ပြင်းထန်တဲ့ ASTHMA ရောဂါသည် ဆရာဦးဌေးလှိုင်ရယ် ။ အရိုးကြီးပေါင်းတက်ရောဂါကြောင့် တိုက်မှာ ထားလို့မရတဲ့ သုံရောင်ခြယ်ကျောင်းသားအဖွဲ့ ထဲက ကိုမြတ်စံရယ် ဆေးရုံဆောင်မှာ ရှိနေကြတော့ အဘအတွက် ကံကောင်းတယ်။ အဘကို အပြင်ဆေးရုံတက်ခွင့်ရအောင် သူတို့တွေက ဝိုင်းတိုက်တွန်းကြ ထောင်ပိုင်ကိုပြောကြဆိုတော့ တာဝန်ကျတဲ့ ထောက်လှမ်းရေးလည်း အပြေးအလွှားရောက်လာတယ်။ အဘကို သူတို့ အပြင်ဆေးရုံ တင်ပေးလိုက်တယ်။’’’’’’’’’’’

အဘရှိန်ရဲ့ နောက်ဆုံးနေရက်တွေ အကြာင်းကို တောင်ငူထောင် (၄)တိုက်ထဲမှာ အတူနေခဲ့ဖူးတဲ့ ဆရာတော်ဦးဇ၀နက ကြေကွဲစို့ နစ်စွာ ကျနော်အားပြောပြခဲ့သည်။ အဘရှိန်ဟာ လူချစ်လူခင်ပေါများသူမို့ သူ၏ ဆုံးရှုံးမှုအတွက် တောင်ငူထောင်တွင်းရှိ လူငယ်ကျောင်းသား ရဲဘော်များ၊ နိုင်ငံရေးသမားများ၊ သူ့ ၏ ဗမာပြည်ကွန်မြူနစ်ရဲဘော်များက စိတ်မကောင်းဖြစ်ခဲ့ကြရတော့သည်။ သူမဆုံးခင်လေးမှာ တောင်ငူထောင်ဆေးရုံးသို့ ရောက်လာခဲ့ပုံလေးအား ဆရာဦးဌေးလှိုင်က အခုလို ပြန်ပြောင်းပြောပြခဲ့သေးသည်။

(ဆက်ရန်)

ထွန်းထွန်း(အရေးတော်ပုံတပ်သား)

No comments:

Post a Comment