Latest News

Thursday, October 4, 2018

အိပ်မက်များ အမှန်ဖြစ်လာခဲ့သော ငဝန်တံတား(လေးမျက်နှာ)



အိပ်မက်များ အမှန်ဖြစ်လာခဲ့သော ငဝန်တံတား(လေးမျက်နှာ)

သာသနာ့အာဇာနည် ဆရာတော်ဘုရားကြီးများဖြစ်ကြသော ထွဋ်ခေါင်ဆရာတော် နှင့် ရွှေဟင်္သာဆရာတော်ဘုရားကြီးတို့၏ မွေးရပ်ဇာတိမြေဖြစ်သော ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့တွင် ယခုအခါ ငဝန်မြစ်ကိုဖြတ်၍  တံတား သစ်တစ်စင်း ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ ငဝန်မြစ်ကူးတံတား(လေးမျက်နှာ)သည် ယခုအခါ တည်ဆောက်ပြီးစီးသွားပြီဖြစ်ပြီး တံတားနှင့်ယှဉ်တွဲအသုံးပြုရန် လမ်းများ ကိုလည်း စံချိန်မီလမ်းများဖြစ်အောင် တည်ဆောက်လျက်ရှိသည်။ မကြာမီ လုပ်ငန်း အားလုံး ရာနှုန်းပြည့်ပြီးစီးတော့မည်ဖြစ်၍ ပွင့်လင်းရာသီတွင် တံတားဖွင့်ပွဲကျင်းပ နိုင်မည်ဖြစ်ကြောင်း သိရသည်။
ငဝန်မြစ်ကူးတံတား(လေးမျက်နှာ)သည် ပုသိမ်-မုံရွာလမ်းသို့ ဆက်သွယ်သော အလယ်ဝင်ပေါက်ဖြစ်ပြီး ပထမဝင်ပေါက်မှာ ငဝန်မြစ်ကိုဖြတ်၍ တလုတ္ထော်-ဆုံကုန်း-အင်္ဂပူမှ ပုသိမ်-မုံရွာ လမ်းမကြီးသို့ဝင်သော ဆုံကုန်းတံတား၊ ဒုတိယဝင်ပေါက်မှာ ရေကြည်-ငါးသိုင်းချောင်းလမ်းမှ ငါးသိုင်းချောင်းတံတားဖြစ်ပြီး ယခုဆောက်လုပ် ခဲ့သော ငဝန်တံတား(လေးမျက်နှာ) တတိယဝင်ပေါက်တံတားဖြစ်သည်။ အဆိုပါ လေးမျက်နှာတံတားမှာ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာ-ခတ္တူ-ပန်းတောကြီး လမ်းပေါ်ရှိ ငဝန်မြစ်ကိုဖြတ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
တံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄) တံတားအထူးအဖွဲ့(၁၆)က တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားအရှည် မှာ ၁၉၆၈ ဒသမ ၆ ပေ၊ တံတားအကျယ် ၂၄ ပေနှင့် တစ်ဖက်တစ်ချက်တွင် လူသွား လမ်း ၂ပေစီ ပါဝင်သည်။ အမျိုးအစားမှာ Steel Box Girder, plate Girderနှင့်  R.C Girder အမျိုးအစားဖြစ်ပြီး ရေလမ်းကင်းလွတ်အမြင့် ပေ ၂ဝ နှင့် ရေလမ်း ကင်းလွတ်အကျယ် ၁၇၃ ပေ ရှိသည်။ တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း  ၇၅ တန်ဖြစ်ပြီး ကျပ်သန်းပေါင်း တစ်သောင်းကျော် အကုန်အကျခံ တည်ဆောက်ထား ခြင်းဖြစ်သည်။ ထို့အပြင် တံတားနှင့်ပနံသင့်မည့်လမ်းများကိုလည်း တိုးချဲ့ဖောက် လုပ်လျက်ရှိသကဲ့သို့ မြို့ဟောင်းဘက်ခြမ်းတွင် ကျန်ရစ်ခဲ့သော ထူပါရုံစေတီတော် ကြီးကို ရေတိုက်စားမှုမှကာကွယ်ရန် ကမ်းပါးထိန်းလုပ်ငန်းများကိုလည်း  ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သည်။
ယခင် ပါတီ/ကောင်စီခေတ်က လေးမျက်နှာမြို့ဟောင်းတွင် စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်  လာရောက်၍  စာပေဟောပြောခဲ့စဉ်က   လေးမျက်နှာမြို့သို့ ရထားတစ်တန်၊ ကားတစ်တန်၊   စက်လှေတစ်တန်ဖြင့်    နယ်စပ်မြို့တစ်မြို့ကဲ့သို့  ခက်ခက်ခဲခဲ အဆင့်ဆင့်သွားခဲ့ရပုံကို ဆရာကြီးရေးသားခဲ့သည့် ''သာ၍ဝေးရာဆီ ကိုပါ'' ဝတ္ထုတွင် ဖော်ပြခဲ့ပြီး  လေးမျက်နှာမြို့ကို  ဧရာဝတီတိုင်းဒေသကြီး၏ မဲဇာဟု တင်စား ရေးသားခဲ့ဖူးသည်။ 
အတိတ်ဆီကိုပြန်ကြည့်လျှင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာ မြို့နှင့် ငဝန်မြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှာ လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးအားနည်းကာ အထူးအားဖြင့် ရောင်စုံသူပုန်များရှိစဉ်က အတော်ကြီးဒုက္ခ ရောက်ခဲ့ရသော ဒေသများဖြစ်ခဲ့သည်။  ကောင်းကောင်း မအိပ်ရ၊ မစားရ၊ ကိုယ့်ရှိ တာတောင်ထုတ်မဝတ်ရဲကြ၊ ကျစ်ကျစ်လျစ်လျစ်သိမ်း၍ ညဘက်ဆိုလျှင် ရှောင်ပုန်း အိပ်ကြရပြီး လေးမျက်နှာမြို့ပေါ်မှာပင် တစ်နှစ်လျှင် နှစ်ကြိမ် သုံးကြိမ်လောက် တိုက်ပွဲ များဖြစ်ပွားနေခဲ့သည်။ ယခင်က ဗမာပြည်ကွန်မြူနစ်လောကတွင် နာမည်ကြီးနေ သော ဗိုလ်တစ်ဦးကို လေးမျက်နှာအနောက်ခြမ်း ရခိုင်ရိုးမတောတွင် ဖမ်းမိခဲ့ဖူးသည်။
အရှေ့ခြမ်းနှင့် အနောက်ခြမ်းရှိကျေးရွာများမှ လေးမျက်နှာမြို့သို့  လာရောက် လိုပါက နံနက် ၄ နာရီလောက်မှထ၍  ခြေကျင်လာကြရသည်။  အပြန်အတွက် ဓာတ်မီးများ ဆောင်လာရသည်အထိ ခက်ခဲသည်။  ဈေးရောင်းဈေးဝယ်ကိစ္စများ အတွက် မိုးတွင်းဘက်တွင် လှေများဖြင့်လာရောက်ကြရသကဲ့သို့ နွေဘက်တွင် လှည်း များဖြင့် သွားလာကြသူနှင့် ခြေကျင်လာရောက်ကြသူများလည်း ရှိကြသည်။ ဆောင်း အကုန်နွေအကူး စပါးဒိုင်များဖွင့်သည့်ရာသီတွင် စပါးဒိုင်များသို့ စပါးလာရောက် ပေးသွင်းသောလှည်းများဖြင့် လမ်းကြုံလိုက်လာသူများရှိသည်။ လှေမပေါက် လှည်း မပေါက်သည့် သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလများတွင် သွားရေးလာရေး အတော်ဒုက္ခရောက်ကြရသည်။ အဆိုးဆုံးမှာ ကျန်းမာရေးအရ မသေသင့်ဘဲသေကြ ရသည်များဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးမကောင်းခြင်းကြောင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး ကဏ္ဍစုံတွင် နောက်ကျကျန်ခဲ့ရသည်။ ထိုအချိန်က ဧရာဝတီတိုင်းဒေသကြီးတွင် ငဝန်မြစ်အနောက်ခြမ်းရှိ လေးမျက်နှာမြို့နှင့် သာပေါင်း မြို့တို့မှာ အဘက်ဘက်မှ ဖွံ့ဖြိုးမှုအနည်းဆုံးဒေသများ ဖြစ်ခဲ့သည်။       
ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့သည့်ကြားတွင် လေးမျက်နှာမြို့မှာ ငဝန်မြစ်ရေတိုက် စားမှုကြောင့် မြို့တွင်းရှိ ခတ္တူရပ်ကွက်၊ မြို့မရပ်ကွက်နှင့် ခုံကြီးရပ်ကွက်တို့အနက် မြို့မရပ်ကွက်သည် အားလုံးနီးပါးရေတိုက်စား၍ ပျက်စီးသွားခဲ့သည်။ ထို့ကြောင့် မြို့ကို ငဝန်မြစ်အရှေ့ဘက်ခြမ်းသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ရသည်။ သို့သော် လည်း လူတို့၏ဒေသစွဲကြောင့် အရှေ့ဘက်ခြမ်းသို့ ပြောင်းမလိုက်ချင်ကြပေ။ ယခု နောက်ပိုင်းအချိန်များကျမှသာ မြို့မှာတဖြည်းဖြည်းနှင့် အသက်ဝင်လာခြင်းဖြစ်သည်။
ငဝန်မြစ်အနောက်ခြမ်းတွင် ပုသိမ်-မုံရွာ လမ်းမကြီး ဖောက်လုပ်ခဲ့ပြီးနောက် အနောက်ဘက်ကျေးရွာများမှ ပြည်သူများမှာ လေးမျက်နှာမြို့ပေါ်သို့ မလာတော့ပေ။ ငါးသိုင်းချောင်းမြို့နှင့် အင်္ဂပူမြို့နယ် ကွင်းကောက်ရွာကြီးသို့သာ ဈေးရောင်းဈေးဝယ် ကုန်ရောင်းကုန်ဝယ်ပြုလုပ်ကြသည့်အပြင်   အရှေ့ဘက်ခြမ်းအုပ်စုများကလည်း ဟင်္သာတမြို့နှင့် ငါးသိုင်းချောင်းမြို့များသို့သာ သွားရောက်ကြပြီး မလွှဲမရှောင်သာ အစိုးရရုံးကိစ္စများဖြင့်သာ လာရောက်ကြသည့်အတွက် မြို့မှာ ပိုမိုခြောက်ကပ်သွား ခဲ့သည်။
ရေလမ်းမပေါက် ကုန်းလမ်းမပေါက် အချိန်များတွင် လေးမျက်နှာမြို့သို့လာလိုသော တောင်သူလယ်သမားများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများမှာ ကား/ထော်လာဂျီတို့ ဖြင့် ကွင်းကောက်-တလုတ္ထော်-လေးမျက်နှာလမ်းနှင့် ငါးသိုင်းချောင်း- အိုင်သပြု-လေးမျက်နှာလမ်းတို့ဖြင့် လာရောက်ကြရသည်။ အချိန်ကုန်၊ ငွေကုန်၊ လူပန်း အခက် အခဲများကြောင့် လေးမျက်နှာမြို့သို့လာရန် ဝန်လေးကြသည်။
ယခုအခါတွင်မူ လမ်းပန်းဆက်သွယ်ရေးမှာ  ယခင်ထက်စာလျှင် တိုးတက်လာခဲ့ပြီး ရန်ကုန်မြို့ကြီးသို့ပင်  နေ့ချင်းပြန်သွားနိုင်နေပြီဖြစ်သည်။  ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် ဧပြီ ၁၉ ရက်က ကြေးမုံသတင်းစာတွင် ကျွန်တော်ရေးသားလိုက်သော ''ငဝန်တံတား တစ်စင်းတည်ဆောက်ပေးရန် အိပ်မက်မက်နေသော လေးမျက်နှာမြို့သူမြို့သားများ''ဆောင်းပါးလေးမှ  အိပ်မက်များသည်လည်း  ယခုအခါ အသက်ဝင်ခဲ့ပြီဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အနောက်ဘက်ခြမ်းနှင့် အရှေ့ခြမ်းမှ မြို့နယ်သူမြို့နယ် သားများအားလုံး၏  ပြင်းပြသောဆန္ဒအမှန်ဖြစ်သော ငဝန်တံတား(လေးမျက်နှာ)မှာ ငွားငွားစွင့်စွင့် ပေါ်ထွက်လာခဲ့၍ဖြစ်သည်။
ယခုအခါ အနောက်ဘက်ခြမ်း ပုသိမ်-မုံရွာ လမ်းမကြီးဘေးရှိ ပန်းတောကြီးရွာမှ လေးမျက်နှာမြို့ဟောင်း ထူပါရုံစေတီတော်မြတ်ကြီးသို့ နွေမိုးဆောင်းသွားလာနိုင်သည့်လမ်း ဖောက်လုပ်လျက်ရှိရာ ကွန်ကရစ်တံတားများလည်း လက်စသတ်နေပြီး လမ်းပိုင်းမှာလည်း ပြီးစီးရန် အနည်းငယ်သာလိုတော့သည်။ အဆိုပါ ပန်းတောကြီး-ထူပါရုံလမ်းပြီးပါက  ငဝန်မြစ်ကူးတံတားကြီးပေါ်မှဖြတ်သန်း၍ အနောက်ခြမ်းမှ လေးမျက်နှာ-ငါးသိုင်းချောင်း-ပုသိမ်လမ်းနှင့် လေးမျက်နှာ-ကွင်းကောက်-အင်္ဂပူ-မြန်အောင်-ကြံခင်းလမ်းသို့လည်းကောင်း၊ အရှေ့ဘက်ခြမ်းမှ လေးမျက်နှာ-ကွင်း ကောက်-ဟင်္သာတ-ညောင်တုန်း-ရန်ကုန်လမ်းနှင့်  လေးမျက်နှာ-အိုင်သပြု-ငါးသိုင်း ချောင်း-ပုသိမ်လမ်းများသို့လည်းကောင်း လမ်းကွန်ရက်များချိတ်မိကာ တစ်နိုင်ငံ လုံးသို့အရောက် အလွယ်တကူသွားနိုင်ပြီဖြစ်သည်။
ရာသီမရွေး အချိန်တစ်ခဏအတွင်းမှာပင် လေးမျက်နှာမြို့သို့ လာရောက်နိုင်ပြီ ဖြစ်၍ ခေတ်အမျိုးမျိုး ဘဝအဖုံဖုံကို ကျော်လွှားခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် လေးမျက်နှာ မြို့လေးကို စွန့်ခွာသွားသူများအနေဖြင့် လေးမျက်နှာမြို့သို့ တစ်ခေါက်တစ်ခါ အလည်ပြန်လာကြည့်ကြပါလို့   ဖိတ်မ္တက ပြုပါသည်။  ယနေ့  ငဝန်မြစ်ကူး လေးမျက် နှာ တံတားကြီးကို မြင်သွားစေချင်၊ တံတားကြီးပေါ်မှ ဖြတ်သန်းကျော်လွှားသွားကြည့် စေချင်လို့် ဖြစ်ပါသည်။
တစ်ခါက ဧရာဝတီ၏မဲဇာဟုဆိုခဲ့သော လေးမျက်နှာမြို့လေးမှာ ငဝန်မြစ်ကူး အိပ်မက်တံတားကြီး လက်တွေ့ပေါ်ပေါက်လာပြီဖြစ်သောကြောင့် လမ်းကွန်ရက်များ ချိတ်ဆက်မိ၍ အရှေ့၊ အနောက်၊ တောင်၊ မြောက် သွားလိုရာကို အချိန်တိုအတွင်း သွားလာနိုင်ပြီဖြစ်သည်။ သို့ပါ၍ အဝေးရောက် လေးမျက်နှာမြို့သူမြို့သားများ အနေ ဖြင့် အိပ်မက်များအမှန်တကယ်ဖြစ်လာသော  ငဝန်တံတား(လေးမျက်နှာ)ဆီသို့ ပြန်လည်လာရောက် ကြည့်ရှုခံစားကြပါရန် ဖိတ်ခေါ်လိုက်ရပါသည်။       

သန်းဦး(လေးမျက်နှာ)၊ ဓာတ်ပုံ-လှိုင်အေး (lma)

No comments:

Post a Comment